သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီနဲ့ Kofi Annan အလွတ်သဘောဆွေးနွေးမည်


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းလည်းဖြစ်၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ Mr. Kofi Annan
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းလည်းဖြစ်၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ Mr. Kofi Annan

ရခိုင်ပြည်နယ်ပြဿနာနဲ့ပါတ်သက်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ Mr. Kofi Annan နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့ အောက်တိုဘာလထဲမှာ အလွတ်သဘောဆွေးနွေးမှာဖြစ်ပါတယ်။ လုံခြုံရေးကောင်စီနဲ့ဆွေးနွေးဖို့ Mr. Kofi Annan ကမူအားဖြင့်သဘောတူထားပြီလို့ ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။ အင်္ဂါနေ့ကတော့ ရခိုင်အရေးကို ကုလသမဂ္ဂ နိုင်ငံရေးရာတာဝန်ခံက လုံခြုံရေးကောင်စီမှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။

မစုမြတ်မွန်က အပြည့်အစုံ ဆက်ပြီးတင်ပြပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနဲ့ပါတ်သက်လို့ ကုလသမဂ္ဂ နိုင်ငံရေးရာတာဝန်ခံ Jeffrey Feltman က လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကို အင်္ဂါနေ့က တခါးပိတ် အစီရင်ခံခဲ့ပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကို မြန်မာ့အရေးရှင်းလင်းဖို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တချို့က မေတ္တာရပ်ခံခဲ့ပြီးနောက် ရှေ့ပြေးအဖြစ်နဲ့ Mr. Feltman ကအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးခဲ့တာပါ။ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ပါတ်သက်ပြီး တတိယအကြိမ်ဆွေးနွေးပွဲကို လာမယ့် ၄ ပါတ်အတွင်းမှာကျင်းပမယ်လို့ လုံခြုံရေးကောင်စီဝင်တွေနဲ့ တွေ့ဆုံအပြီးမှာ Mr. Feltman ကသူ့ရဲ့ Twitter လူမှုကွန်ယက်ပေါ်မှာ အသိပေးထားပါတယ်။ ရခိုင်အရေးနဲ့ပါတ်သက်လို့ လုံခြုံရေးကောင်စီမှာ August လ ၃၀ ရက်မှာ တကြိမ်။ စက်တင်ဘာ ၁၄ ရက်နေ့မှာ တကြိမ်ဆွေးနွေးခဲ့ပါတယ်။ အင်္ဂါနေ့က ကုလသမဂ္ဂ နိုင်ငံရေးရာတာဝန်ခံရဲ့ တံခါးပိတ်အစီရင်ခံမှု မတိုင်ခင်ဒီဆွေးနွေးပွဲနဲ့ပါတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Francois Delattre က ဆွေးနွေးရတဲ့ ရည်ရွယ်ချက်ကို သတင်းထောက်တွေကို ခုလိုပြောခဲ့ပါတယ်။

“ဒီကနေ့ကတော့ အခြေအနေကို သုံးသပ်ပြီး နားလည်သဘောပေါက်အောင်ဆွေးနွေးတာပါ။ ဒုတိယအဆင့်ကို တက်နိုင်ဖို့ ပထမအဆင့် ဆောင်ရွက်တဲ့သဘောပါ။ ဒီလိုသိပ်အရေးကြီးတဲ့ကိစ္စကို လုံခြုံရေးကောင်စီမှာ ဆွေးနွေးသင့်တဲ့အတွက် ခြေလှမ်းစလိုက်တာပါ။ ကြာသပတေးနေ့ကျရင်တော့ ပိုပြီးအရေးကြီးပါတယ်။ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေရဲ့ ထင်မြင်ချက်တွေကို လူသိရှင်ကြား ထုတ်ဖော်ပြောကြဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ ရည်ရွယ်ချက်ကတော့ တခုထဲပါ။ စစ်ဆင်ရေးတွေရပ်ရမယ်။ လိုအပ်နေသူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ရမယ်။ ပြဿနာကို စစ်မှန်တဲ့ နိုင်ငံရေးအဖြေရှာဖို့ နိုင်ငံရေးဆွေးနွေးမှုတွေ စတင်ရမယ်။ ဒါကြောင့် ကြာသပတေးနေ့မှာ လုပ်ဖို့ကျွန်တော်တို့တောင်းဆိုထားတဲ့ ဆွေးနွေးပွဲကတော့ ဒီရည်မှန်းချက် ၃ ခု လက်တွေ့ဖြစ်လာနိုင်ရေးအတွက် အရေးကြီးတဲ့ဆောင်ရွက်မှုဖြစ်ပါလိမ့်မယ်။”

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးကို စက်တင်ဘာ ၂၈ ရက်နေ့ကျရင်ရှင်းပြမယ်ဖို့ မျှော်လင့်ထားတဲ့အတွက် ကြာသပတေးနေ့လို့ သူပြောသွားတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတပါတ်ကြာသပတေးနေ့မှာ အတွင်းရေးမှူးချုပ်က ရှင်းလင်းပြောနိုင်ဖို့ မသေချာသေးဘူးလို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Stéphane Dujarric ကအင်္ဂါနေ့တုန်းက သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

“လုံခြုံရေးကောင်စီမှာ အတွင်းရေးမှူးချုပ်က ဒီတပါတ်ထဲမှာ မြန်မာ့အရေး ရှင်းလင်းမယ်ဆိုတာ အခုအချိန်မှာ ကျွန်တော် အတည်မပြုနိုင်သေးပါဘူး။ အတိအကျပြောနိုင်တဲ့အခါ ကျွန်တော်တို့ ကြေညာပါ့မယ်။ လုံခြုံရေးကောင်စီမှာ အတွင်းရေးမှူးချုပ်ပြောမယ့် အကြောင်းကတော့ အရင်အတိုင်း ခပ်ရှင်းရှင်းပါပဲ။ ရခိုင်ပြည်နယ်ထဲမှာ စစ်တပ်နဲ့ လုံခြုံရေးတပ်တွေရဲ့စစ်ဆင်ရေးတွေ ရပ်ရပါမယ်။ လူသားချင်းစာနာ အကူအညီပေးသူအားလုံးကိုအကူအညီပေးခွင့်ပြုဖို့လိုတယ်။ ရခိုင်ပြည်နယ်ထဲမှာ စာရွက်စာတမ်း အထောက်အထားမရှိကြတဲ့ ရိုဟင်ဂျာတွေကို ဘယ်လိုသတ်မှတ်မှာလဲဆိုတာ အမြန်ဆုံး ဆုံးဖြတ်ဖို့လိုတယ်။ ဒီအချက်တွေကို လုံခြုံရေးကောင်စီမှာ အတွင်းရေးမှူးချုပ်ပြောဖို့ ပြင်ဆင်ထားပါတယ်။”

ရခိုင်ပြည်နယ်ထဲက ပဋိပက္ခတွေဖြစ်နေတဲ့နေရာတွေမှာ အကြမ်းဖက်အဖွဲ့တွေနဲ့ လုံခြုံရေးတပ်ဖွ့ဲဝင်တွေ တိုက်ခိုက်နေသေးလားဆိုတာကိုတော့ ကုလသမဂ္ဂအနေနဲ့ လေ့လာစောင့်ကြည့် သုံးသပ်နိုင်ခြင်းမရှိတဲ့အတွက် အတိအကျမပြောနိုင်ဘဲ သတင်းထုတ်ပြန်မှုတွေအရသာသိရတယ်လို့လည်း Mr. Dujarric ကပြောပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးစခန်းတွေကို ARSA ရိုဟင်ဂျာစစ်သွေးကြွတွေက ဝင်တိုက်ခဲ့လို့ လုံခြုံရေးတပ်တွေဖက်က နယ်မြေရှင်းလင်းမှုတွေ ဆောင်ရွက်ခဲ့တာကြောင့် Bangladesh ဖက်ကို ရိုဟင်ဂျာမူဆလင်တွေ အလုံးအရင်းနဲ့ ထွက်ပြေးခဲ့ကြပါတယ်။ ထွက်ပြေးသူ ၄ သိန်းကျော်တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး လူသားချင်းစာနာတဲ့အကူအညီတွေ အလွန်အမင်းလိုအပ်နေတယ်လို့ ပြောကြားနေပါတယ်။ ခုလိုရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ပြဿနာနဲ့ပါတ်သက်လို့ လုံခြုံရေးကောင်စီမှာ Arria-formula meeting လို့ခေါ်တဲ့ အလွတ်သဘောဆွေးနွေးမှုတခုကို Mr. Kofi Annan နဲ့ဆွေးနွေးဖို့ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်ဖြစ်တဲ့ ပြင်သစ်နိုင်ငံကလည်း ပြင်ဆင်နေပါတယ်။ ပြင်သစ်က လုံခြုံရေးကောင်စီအလှည့်ကျ တာဝန်ယူပြီးတာနဲ့ အမြန်ဆုံးဆွေးနွေးမှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Francois Delattre က ခုလိုပြောပါတယ်။

“အောက်တိုဘာမှာ ပြင်သစ်က လုံခြုံရေးကောင်စီအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူတဲ့အခါကျရင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုအစီရင်ခံစာရေးသားခဲ့တဲ့ Kofi Annan နဲ့ Arria-formula meeting အမြန်ဆုံးလုပ်ဖို့ စီစဉ်ထားပါတယ်။ Kofi Annan ကလည်း လုံခြုံရေးကောင်စီနဲ့ အလွတ်သဘောဆွေးနွေးဖို့ မူအားဖြင့်သဘောတူထားပါတယ်။ ဒီပြဿနာနဲ့ပါတ်သတ်လို့ ကုလသမဂ္ဂဖက်က မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်ဖို့ အရေးကြီးတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဘယ်လိုရှေ့ဆက်မလဲဆိုတာ ဆွေးနွေးဖို့လိုပါတယ်။”

ရခိုင်အရေးနဲ့ပါတ်သက်လို့ လုံခြုံရေးကောင်စီအနေနဲ့ ခိုင်မာ ညီညွတ်တဲ့ တုံ့ပြန်ဆောင်ရွက်မှု လုပ်နိုင်ဖို့ ပြင်သစ်နိုင်ငံက တိုက်တိုက်တွန်းတွန်း လုပ်နေတယ်လို့ သူကပြောပါတယ်။ ပြင်သစ်နိုင်ငံက ပြင်ဆင်နေတဲ့ Arria-formula meeting ဆိုတာကတော့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ အထူးဖိတ်ခေါ်ဆွေးနွေးသူကြားမှာ သီးသန့်ဆွေးနွေးပွဲဖြစ်ပါတယ်။ အလွတ်သဘောဖြစ်ပေမဲ့ ဆွေးနွေးတဲ့အကြောင်းအရာအပေါ်မှာ အမြင်တွေကို ပွင့်ပွင့်လင်းလင်း ဖလှယ်ဆွေးနွေးနိုင်ကြဖို့ ရည်ရွယ်ထားတဲ့ ဆွေးနွေးပွဲမျိုးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG