သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အကြံပေး ကော်မရှင်အပေါ် သဘောထား အမြင်တချို့


စစ်တွေလေဆိပ်ကို ရောက်လာသည့် Kofi Annan
စစ်တွေလေဆိပ်ကို ရောက်လာသည့် Kofi Annan

ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးရေးကို အဓိထားလုပ်ရမယ့်အစား နိုင်ငံခြား သားတွေဦးဆောင်ပါဝင်တဲ့ ကော်မရှင်တရပ်ဖွဲ့ပြီး၊ ရခိုင်ပြဿနာ ကို ဖြေရှင်းတာဟာ နည်းလမ်းမကျဘူးလို့ ရခိုင်အမျိုးသားပါတီက မနေ့ကကျင်းပတဲ့ ပြည်သူ့လွှတ်တော် မှာ ပြောဆိုလိုက်ပေမယ့် ရခိုင် ပြည်နယ်က မူဆလင်တွေပေါ် လူမျိုးတုန်း သတ်ဖြတ်နေတယ်ဆိုတဲ့ နိုင်ငံတကာရဲ့ အမြင်လွဲမှားမှုကို ပြန်လည်ဖြေရှင်းနိုင်ဖို့ ဆိုရင် အခုလို သြဇာရှိတဲ့ နိုင်ငံခြားသားတွေနဲ့ ရခိုင်အကြံပေးကော်မရှင်ကို ဖွဲ့စည်း ရတာဖြစ်ကြောင်း NLD ပါတီကိုယ်စားလှယ်ဖက်က တုန့်ပြန်ခဲ့ပါတယ်။ ဒီကနေ့ မှာတော့ ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဟာစစ်တွေမြို့မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာမှာဖြစ်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က ဆက်လက်တင်ပြပါမယ်။

ရခိုင်ပြည်နယ်အရေးဟာ ပြည်တွင်းရေးသာဖြစ်ပြီး နိုင်ငံခြားသားတွေဦးဆောင်တဲ့ အကြံပေးကော်မရှင် ဖွဲ့ပြီး အခုလိုဖြေရှင်းတာဟာ နည်းလမ်းမကျဘူးလို့ ရခိုင် အမျိုးသားပါတီ ANP ရဲ့မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက မနေ့ကကျင်းပတဲ့ ပြည်သူ့လွှတ် တော်ဆွေးနွေးပွဲမှာ ပြောဆို သွားတာပါ။

“ နိူင်ငံတော် အတိုင်ပင်ခံရဲ့ တာဝန်လုပ်ပိုင်ခွင့် ရပိုင်ခွင့် ၅ချက်ထဲမှာ ကော်မရှင်ဖွဲ့ စည်းတယ်ဆိုတာ မပါပါဘူး။ ဒါ့ကြောင့် ဒီကော်မတီဟာ ကျနော့်အမြင်အရတော့ Legitimacy (တရားဥပဒေနဲ့ အညီ) မဖြစ်ဘူးဆိုတဲ့တချက်၊ နောက်တချက်က ယန်ဟီးလီလာတော့ ရခိုင်ပြည်ကို ပြဿနာ သယ်လာတဲ့အတွက်ကြောင့် ရခိုင်ပြည် သူတွေဟာ ယန်ဟီးလီကို အလိုမရှိဘူး ပြောခဲ့တယ်။ အဲဒီတော့ UN ကိုလဲ သိပ် အကောင်း မထင်ပါနဲ့၊ ဘူးသီးတောင် မောင်တောမှာ အဲ့ဒီ ဘာမှန်းမသိတဲ့ လူသားတွေရဲ့ Population (လူဦးရေ)ဟာ ချင်းပြည်နယ် လူဦးရေရဲ့ နှစ်ဆရှိ ပါတယ်။ နောက်ကွယ်မှာ အင်မတန် စိုးရိမ်ဖို့ကောင်းပါတယ်။ တကယ်က ကျနော်တို့ တိုင်းရင်းသားပြည်သူတွေ ကျောချင်းရင်ချင်း ကပ်ပြီး တော့ ဥပဒေလွှမ်းမိုးမှု လုပ်ရမယ်၊ ဒီအစိုးရ ဦးဆောင်မှုအောက်မှာ အဲဒီလို လုပ်ရမယ့်အစား နိုင်ငံခြားက လူတွေကို ပညာရှင်ပါ ..ဘာပါ ညာပါ ဆိုပြီးတော့ ခေါ်တာဟာ ကျနော်တို့အတွက် သိက္ခာလည်း ကျပါတယ်။ ကျနော်တို့ရဲ့ ပြည်ထောင်စုစိတ်ဓါတ် ကင်းမဲ့ရာလည်း ကျပါတယ်။ အဲဒါကြောင့် ဒီကော်မတီကို ကန့်ကွက်ရတာ ဖြစ်ပါတယ်”

ရခိုင်အကြံပေးကော်မရှင်ကို ပြည်တွင်းက တတ်သိပညာရှင်တွေနဲ့ ပြန်လည် ဖွဲ့စည်း သင့်တယ်ဆိုပြီး ANP ပါတီ ပေါက်တော်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံရဲ့ အရေးကြီးအဆိုနဲ့ ပတ်သက်လို့ စက်တင်ဘာ ၆-ရက်နေ့ က ပြည်သူ့လွှတ်တော်မှာ ဝိုင်းဝန်း ဆွေးနွေးခဲ့ကြတာပါ။

၂၀၁၂ ခုနှစ်ကတည်းကဖြစ်လာခဲ့တဲ့ ရခိုင်ဒေသတွင်း ပဋိပက္ခမှာ ဒေသခံ ဗုဒ္ဓ ဘာသာတွေက လူနည်းစု မူဆလင်တွေပေါ် အကြမ်းဖက်နှိပ်စက် နေတယ်ဆိုတဲ့ အမြင်တွေ နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာ ပျံ့နှံ့နေပါတယ်။ နိုင်ငံတကာရဲ့ အဲဒီလို အမြင်တွေကို ဖျောက်ဖျက်နိုင်ဖို့ဆိုရင် အခုလို နိုင်ငံတကာမှာ သြဇာ ရှိတဲ့ နိုင်ငံခြားသားတွေနဲ့ ရခိုင်အကြံပေးကော်မရှင်ကို ဖွဲ့စည်းရတာဖြစ်ကြောင်း NLD ပါတီ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ေ မဝင်းမြင့်က တုန့်ပြန်ဆွေးနွေးခဲ့ပါတယ်။

“ ဒီပြဿနာဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက် ကတည်းကစပြီး နိုင်ငံတကာ အဖွဲ့ အစည်းတွေရဲ့ အစီရင်ခံစာတွေ နိုင်ငံတကာ မီဒီယာတွေရဲ့ အရေးအသားတွေမှာ လူမျိုးတုန်းသတ်ဖြတ်မှု အခြေအနေ ရောက်နေပြီဆိုတဲ့ ဝေါဟာရတွေ လှိုင်လှိုင် သုံးနေခဲ့တာ အားလုံး သတိထားမိပြီ ထင်ပါတယ်။ မဟုတ်မမှန်တဲ့ သတင်းအချက် အလက်ကို အမှန်တရားနဲ့ ဖြေရှင်းရမှာက ကိုယ့်ဖက်က မှန်ကန်ကြောင်း ပြနိုင်ဖို့ အတွက် ဘယ်နိုင်ငံခြားသားမဆို၊ လာကြည့်လှည့်စမ်းပါလို့ ရဲရဲကြီး မဖိတ်ခေါ်နိုင် စရာအကြောင်း ကြောက်စရာ မလိုဘူးလို့ ယုံကြည်ပါတယ်။ မိမိအစွမ်းအစကို ယုံကြည်လို့ နိုင်ငံတကာမှာ သြဇာတိက္ကမရှိတဲ့ အများလေးစားတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းနဲ့ ပညာရှင်တွေကို အမြင်ကျယ်ကျယ် သတ္တိရှိရှိ ထည့်သွင်း ဖွဲ့စည်း ထားခြင်းဖြစ်တယ်လို့ သဘောပေါက် ပါတယ်”

ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင် အဖွဲ့ဟာ မနေ့က စစ်တွေမြို့လေဆိပ်ကို ရောက်သွားချိန်မှာ ရာနဲ့ချီတဲ့ ဒေသခံ ရခိုင်ပြည်သူတွေ ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲကို ရခိုင်အမျိုးသားပါတီ ANP နဲ့ ရခိုင်အမျိုးသမီးကွန်ယက်တို့က ဦးဆောင် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်အနေနဲ့ ရခိုင်ပြဿနာပြေလည် နိုင်မယ့် အကြံတွေကို ပေးနိုင်မယ်လို့ မျှော်လင့်ကြောင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက VOA မြန်မာပိုင်းကို ပြောပါတယ်။

“ ဒီရခိုင်ပြည်နယ်မှာရှိနေတဲ့ နှစ်ဖက် အဖွဲ့အစည်းကြားမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ၊ ဒါတွေကို ပြေပြေလည်လည် ဖြစ်နိုင်ရေးကို သူတို့ လာပြီးတော့ တတ်နိုင် သလောက် ဆောင်ရွက်ပေးတာ ဆိုတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့အနေ နဲ့တော့၊ ဒါ တဖြည်းဖြည်းနဲ့ နားလည် လာပြီးတော့ အားလုံး တဖြည်းဖြည်း လက်ခံ လာနိုင်တဲ့ အနေအထားတော့ အဲလို မျှော်လင့်ပါတယ်”

မစ္စတာ ကိုဖီအာနန်ဟာ စက်တင်ဘာ ၇-ရက် ဒီကနေ့မှာ စစ်တွေမြို့မှာရှိတဲ့ ရခိုင်ဒေသခံ ဒုက္ခသည်စခန်းတွေကိုရော ၊ မူဆလင် IDP ဒုက္ခသည် စခန်းတွေကိုပါ သွားရောက်လေ့လာမှာဖြစ်ပြီး ဒီကနေ့ညနေ ရန်ကုန်ကို ပြန်လည်ရောက်ရှိမှာဖြစ် ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG