သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှု ဖြောင့်ချက်ကိစ္စ အပြန်အလှန် စစ်မေး


ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေရင်း လူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီးခံထားရသူ မြန်မာအလုပ်သမားလူငယ်နှစ်ဦးနဲ့ အခင်းဖြစ်ပွားရာမှာ သက်သေပြထွက်ဆိုခိုင်းစဉ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေရင်း လူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီးခံထားရသူ မြန်မာအလုပ်သမားလူငယ်နှစ်ဦးနဲ့ အခင်းဖြစ်ပွားရာမှာ သက်သေပြထွက်ဆိုခိုင်းစဉ်။

ထိုင်းနိုင်ငံ ကော့တောင်ကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ မနှစ်၊ နှစ်ကုန်ပိုင်းလောက်က ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်လို့ တရားခံလို့ စွပ်စွဲခံထားရသူ မြန်မာအလုပ်သမားနှစ်ဦးကို မနေ့ အောက်တိုဘာလ ၁၀ ရက်နေ့က ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။ ရုံးတော်အတွင်း အမှုကိုစစ်မေးတဲ့ အစိုးရရှေ့နေတွေဘက်ကတော့ တရားခံလို့ စွပ်စွဲခံထားရသူ တွေ ဟာ ပြစ်မှုကို တကယ်ကျူးလွန်ခဲ့လို့ ဝန်ခံ ဖြောင့်ချက်ပေးခဲ့တာဖြစ်တယ်ဆိုတဲ့ ရှုဒေါင့်ကနေ စစ်မေးခဲ့ပါတယ်။ ဒါကို တရားခံတွေအဖြစ် စွပ်စွဲခံထားရသူတွေရဲ့ရှေ့နေတွေက ဘယ်လို ပြန်လည်ချေပခဲ့ကြပါသလဲ၊ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်လို့ တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးကို ကော့စမွေတရားရုံးမှာ စစ်ဆေးနေတာဖြစ်ပါတယ်။ ဒီစစ်ဆေးမှုအတွင်း ပြစ်မှုကျူးလွန်လို့သာ ဖြောင့်ချက်ပေးခဲ့တာ ဖြစ်တယ်လို့ တရားလိုဘက်က စွပ်စွဲခဲ့ကြောင်း တရားခံတွေရဲ့အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

“ဒီနေ့ကတော့ အစိုးရရှေ့နေ၊ ရဲတပ်ဖွဲ့က စွဲထားတဲ့အချက်သုံးချက်က ဖြောင့်ချက်ပေးတယ်ဆိုတာရယ်၊ DNA တူတယ် ဆိုတဲ့ အချက်တွေနဲ့ CCTV တူတယ်ဆိုတဲ့အချက်တွေကို သူတို့က ပြောချင်တာ။ ဒါပေမယ့် အန်ကယ်တို့ဘက်က တရားခံပြ သက်သေတွေကို စစ်ခဲ့တာက အခုနက CCTV ကိစ္စတို့၊ နောက်ပြီးတော့ DNA တူတဲ့ကိစ္စတွေက ပညာရှင်တွေ ထွက်ဆိုသွားတာနဲ့တင် လုံလောက်နေပါပြီ။ အဲဒီတော့ ဖြောင့်ချက် ဆိုတဲ့ကိစ္စလေးနဲ့ပဲ သူတို့ အန်ကယ်တို့ဘက်ကို မေးခွန်းတွေ အများကြီးမေးရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖြောင့်ချက်-ဆိုတဲ့ဟာကလေးဟာ ကလေးတွေက ရဲစခန်းမှာမဟုတ်ဘဲနဲ့ ၁၀ ရက်၊ ၁၀ လ ၊ ၂၀၁၄ ထောင်ထဲရောက်ကာစကတစ်ခါ၊ ၆ ရက်၊ ၁၁ လ၊ ၂၀၁၄ အဲဒီနှစ်ချက်တုန်းကလည်း ဝန်ခံတယ်ဆိုတဲ့အချက်နှစ်ချက်တွေ့ထားပါတယ်။ အဲဒါကို သူတို့နင်းလိုက်နေပါတယ်။ ပြစ်မှုမကျူးလွန်ရင် ဘာဖြစ်လို့ဝန်ခံလဲ၊ ပြစ်မှုကျူးလွန်လို့သာ ဒီလို ဝန်ခံထားတယ်၊ ထောင်ထဲရောက်တဲ့အထိ ဝန်ခံတယ်ဆိုတာ ပြောနေတာ။”

မြန်မာရွှေ့ပြောင်းအလုပ်သမား ၄,၀၀၀ ခန့် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ လူသတ်မှုဖြစ်ပွားခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ တရားခံတွေအဖြစ် လက်ရှိစွပ်စွဲခံရသူ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို တခြားရွှေ့ပြောင်းအလုပ်သမားတွေနဲ့အတူ သံသယရှိသူတွေအဖြစ် ရဲတွေက DNA စစ်ဆေးရယူခဲ့တာပါ။ အဲဒီ အချိန်တုန်းက DNA တူညီမှုမရှိဘူးဆိုပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီနောက် သီတင်းနှစ်ပတ်ခန့်ကြာပြီးမှ ၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်ပိုင်းမှာပဲ မြန်မာလူငယ်နှစ်ဦးကို ပြန်လည်ဖမ်းဆီးပြီး လူသတ်မှုနဲ့ စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက နိုင်ငံတကာမီဒီယာရှေ့မှာ သူတို့သတ်ကြောင်း မြန်မာလူငယ်နှစ်ဦးက ဝန်ခံထားပါတယ်။ အဲဒီလို ဝန်ခံချက်ကို အခြေခံပြီး အောက်တိုဘာလ ၁၀ ရက်နေ့မှာ တရားရုံးတင် စစ်ဆေးမေးမြန်းနေတာဖြစ်ပါတယ်။ တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေတွေကတော့ ဒီလို ဝန်ခံချက်ဟာ နှိပ်စက်ညှင်းပမ်းမှုတွေကြောင့်သာ ဖြောင့်ချက်ပေးခဲ့ရတာဖြစ်ကြောင်း ပြန်လည်ချေပခဲ့တယ်လို့ ပြောပါတယ်။

“၁၀ ရက်၊ ၁၅၊ ၂၀၁၄ က ဆက်လက်ပြီးတော့ ဝန်ခံတယ်ဆိုတာ ၈ ရက်၊ ၁၀ လ၊ ၂၀၁၄ မှာတော့ ထောင် အကျဉ်း ဦးစီးထဲကို ကလေးတွေ စရောက်တာပါ။ အဲဒီတော့ ရဲစခန်းထဲမှာ ညှင်းပမ်းနှိပ်စက်ထားတဲ့ ဒဏ်၊ ကြောက်လန့်နေတဲ့ဟာ မပြီးသေးပါဘူး။ ဒါကြောင့်မို့လို့ ဒီစကားကို သူတို့ဆက်ပြောတယ်လို့ အန်ကယ်ပြောထားပါတယ်။ နောက်တစ်ခုက ၆ ရက်၊ ၁၁ လ၊ ၂၀၁၄ မှာ ဝန်ခံတယ်ဆိုတာကလည်း အဲလို ထွက်ဆိုသွားတဲ့ရှေ့နေက ရဲခေါ်လာတဲ့ရှေ့နေ။ အန်ကယ်တို့ဘက်က ရှေ့နေတွေမသုံးဘဲနဲ့ ရဲက ခေါ်လာတဲ့ရှေ့နေကို သုံးတဲ့အခါမှာ ရဲခေါ်လာတဲ့ရှေ့နေက ရဲရှေ့နေပဲဖြစ်မှာပါ။ သူကနေတရားရုံးမှာ သူ့ကိုတော့ ဒီကလေးတွေက ပြောခဲ့တယ်။ ဒီအမှုမှာ သူတို့ကျူးလွန်ခဲ့တယ် ဆိုတာမျိုး ဒါကြောင့်မို့ အန်ကယ်တို့က ဒီကလေးတွေ ယုံကြည်ထိုက်တဲ့ အကျိုးဆောင်ရှေ့နေမဟုတ်ဘူး။ ဒါကြောင့် အမှုကနေ ပယ်ထုတ်ထားပြီးဖြစ်တယ်။ နောက်တခါ အကျဉ်းဦးစီးထဲမှာ အန်ကယ်တို့ ၂၄ ရက်၊ ၁၀ လ၊ ၂၀၁၄ က သွားတွေ့တုန်းကလည်း ရှေ့နေများကောင်စီကိုပဲ ကိုယ်စားလှယ်လက်မှတ်ထိုးထားတယ်ဆိုတဲ့ ပါဝါနဲ့ သွားနေပါတယ်။”

စနေနေ့ တနေ့လုံးမှာ မြန်မာလူငယ်နှစ်ဦးထဲက ကိုဇော်လင်းကို ညနေပိုင်းအထိ စစ်ဆေးခဲ့ပြီး ညပိုင်းမှာတော့ ကိုဝင်းဇော်ထွန်းကို စစ်ဆေးခဲ့ပါတယ်။ သူတို့ကို အောက်တိုဘာလ ၁၁ ရက်နေ့မှာ အပြီးသတ် စစ်ဆေးဖွယ်ရှိတယ်လို့ ရှေ့နေဖြစ်သူက ပြောခဲ့ပါတယ်ရှင်။

XS
SM
MD
LG