သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းကိစ္စ ဆန္ဒပြမှု ထိုင်းရောက်မြန်မာတွေ စိုးရိမ်


ထိုင်းနိုင်ငံမှာ သေဒဏ်ချမှတ်ခံလိုက်ရတဲ့ မြန်မာအလုပ်သမား ၂ ဦး ကိစ္စနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ တရားစီရင်ရေးကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နေ့စဉ် ဆက်တိုက် ဖြစ်လာနေချိန်မှာ ထိုင်းရောက မြန်မာအလုပ်သမားတွေကတော့ နှစ်နိုင်ငံ ပဋိပက္ခတွေ ပိုတိုးလာမှာ စိုးရိမ်နေကြတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး မကျေနပ်ကြပေမဲ့ လောလောဆယ် ပြည်တော် မပြန်နိုင်သေးတဲ့ မြန်မာအလုပ်သမား အများစုကတော့ ဒီကိစ္စကို အေးအေးချမ်းချမ်းနဲ့ အဖြေရှာစေချင်ကြတာပါ။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုဇင်လတ်က သတင်းပေးပို့ထားပါတယ်။

လိပ်ကျွန်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဗြိတိန်နိုင်ငံသား ခရီးသွား ၂ ယောက် အသတ်ခံရမှုနဲ့ ပတ်သက်လို့ အမှုမှန်ပေါ်ရေးကို တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကနေ ထိုင်းဆန့်ကျင်ရေးလှုပ်ရှားမှုအသွင် ဖြစ်လာတာတွေကြောင့် စိုးရိမ်မှုတွေ ရှိလာနေချိန်မှာပဲ ထိုင်းရောက် မြန်မာနိုင်ငံသားတဦးဖြစ်တဲ့ ကိုနေမျိုးဝင်းက သူ့ရဲ့အမြင်ကို အခုလို ပြောဆိုပါတယ်။

“ကျနော်တို့ စိတ်ထဲ မခံနိုင်ဘူးပေါ့ဗျာ၊ မှန်လို့လုပ်တယ်ဆို ရတယ်၊ မဟုတ်ဘဲနဲ့ ဒီလို အဖမ်းခံရတယ် ဆိုတာ ကျနော်တို့ စိတ်ထဲမှာတော့ မကောင်းဘူးပေါ့ဗျာ၊ အစကတည်းက စိတ်ထဲမှာတော့ နည်းနည်း ဝမ်းနည်းတာပေါ့။”

ထိုင်းနိုင်ငံအတွင်းမှာ မြန်မာနိုင်ငံသားတွေ အများအပြား အလုပ်လုပ်နေကြပါတယ်။ လောလောဆယ် ဆန္ဒပြပွဲတွေကြောင့် ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံး ကောင်စစ်ဝန်ဌာန ယာယီ ပိတ်ထားရပြီး ဗီဇာလျှောက်တာနဲ့ ခရီးသွားလာခြင်းဆိုင်ရာ လုပ်ငန်းများ ရပ်နားထားရပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတာ ၁၂ နှစ် ရှိပြီဖြစ်တဲ့ ကိုဝေယံဖြိုး က အခုလို ပြောပါတယ်။

“ကျနော့်ဘက်က စိုးရိမ်ပူပန်မှု ရှိတာပေါ့၊ ကိုယ့်နိုင်ငံသားတွေ တခုခု ဖြစ်မှာ စိုးတယ်။ ကျနော်တို့ မြန်မာနိုင်ငံသားက မဟာချိုင်မြို့မှာ ဆိုလို့ရှိရင် ထိုင်းနဲ့ မြန်မာနဲ့ ဆိုရင် မြန်မာနိုင်ငံသားက ၈၀ ရာခိုင်နှုန်းလောက် ရှိတယ်။ ထိုင်းနိုင်ငံသားက ၂၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ ဒါပေမဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေ အထိနာနေတာကြာပြီ၊ ထပ်ဖြစ်မှာကို ကျနော် စိုးရိမ်တယ်။”

ဆန္ဒပြသူတွေကတော့ သေဒဏ်ပေးခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ယောက် မလွတ်မြောက်မချင်း ထိုင်းအစိုးရပေါ် ဖိအားပေးတာတွေ လျှော့ပေးမှာ မဟုတ်ဘူးဆိုပြီး အခုလို ပြောနေပါတယ်။ ထိုင်းဝန်ကြီးချုပ်ကတော့ ဆန္ဒပြဖိအားနဲ့တော့ ထိုင်းအစိုးရအနေနဲ့ ပြစ်ဒဏ်ကို ပြင်ပေးမှာ မဟုတ်ဘူး၊ ထိုင်းတရားဥပဒေနည်းလမ်းအရ အယူခံဝင်ရင်တော့ ရမယ်လို့ ပြောဆိုထားပါတယ်။ ပဲခူးတိုင်းက မြန်မာနိုင်ငံသားတဦးဖြစ်တဲ့ ကိုညီညီနိုင်ကတော့ ဒီအမှုမှာ မြန်မာနိုင်ငံသား ၂ ယောက် သတ်မယ်လို့ သူဘယ်လိုမှ လက်ခံလို့ မရတဲ့အကြောင်း ပြောပါတယ်။

“ကျနော်က လုံး၀ အယုံအကြည် မရှိဘူး၊ ကျနော်တို့ မြန်မာ အဲသလောက် မယုတ်မာဘူးလို့ ကျနော်ထင်တယ်။ နောက် ကျနော်တို့ မြန်မာလူမျိုး ဘာအထောက်အထားမှ မရှိတဲ့ အကောင်သေးသေးလေး နှစ်ယောက်က ဒီလို ကြီးကြီးမားမား လူမျိုးကို သတ်ဖို့ဆိုတာ လုံး၀ မလွယ်ကူပါဘူး။ နောက်ပြီး ကျနော်တို့ မြန်မာတွေက ဒီလောက်လည်း ဟော့ဟော့ရမ်းရမ်းနေတာ မဟုတ်ဘူး၊ ပိုဆိုးတာက လိပ်ကျွန်းဆိုတာ နိုင်ငံခြားသား တော်တော်များတယ်။ ကျနော်တို့ မြန်မာပြည်မှာလည်း တော်တော်များများ နိုင်ငံခြားသားတွေကို ကျနော်တို့ဘက်က လူတွေ ဒီလို မလုပ်ပါဘူး။ တော်ရုံတန်ရုံ၊”

မွန်ပြည်နယ်ကနေ လာအလုပ်လုပ်တဲ့ မမိုးသဇင်ခိုင်ကတော့ ထိုင်းရဲတပ်ဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံသားတွေအပေါ် အမြဲတစေ မတရား ဖိနှိပ်နေတယ်လို့ အခုလို ပြောပါတယ်။

“မဟာချိုင်ဆိုရင် ပုလိပ်တွေလည်း အဲလိုမျိုးပဲ၊ ဟို ပတ်စ်ပို့ရှိလျက်နဲ့ အကုန်လုံး ပြည့်စုံလျက်နဲ့ ဖမ်းသွားတယ်၊ မတရားနှိပ်စက်တာတွေ အများကြီးပေါ့နော်။ အခုဟာ ဒီအမှုက အမှန်တကယ် မဟုတ်တဲ့အတွက်၊ အမှန်တရားကို ပေါ်ပေါက်စေချင်တယ်။ တရားခံကို မိစေချင်တယ်။”

ဒီအမှုနဲ့ ပတ်သက်လို့ ထိုင်းတရားရေးစနစ်အပေါ် မယုံပေမဲ့ ထိုင်းရောက် မြန်မာအလုပ်သမားတွေ အများစုက နှစ်နိုင်ငံ ပဋိပက္ခတွေ ပိုတိုးလာမှာ စိုးရိမ်နေကြပြီး ဒီကိစ္စကို အေးအေးချမ်းချမ်းနဲ့ အဖြေရှာစေချင်ကြတဲ့အကြောင်း ပြောဆိုနေကြပါတယ်။

XS
SM
MD
LG