သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှု အယူခံဝင်ရေး မြန်မာအစိုးရ အကူအဖွဲ့စေလွှတ်


လိပ်ကျွန်းလူသတ်မှုအယူခံ ကူညီဖို့အတွက် မြန်မာအစိုးရက ဥပဒေပညာရှင် မှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ မြန်မာနိုင်ငံ ရှေ့နေများကောင်စီက စတဲ့ ကိုယ်စားလှယ် ၃ ဦးကို မြန်မာနိုင်ငံက စေလွှတ်ခဲ့ပါတယ်။ ဒီ ၃ ဦးဟာ လိပ်ကျွန်းသေဒဏ်ကျနေတဲ့ လူငယ် ၂ ဦးကိစ္စနဲ့ပတ်သက်လို့ ထိုင်းရှေ့နေများကောင်စီနဲ့ တွေဆုံဆွေးနွေးခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာတော့ သေဒဏ်ကျခံနေရတဲ့ မြန်မာလူငယ် ၂ ဦးကို တွေ့ဆုံမှာဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ကော့တောင် အပန်းဖြေကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိသျှလူငယ် ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၂ ဦးကို ထိုင်းတရားရုံးက ဒီဇင်ဘာလ ၂၄ ရက်နေ့က သေဒဏ်ချပြီးတဲ့နောက်မှာတော့ ထိုင်းနိုင်ငံကို ကန့်ကွက်ဆန္ဒပြပွဲတွေ မြန်မာနိုင်ငံတဝှမ်းမှာ ဖြစ်ပေါ်ခဲ့တာပါ။

ဒီနောက်မှာတော့ လိပ်ကျွန်းလူသတ်မှုအတွက် အယူခံဆက်တက်ဖို့ အထောက်အကူ ဖြစ်စေနိုင်မယ့် ကျွမ်းကျင်တဲ့ ပညာရှင်တွေကို မြန်မာသံရုံးစုံစမ်းရေးကော်မတီက မြန်မာအစိုးရကို တောင်းဆိုထားပြီးတဲ့နောက် အင်္ဂါနေ့မှာတော့ မြန်မာအစိုးရဘက်က လွှတ်လိုက်တဲ့ကိုယ်စားလှယ်တွေ ရောက်ရှိလာခဲ့ပြီး ထိုင်းရှေ့နေများကောင်စီနဲ့ လိပ်ကျွန်းလူသတ်မှုကိစ္စနဲ့ ပတ်သက်လို့ အယူခံဆက်တက်ဖို့ ပြင်ဆင်မှု စတင်နေပြီဖြစ်တယ်လို့မြန်မာသံရုံးစုံစမ်းရေးကော်မတီရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကျော်သောင်းက ပြောပါတယ်။

“မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ကျွမ်းကျင်တဲ့ဥပဒေပညာရှင်ရယ်၊ မှုခင်းဆိုင်ရာ ကျွမ်းကျင်တဲ့ဆရာဝန်ရယ်၊ နောက်ပြီးတော့ ဥပဒေပိုင်းအရာ ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်ရယ် သူတို့ ၃ ယောက်က မနေ့က ရောက်တယ်။ သူတို့တွေနဲ့ ကျနော်တို့ အထူးစုံစမ်းရေးကော်မတီတို့က အစည်းအဝေးလုပ်ကြပြီးတော့ မနေ့က ၄ နာရီမှာ ရှေ့နေများကောင်စီကို သွားပြီးတော့မှ မှုခင်းအသွားအပြန်တွေကို စကားပြောကြတယ်။ ဒီနေ့ကျတော့ မြန်မာသံရုံးထဲကနေပြီးတော့ အဲဒီမှုခင်းကနေပြီးတော့ ဆုံးဖြတ်ချက်တွေ၊ ဆေးစစ်ချက်တွေ၊ ပြစ်ဒဏ်ချမှတ်မှုတွေကို ပြန်လှန်သုံးသပ်တာကို အဲဒီထိုင်းရှေ့နေများကောင်စီနဲ့ အခု နေပြည်တော်က စေလွှတ်ထားတဲ့ အရာရှိကြီး ၃ ယောက်နဲ့ ကျနော်တို့ အပြန်အလှန် ပြောကြတယ်။ မနက်ဖြန်ကျရင်တော့ သံရုံးအထူးစုံစမ်းရေးကော်မတီနဲ့ နေပြည်တော်က လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နဲ့ မနက်ဖြန်မှာ အဲဒီကလေးတွေရှိနေတဲ့ အကျဉ်းထောင်ကို သွားဖို့ရှိတယ်။”

ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဥပဒေပညာရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်း မြန်မာနိုင်ငံရဲ့တပ်ဖွဲ့က မှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ ရဲမှူးကြီး စိုးနိုင်ဦး မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီက အယူခံမှုဆိုင်ရာ ကျွမ်းကျင်သူ ဦးဖေခင်တို့ဟာ ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်လို့ မြန်မာလူငယ် ၂ ဦးရဲ့အမှုအတွက် အထောက်အကူ ဖြစ်စေဖို့အတွက် ရောက်ရှိလာခဲ့တာပါ။ သူတို့တွေဟာ ကျွမ်းကျင်တဲ့ပညာရှင်တွေ ဖြစ်တဲ့အတွက် လိပ်ကျွန်းအမှုနဲ့ပတ်သက်လို့ နောက်ထပ် အချက်အလက် အသစ်တွေ ထပ်ရရှိနိုင်ဖို့ မျှော်လင့်တယ်လို့လည်း ဦးကျော်သောင်း က ဆိုပါတယ်။

“ကျနော်တို့ ကလေးတွေနဲ့ တွေ့တိုင်းတွေ့တိုင်းကို မေးမြန်းခဲ့တဲ့ကိစ္စရပ်တွေမှာ အမှုအခင်းနဲ့ ပတ်သက်ပြီးတော့မှ မသိဘူး၊ မရှိဘူးဆိုတာပဲ သူတို့တွေ ဘူးခါခဲ့တာကိုး ဆိုတော့ သူတို့ ဘာတွေ သိရှိထားတာရှိသေးလဲ။ ကာယကံရှင်အဖြစ် စွပ်စွဲခံထားရတဲ့ တရားလိုလို့ စွပ်စွဲခံရယုံမက သေဒဏ်ချမှတ်ခံထားရတဲ့ ကလေးတွေဆီက ဘာအချက်အလက် အသစ်အဆန်းတွေ ရမလဲဆိုတာ ကျနော့်အနေနဲ့ အထူး စိတ်ဝင်စားသလို ဘာအချက်အလက်တွေ ရနိုင်မလဲ၊ ဘယ်သူတွေ ဒီကိစ္စကို သိသလဲ။ မင်းတို့ရော ဘာတွေကို သိခဲ့သလဲဆိုတာတော့ ကျနော်တော့ ဘာပဲပြောပြော သူတို့တွေ ပြောလာဆိုလာအောင်တော့ မေးမယ်လို့တော့ စိတ်ကူးထားတာရှိတယ်။”

မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းချေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှုဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ယောက်ကတော့ သတ်ဖြတ်မှု ကျုးလွန်ကြောင်း အစောပိုင်းမှာတော့ ဝန်ခံပြောဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရဲတွေရဲ့ နှိပ်စက်မှုကြောင့် ဖြောင့်ချက်ပေးခဲ့တာ ဖြစ်တဲ့အကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့တာပါ။ ၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်ပိုင်းမှာ လူသတ်မှုနဲ့ တရားစွဲဆိုခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ဦးကိုတော့ တနှစ်ကျော်ကြာ ထိုင်းနိုင်ငံ ကော့စမွေအကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး အခုနောက်ဆုံး တရားရုံးကနေ အမှု ၇ မှုနဲ့ အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်ပေးခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG