သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှုပြစ်ဒဏ်အပေါ် အယူခံဝင်ဖို့ စတင်ပြင်ဆင်


ထိုင်းနိုင်ငံ ကော့တောင်အပန်းဖြေကျွန်းမှာ ပြီးခဲ့တဲ့နှစ်မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုနဲ့ပတ်သက်လို့ အယူခံတင်ဖို့ကိစ္စမှာ အထောက်အကူ ဖြစ်စေဖို့အတွက် မြန်မာအစိုးရက ပထမဦးအကြိမ်အဖြစ် ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ဥပဒေပညာရှင်တဦး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က မှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူတဦး မြန်မာနိုင်ငံ ရှေ့နေများကောင်စီက အယူခံမှုဆိုင်ရာ ကျွမ်းကျင်သူတဦးတို့ကို စေလွှတ်ခဲ့တာပါ။

ဒီနေ့မှာတော့ သူတို့တွေဟာ နကွန်စီဌာမရအကျဉ်းထောင်ကို သွားရောက်ပြီး မြန်မာလူငယ် ၂ ဦးရဲ့ အယူခံအတွက် အထောက်အကူဖြစ်မယ့် အချက်တွေကို သွားရောက် မေးမြန်းခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

လိပ်ကျွန်းလူသတ်မှုအယူခံအတွက် ကူညီဖို့ မြန်မာအစိုးရက ဥပဒေပညာရှင် မှုခင်းဆေးပညာဆိုင်ရာကျွမ်းကျင်သူ၊ မြန်မာနိုင်ငံ ရှေ့နေများကောင်စီက စတဲ့ ကိုယ်စားလှယ် ၃ ဦးကို မြန်မာနိုင်ငံကနေ စေလွှတ်ခဲ့ပါတယ်။ သူတို့တွေဟာ နကွန်စီဌာမရအကျဉ်းထောင်မှာ သေဒဏ်ကျခံနေရတဲ့ မြန်မာနိုင်ငံသား လူငယ် ၂ ဦးကို တွေ့ဆုံခဲ့ပြီးတဲ့နောက် ဘာတွေ အထောက်အကူပေးနိုင်သလဲ ဆိုတာကိုတော့ တရားခံအကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့် က အခုလို ရှင်းပြပါတယ်။

“အခု နိုင်ငံတော်က လွှတ်လိုက်တဲ့အဖွဲ့ဟာ ကလေးတွေရဲ့ နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေးကို လာကြည့်ရှုတယ်။ အခုလည်း ကလေးတွေရဲ့ အဲဒီအခြေအနေတွေက အဆင်ပြေတဲ့ သဘောမျိုးတွေ့ရတော့ သူတို့လည်း ဝမ်းသာအားရ ဖြစ်သွားတယ်။ နောက်တပိုင်း ဥပဒေအရ အယူခံတက်မယ့်ကိစ္စမှာတော့ အန်ကယ်လ်တို့က ရှေ့နေများကောင်စီနဲ့ အယူခံတက်မယ့် အကြောင်းအရာလေးတွေကို ကောင်းတဲ့အချက်လေးတွေကို အပြန်အလှန် ဆွေးနွေးရမယ့် ကိစ္စပါ။ အဲဒါမှသာလျှင် အယူခံကောင်းပြီးတော့ ဒီကလေးတွေ ရှေ့အလားအလာကောင်းပါတယ်။ ဒါတွေကိုလည်း အန်ကယ်လ်တို့ ၁၁ ရက်နေ့က ရှေ့နေများကောင်စီနဲ့ တွေ့တဲ့အခါမှာ ချပြခဲ့ပါတယ်။ ချပြတော့ သူတို့ကလည်း သူတို့ဘက်က ကောင်းတဲ့အချက်တွေ အဲ့လိုအချက်တွေထဲက အထူးသဖြင့်လို့ ပြောရင်တော့ သူတို့ကိုယ်တိုင်ပဲ ပြောပါတယ်။ DNA ဟာ တော်တော်ကို ကောင်းတဲ့အချက်ပါလို့ ပြောပါတယ်။”

တရားလိုပြသက်သေတွေဘက်ကတော့ သေဆုံးသူအမျိုးသမီးရဲ့မိန်းမကိုယ်ခန္ဓာမှာ လူငယ် ၂ ဦးရဲ့ DNA တွေ ရှိတယ်လို့ တရားရုံးမှာထွက်ဆိုခဲ့ပြီး ဗြိတိသျှလူငယ် ၂ ဦးကို သတ်ဖြတ်ရာမှာ ပေါက်တူးကို သုံးပြီး သတ်ဖြတ်ခဲ့တယ်လို့ ထိုင်းရဲတွေက တရားရုံးမှာ တင်ပြခဲ့တာပါ။ ဒါပေမဲ့ မှုခင်းဆိုင်ရာကျွမ်းကျင်သူ ဒေါက်တာပွန်ထစ်ရဲ့ ထပ်မံ စစ်ဆေးမှုမှာတော့ ပေါက်တူးမှာ DNA ၃ ခုကို တွေ့ရှိခဲ့ပြီး အဲဒီ DNA တွေဟာ မြန်မာလူငယ် ၂ ဦးရဲ့ DNA တွေ မဟုတ်ဘူးလို့ ပြောဆိုထားတဲ့အတွက် အယူခံဆက်တက်ရာမှာ DNA ကွဲလွဲချက်တွေက မြန်မာလူငယ် ၂ ဦး သေဒဏ်ကနေ လွတ်မြောက်ဖို့ အားကောင်းချက်တွေ ဖြစ်တယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့် က ဆက်ပြောပြပါတယ်။

“DNA သဘောကို ပြောမယ်ဆိုရင် တိတိကျကျ ပုံစံအဆင့်ဆင့် စစ်သွားပြီးလို့ရှိရင် အဲဒီပါရဂူရဲ့ စစ်ချက်က ဒီ့ပြင် ပါရဂူဘက်က ကြည့်ရင်လည်း ဒီအဖြေကို လက်ခံနိုင်တဲ့ အနေအထားမျိုး ရှိမှသာလျှင် ဒီ DNA ဟာ တရားဝင် သုံးသင့်တယ်ဆိုတဲ့ ဥပဒေစကားမျိုး ပြောကြပါတယ်။ အဲဒီဥပဒေသအရပဲ ကလေးတွေအမှုက ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုပုံစံမျိုးနဲ့ ကလေးတွေရဲ့အမှုမှာ မရှိဘူးဆိုပြီး တွေ့ရလို့ပေါ့လေ။ ပြည်ပြည်ဆိုင်ရာ DNA အတွက် လုပ်ထုံးလုပ်နည်းအရ ကြည့်မယ်ဆိုရင်တော့ ဒေါက်တာပွန်ထစ် ရုံးတော်မှာ ပြောသွားတာပါ။ တကယ်တမ်း DNA ယူတဲ့ဟာက ၃ နှစ်နဲ့ ၄ နှစ်ကြားမှာ ထားလေ့ရှိတယ်လို့ ပြောတယ်။ အခုက တရားခွင်မှာ အမှုက ၁ နှစ်ပဲရှိသေးတယ်။ မိန်းမအင်္ဂါထဲက DNA ဟာ မရှိတော့ဘူးလို့ ပြောတဲ့ဟာကတော့ ဥပဒေအရ သူတို့ရဲ့ DNA ယူပုံ လွဲမှားလို့ပဲဖြစ်တယ်ဆိုတာကို ထောက်ပြလို့ရတဲ့အချက် တွေ့နေရပါတယ်။ ဒါကြောင့်မို့လို့ DNA အားကောင်းတယ်လို့ ပြောတာပါ။”

အကျဉ်းထောင်တွင်းမှာ သေဒဏ်ကျခံနေရတဲ့ လူငယ်တွေကို မေးမြန်းမှုတွေ ထပ်မံ လုပ်ခဲ့ပေမဲ့ ထူးခြားတဲ့ အချက်အလက်တွေတော့ မရခဲ့ဘူးဆိုပြီး မြန်မာသံရုံး အထူးစုံစမ်းရေးကော်မတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကျော်သောင်း က ဆိုပါတယ်။

“ထုံးစံအတိုင်းပဲ သူတို့ မပေးဘူး၊ မသိဘူး၊ ဘာမှ နားမလည်ဘူး။ အဲဒီကျွန်းမှာ လူသတ်မှုဖြစ်ပြီးတော့မှ Facebook တွေမှာ လူတွေ ပြောလာတော့မှ သိတယ်ဆိုတာကို ပြောတယ်။”

ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဥပဒေပညာရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က မှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ ရဲမှူးကြီး စိုးနိုင်ဦး၊ မြန်မာနိုင်ငံ ရှေ့နေများကောင်စီက အယူခံမှုဆိုင်ရာ ကျွမ်းကျင်သူ ဦးဖေခင်တို့ဟာ ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်လို့ မြန်မာလူငယ် ၂ဦးရဲ့ အမှုအတွက် အထောက်အကူဖြစ်စေဖို့ ပထမဦးဆုံးအကြိမ်အဖြစ် ရောက်ရှိလာတဲ့ မြန်မာနိုင်ငံက ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ သူတို့တွေဟာ အယူခံမတင်ခင်မှာ ထိုင်းနိုင်ငံ ရှေ့နေများကောင်စီနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့တွေလည်း ရှိနေပါတယ်။

XS
SM
MD
LG