သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှု DNA ပြန်စစ်နိုင်ဖို့မလွယ်


ထိုင်းနိုင်ငံ ကော့တောင် အပန်းဖြေကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိသျှလူငယ် ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ထိုင်းရဲတွေရဲ့ DNA စစ်ဆေးချက်တွေဟာ လွဲမှားနေတယ်လို့ ပညာရှင်တချို့က ထောက်ပြ ပြောဆိုနေပေမဲ့ လက်ရှိမှာတော့ အယူခံတရားရုံးကနေ ဆုံးဖြတ်ပြီးမှသာ ဒီကိစ္စတွေဟာ လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေဖြစ်သူက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ကော့တောင် အပန်းဖြေကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိသျှလူငယ် ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ထိုင်းတရားရုံးက ဒီဇင်ဘာလ ၂၄ ရက်နေ့က သေဒဏ်ပေးခြင်းခံရတဲ့ မြန်မာရွှေ့ပြောင်းလူငယ် ၂ ဦးနဲ့ ပတ်သက်တဲ့အမှုကိစ္စ DNA စစ်ဆေးချက်တွေကတော့ လက်ရှိမှာ ပြန်စစ်ဆေးဖို့ မလွယ်ကူနိုင်သေးပေမဲ့ အယူခံတရားရုံးကနေ ဆုံးဖြတ်ပြီးမှသာ သက်သေမခိုင်လုံဘူးဆိုတဲ့ အချက်တွေနဲ့ DNA ပြန်လည် စစ်ဆေးတာမျိုးတွေ လုပ်နိုင်မယ်လို့ တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့် က ပြောပါတယ်။

“သူတို့ကတော့ ဒီက DNA စစ်ဆေးချက်တွေဟာ လုံး၀ လွဲမှားနေတဲ့အတွက်ကြောင့် နောက်ဆုံး ဒီအဖွဲ့ကို တရားပြန်စွဲဖို့တောင်မှ အကြံဉာဏ်ပေးတာပါ။ ဒါပေမဲ့ သူတို့နိုင်ငံမှာရှိတဲ့ ဥပဒေနဲ့ သူတို့နိုင်ငံရဲ့ အချုပ်အခြာ ရှိနေတယ်။ အဲဒီအခါမှာ အန်ကယ်လ်တို့က သူတို့နိုင်ငံရဲ့ ဥပဒေကိုတော့ တနည်းနည်းနဲ့ပေါ့လေ Black and White ပြနိုင်တဲ့ အချိန်အထိတော့ အန်ကယ်လ်တို့ ကြိုးစားသွားရမှာပဲလေ။ အယူခံ အကြောင်းပြချက်တွေထဲမှာ ထိထိမိမိ ထည့်ပြီးတော့ ရေးထားလို့ရှိရင် အယူခံ တရားရုံးတော်က တရားသူကြီးတွေက ဒီအပေါ်မှာ သံသယဖြစ်တယ်ဆိုပြီး ထင်လာရင် ပြန်ပြီးတော့ စစ်ဆေးခွင့်ရှိမှာပါ။ သက်သေလည်း ဒီလိုပါပဲ။ ဒီအပေါ်မှာ ဒီသက်သေဟာ လုံလောက်အောင် ပြန်စစ်ဆေးပေးနိုင်တယ်ဆိုရင် ပြန်ပြီးတော့ စစ်ဆေးခွင့် ရှိမှာပါ။ ဒါကြောင့်မို့ အယူခံ တင်ပြီးမှသာလျှင် အဲဒီအဖြေက သိမှာပါ။”

DNA နဲ့ပတ်သက်လို့ ထိုင်းရဲတွေက စစ်ဆေးခဲ့ပြီးတဲ့ နောက်မှာတော့ ၂၀၁၅ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တုန်းကတော့ ထိုင်းနိုင်ငံရဲ့ တရားမျှတရေးဝန်ကြီးဌာနက တာဝန်ရှိသူ ၂ ဦးဟာ တရားခွင်မှာပဲ စွပ်စွဲခံထားရသူ ၂ ဦးရဲ့ DNA မျိုးရိုးဗီဇကို စစ်ဆေးဖို့အတွက် တံတွေးတွေကို ရယူသွားခဲ့ပါတယ်။ ဒီစစ်ဆေးမှုကို ထိုင်းနိုင်ငံက DNA စစ်ဆေးရာမှာ ကျွမ်းကျင်တဲ့ ဆရာဝန်ကြီး ဒေါက်တာပွန်ထစ်ဆီမှာ စစ်ဆေးခဲ့ပြီးတဲ့နောက် DNA စစ်ဆေးမှုတွေဟာ ကွဲလွဲချက်တွေ ထွက်ပေါ်လာခဲ့တာပါ။ ဒီအချက်တွေကိုလည်း ရှေ့နေ ဦးအောင်မျိုးသန့် က ပြန်လည် ထောက်ပြခဲ့ပါတယ်။

“အဲတော့ လူသတ်လက်နက်ပေါ်မှာ DNA တွေ့တယ်။ တွေ့တဲ့ DNA နှစ်ခုဟာ တစိမ်းဖြစ်တယ်။ အခု လောလောဆယ်မှာကလည်း တရားခံလေးတွေရဲ့ DNA မတွေ့ဘူးလို့ ပြောတယ်ဆိုရင် လူသတ်လက်နက် ပေါက်တူးကို တရားခံလေးတွေ ကိုင်တွယ်ခြင်း မရှိဘူးဆိုတာ ရှင်းပါတယ်။ အဲဒါဆိုရင် ဒီပေါက်တူးကို အသုံးပြုခဲ့တဲ့ DNA အသစ်နှစ်ခုဟာ တရားခံဘယ်သူလဲဆိုတာ ဒါ သူတို့ရဲ့ တရားလို တရားစွဲအဖွဲ့ရဲ့ တာဝန်ဖြစ်တယ်လေ။ ဒါကို တင်ပြနေတာပဲ။”

မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းချေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းလူငယ် ၂ ယောက်ဖြစ်တဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ ၂ ဦးက သတ်ဖြတ်မှုကျုးလွန်ကြောင်း အစောပိုင်းမှာတော့ ဝန်ခံပြောဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရဲတွေရဲ့ နှိပ်စက်မှုကြောင့် ဖြောင့်ချက်ပေးခဲ့တာ ဖြစ်တဲ့အကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့တာပါ။ လူသတ်မှုနဲ့ တရားစွဲဆိုခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ဦးကိုတော့ တနှစ်ကျော်ကြာ ထိုင်းနိုင်ငံ ကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး အခုအခါမှာတော့ နွံထဘူရီခရိုင်ထဲက ဘန်ခွမ်အကျဉ်းထောင်ထဲမှာ အကျဉ်းကျနေပါတယ်။ သူတိုရဲ့အယူခံရက်ကို တလချင်းအလိုက် ၅ ကြိမ်မြောက်အဖြစ် ထပ်တိုး တောင်းဆိုခဲ့ရာမှာ တရားရုံးက ခွင့်ပြုခဲ့ပြီး လာမယ့် မေလမှာတော့ သူတို့ရဲ့အယူခံကို အယူခံတရားရုံးကနေ ကြားနာစစ်ဆေးတော့မှာ ဖြစ်ပါတယ်။

XS
SM
MD
LG