သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Koh Tao လူသတ်မှု DNA မကိုက်ညီဟု ထိုင်းမှုခင်းဆရာဝန်ကြီး ထွက်ဆို


ထိုင်းနိုင်ငံ ကော့တောင်ကျွန်း လူသတ်မှုနဲ့ စွပ်စွဲခံရသူ မြန်မာ ရွှေ့ပြောင်း အလုပ်သမားနှစ်ဦးကို ထိုင်းရဲတွေက ကျူးလွန်ခဲ့တဲ့ သရုပ်ပြခိုင်းနေပုံ။ (အောက်တိုဘာ ၃၊ ၂၀၁၄)
ထိုင်းနိုင်ငံ ကော့တောင်ကျွန်း လူသတ်မှုနဲ့ စွပ်စွဲခံရသူ မြန်မာ ရွှေ့ပြောင်း အလုပ်သမားနှစ်ဦးကို ထိုင်းရဲတွေက ကျူးလွန်ခဲ့တဲ့ သရုပ်ပြခိုင်းနေပုံ။ (အောက်တိုဘာ ၃၊ ၂၀၁၄)

ထိုင်းနိုင်ငံ ကော့တောင်ကျွန်းလို့ ခေါ်တဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသား အလုပ်သမားနှစ်ဦးကို စွဲချက်တင်ထားရတဲ့အမှု DNA ပြန်စစ်တဲ့အခါမှာ ပထမတကြိမ်စစ်ချက်နဲ့ ကွဲလွဲနေပါတယ်။ ထိုင်းနိုင်ငံက နံမည်ကျော် မူခင်းဆေး ဆရာဝန် ဒေါက်တာပွန်ထစ်က စွပ်စွဲခံရသူတွေရဲ့ မျိုးရိုးဗီဇတွေကို ပြန်လည်စစ်ဆေးပြီး တရားခွင်မှာ လာရောက် ထွက်ဆိုရာမှာ စွပ်စွဲခံရသူတွေရဲ့ DNA ကို မတွေ့ရတဲ့အကြောင်း ထွက်ဆိုသွားခဲ့တာပါ။ ပထမ တရားခွင်က ရဲစစ်ချက်နဲ့ ဘယ်လို ကွဲလွဲနေသလဲဆိုတာကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ (၈)ရက်နေ့တုန်းက ထိုင်းနိုင်ငံရဲ့တရားမျှတရေး ဝန်ကြီးဌာနက တာဝန်ရှိသူ၂ဦး ဟာ တရားခွင်မှာပဲ စွပ်စွဲခံထားရသူ၂ဦးရဲ့DNA မျိုးရိုးဗီဇ ကို စစ်ဆေးဖို့ အတွက် တံတွေးတွေကို ရယူသွားခဲ့ပါတယ်။ ဒီစစ်ဆေးမူကို ထိုင်းနိုင်ငံက DNA စစ်ဆေးရာမှာ ကျွမ်းကျင်တဲ့ မူခင်းဆရာဝန်ကြီး ဒေါက်တာပွန်ထစ်ဆီမှာ စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

ဒီနေ့မှာတော့ စစ်ဆေးတွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ ဒေါက်တာပွန်ထစ်က တရားရုံးမှာ လာရောက် ထွက်ဆိုရာမှာ လူသတ်ရာမှာ အဓိက အသုံးပြုခဲ့တယ်ဆိုပြီး ရဲတွေက တရားရုံးမှာ သက်သေအဖြစ် တင်ပြထားတဲ့ ပေါက်တူးမှာ စွပ်စွဲခံထားရသူ ၂ဦး ရဲ့ DNA တွေ မတွေ့ဘူး လို့ ထွက်ဆိုသွားခဲ့တာပါ။

တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့်က ဒေါက်တာပွန်ထစ်ရဲ့ ထွက်ဆိုချက်တွေ ကို အခုလိုပြောသွားပါတယ်။

"ဒီလိုပါ။ ဒေါက်တာ ပွန်ထစ် အနေနဲ့ သူစစ်ဆေးခဲ့ရတာက ပေါက်တူး အရိုးကို စစ်ခဲ့ရတာပါ။ ပေါက်တူး လက်ကိုင်ရိုးဘက်ကို စစ်ရတာပါ။ သစ်သားရိုးပေါ့။ စစ်ရတဲ့ စစ်ဆေးချက်အရ လက်ကိုင်ရိုးမှာ တရားခံရဲ့ DNA တခု တွေ့ရှိတယ်။ အဲ့ဒီ့ DNA တခု တွေ့ရှိတဲ့အခါမှာ အဲ့ဒီ့ DNA ကို ဇော်လင်းတို့ ဝေဖြိုးတို့ မောင်မောင်တို့ ရဲ့DNA နဲ့ တိုက်ဆိုင်စစ်ဆေးတဲ့အခါမှာ တူညီတာ မတွေ့ရဘူး။ မတူညီဘူးဆိုတဲ့ ထွက်ဆိုချက် ပေးတာပါ။ ဒါကြောင့်မို့ DNA ပိုင်ရှင်ဖြစ်တဲ့ တရားခံဟာ တခြားတယောက်ဖြစ်မယ်လို့ သူကပြောတာပါ။ "

အဓမ္မပြုကျင့်ခံ ထားရတဲ့ လက္ခဏာတွေနဲ့ သေဆုံးခဲ့ရတဲ့ ဗြိတိန်နိုင်ငံသူ ဟန်နာရဲ့မိန်းမကိုယ်မှာ တွေ့ရတဲ့ DNA စစ်ဆေးချက်တွေမှာလည်း လုပ်ထုံး လုပ်နည်းတွေ လွဲမှားနေပြီး မြန်မာလူငယ်တွေရဲ့ DNA ဖြစ်နိုင်ခြေ ရှိတယ် လို့ပဲ ရေးသားတာ တွေ့ရတယ်လို့ ဒေါက်တာပွန်ထစ်က ထွက်ဆို သွားတယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ဆိုပါတယ်။

" မွေးလမ်းကြောင်းထဲမှာ ရှိနေတဲ့ ဟန်နာ ရဲ့ DNA ဟာ သဘောကတော့ တကယ်တမ်း ဒီမွေးလမ်းကြောင်း အတွင်းဘက်ပိုင်းကျတဲ့ ဟန်နာရဲ့ DNA စစ်စစ်နဲ့ ခုနကပြောတဲ့ ကာမစက်ယှက်ပြီးတော့ မွေးလမ်းကြောင်း အပြင်မှာ ရှိတဲ့ သုတ်ရည်နဲ့ ခွဲခြားပြီး စစ်ဆေးဖို့အတွက် ယူတဲ့အခါမှာ ရောထွေးပြီးတော့ တခါတည်း ယူထားတာ မှားနေပါတယ်။ ဒါကတော့ DNA ယူတဲ့ လုပ်ထုံး လုပ်နည်း လွဲမှားနေတာ ပြောချင်တာပါ။ ဟန်နာရဲ့ DNA အစစ်အမှန် မွေးလမ်းကြောင်း အတွင်းထဲက DNA ကို ရအောင် ယူရမယ်ပေါ့။ ပြီးမှ မုဒိမ်းအကျင့်ခံရတယ်ဆိုတဲ့ အပြင်ဘက်မှာ ရောက်နေတဲ့ သုတ်ရည် သုတ်ပိုးတွေကို တိုက်ဆိုင်ပြီး ယူရမှာပါ။ "

မြန်မာရွှေ့ပြောင်းအလုပ်သမား (၄၀၀၀)ခန့် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့ လူသတ်မှု
ဖြစ်ပွားပြီး ရက်ပိုင်း အတွင်း မှာ လက်ရှိ တရားခံတွေ အဖြစ် စွပ်စွဲခံရသူ ကိုဝင်းဇော်ထွန်း နဲ့ ကိုဇော်လင်း တို့ကို တခြားရွှေ့ပြောင်း အလုပ်သမားတွေနဲ့ အတူ သံသယရှိသူတွေ အဖြစ် ရဲတွေက DNA စစ်ဆေးရယူခဲ့တာပါ။

အဲဒီအချိန်တုန်းက DNA တူညီမှု မရှိဘူးဆိုကာ ပြန်လွှတ်ပေးခဲ့ပြီး စက်တင်ဘာလ ကုန်ပိုင်းမှာပဲ နောက်တကြိမ် ပြန်လည်ဖမ်းဆီးခဲ့ပါတယ်။

ဒီ့နောက်မှာတော့ သေဆုံးသူတွေရဲ့ကိုယ်ခန္ဓာနဲ့ လူသတ်ရာမှာ သုံးတဲ့ပေါက်တူး မှာ မြန်မာလူငယ်တွေရဲ့DNA တွေရှိတယ်လို့ ရဲတွေကပြောဆိုခဲ့ပြီး သူတို့ကိုယ်တိုင်က ကျူးလွန်ကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာလူငယ်၂ဦး ကတော့ အဲဒီ့အချိန်တုန်းက နိုင်ငံတကာမီဒီယာတွေရှေ့မှာ သူတို့သတ်ပါတယ်လို့ ဝန်ခံခဲ့ပြီး နောက်ပိုင်းမှာတော့ ခြိမ်းခြောက်မူတွေ ညှင်းပမ်း မူတွေကြောင့် ဝန်ခံရပါတယ် လို့ တရားရုံးမှာ ထွက်ဆိုသွားပါတယ်။

XS
SM
MD
LG