သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှု တရားခွင်သက်သေထွက်ဆိုချက် ကွဲလွဲ


ထိုင်းနိုင်ငံက ကော့တောင်ကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ သတ်ဖြတ်ခံခဲ့ရတဲ့ဲ ဗြိတိန်နိုင်ငံသားတွေနဲ့ ပတ်သက်လို့ အဓိက သက်သေတွေကို စတင်စစ်ဆေးခဲ့ပြီး မနေ့က တရားခွင်ကနေ တရားခံတွေအဖြစ် စွပ်စွဲခံရသူ လူငယ် ၂ ဦးရဲ့ DNA ပြန်လည်စစ်ဆေးခွင့် ငြင်းပယ်လိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

၂ လကျော်ကြာ ရပ်နားထားပြီးတဲ့နောက် လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ ကော်စမွေတရားရုံးမှာ သက်သေတွေကို စတင် စစ်ဆေးနေရာမှာ ဇူလိုင်လ ၈ ရက်နေ့မှာတော့ သေဆုံးသူတွေကို ပထမဦးဆုံး တွေ့ရှိခဲ့တဲ့ အမှုလိုက် ရဲ ၁ ဦး အပါအဝင် အဓိကသက်သေ ၄ ဦးကို စတင် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ မြန်မာသံရုံးကိုယ်စားပြုရှေ့နေ ဦးအောင်မျိုးသန့်ကတော့ တရားခံအဖြစ် စွပ်စွဲခံရသူ ၂ ဦးရဲ့ DNA ပြန်လည်စစ်ဆေးခွင့်နဲ့ ပတ်သက်လို့ ဒီကနေ့ တရားခွင်ကနေ ငြင်းပယ်လိုက်တယ်လို့ ဆိုပါတယ်။

“တရားခွင်က အခုတော့ တမျိုးဖြစ်သွားပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ၃၀ ရက် ၄ လ ၂၀၁၅ တုန်းကတော့ DNA ပြန်စစ်ချင်ရင် စစ်လို့ရတယ်။ ဒေါက်တာဖွန်ထစ်ဆီကို ပို့ပြီး စစ်ပါလို့ ပြောပြီးတော့ အခုကျတော့ DNA ပြန်စစ်ခွင့် ပြုခဲ့လို့ရှိရင် နောက် ဒီလို DNA ပါလာတဲ့အမှုတွေဟာ နောက် ဒီလိုပဲ အစဉ်အလာအနေနဲ့ တောင်းဆိုလာမှာစိုးတဲ့အတွက်ကြောင့် ဒီဟာကို ခွင့်မပြုနိုင်ပါဘူးတဲ့။ တကယ်လို့ စစ်ချင်တယ်ဆိုရင် အကျဉ်းဦးစီးဌာနကို လူ့အခွင့်အရေးအဖွဲ့နဲ့ ပေါင်းပြီးတော့ လျှောက်လွှာတင်ပါ။ ခွင့်ပြုရင်တော့ အဲဒီမှာ စစ်ပါလို့ ပြောပါတယ်။”

သက်သေအဖြစ် စစ်ဆေးခံရတဲ့ အမှုလိုက်ရဲ ရဲ့ ဒီကနေ့ ထွက်ဆိုချက်မှာလည်း DNA စစ်ဆေးမှုနဲ့ ပတ်သက်လို့ ခိုင်လုံစွာ ထွက်ဆိုနိုင်ခြင်း မရှိဘူးလို့ ရှေ့နေ ဦးအောင်မျိုးသန့်က ဆိုပါတယ်။

“DNA ကိစ္စကလေ ပါတယ်ဆိုပေမဲ့ ခိုင်လုံစွာ မထွက်နိုင်ပါဘူး။ သူကိုယ်တိုင်က DNA ပစ္စည်းကိရိယာကို သူတယောက်အနေနဲ့ ကျွမ်းကျင်တယ်လို့ မဆိုဘဲနဲ့ နားလည်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့တပည့်ပါတဲ့ ၄၊ ၅၊ ၆ ယောက်ကလည်း မလုပ်တတ်ဘူးလို့ ပြောပါတယ်။ အဲဒါ အဲဒီ ၂ ချက်တည်းနဲ့ ဒီကလေးတွေကို DNA စစ်ခဲ့တာပါ။”

ဇူလိုင်လ ၈ ရက်နေ့မှာတော့ တရားခွင်မှာတော့ တရာသူကြီး အပြောင်းအလဲ ဖြစ်နေတာတွေ့ရပြီး အစိုးရဘက်က သက်သေအဖြစ် ထွက်ဆိုသူတွေ ၄ ဦးရဲ့ ထွက်ဆိုချက်တွေဟာ တရားရုံးမှာ ပထမ တင်ပြထားချက်တွေနဲ့ ကွဲလွဲမှုတွေ ရှိနေတယ်လို့လည်း ဆက်ပြောပြပါတယ်။

“အမှုစစ်ရဲရယ်၊ ဆရာဝန် ၁ ယောက်ရယ်၊ နောက်တခါ ကျွန်းသူကြီးရဲ့ညီဖြစ်တဲ့ ဘားပိုင်ရှင်ရယ်၊ နောက်ပြီးတော့ သူ့ရဲ့သူငယ်ချင်း အားလုံးပေါင်း ၄ ယောက်ပါ။ ကျွန်းသူကြီးရဲ့ညီကိုယ်တိုင်က စစ်တဲ့အခါမှာ သူကိုယ်တိုင် အလောင်းမြင်တွေ့ရတုန်းက မှောက်ခုံကြီး၊ အခု တရားရုံးမှာ တင်ထားတဲ့ဓာတ်ပုံက ပက်လက်လန်ကြီးဖြစ်နေတယ်။ အဲတော့ သူတွေ့တဲ့အချိန်နဲ့ မတူဘူး။ နောက်တခါ သေတဲ့ကောင်မလေးရဲ့ မျက်နှာပေါ်မှာ ကိုယ်သုတ်ပုဝါအကြီးကြီး ရှိနေတာလည်း သူတွေ့တဲ့အချိန်မှာတုန်းက အဲဒီပုဝါမရှိဘူး။ အခုမှ ဒီပုဝါ ဘယ်သူလာဖုံးသွားသလဲ မသိဘူး။ ဒီလိုတော့ ကွဲလွဲချက်တွေ ထွက်နေပါတယ်။ ကျနော်တို့ အခုမြင်တဲ့ဟာတွေမှာတော့ အဲလိုမျိုး ကွဲလွဲချက်ကလေးတွေ တွေ့ပါတယ်။ ဥပမာဆိုပါတော့ အခင်းဖြစ်တဲ့ မြေပုံကို မြေပုံဆွဲတဲ့အခါမှာ ရဲဆွဲထားတဲ့ မြေပုံနဲ့ ကျနော်တို့ရရှိထားတဲ့ မြေပုံနဲ့ဟာ GPS မတူဘူးဆိုတာကို တွေ့ရပါတယ်။”

တရားလိုဘက်က သက်သေ ၆၅ ဦးကို စတင်စစ်ဆေးအပြီးမှာ တရားခံအဖြစ် စွပ်စွဲခံရသူတွေနဲ့ မြန်မာသံရုံးဘက်က တင်ပြထားတဲ့ သက်သေတွေကို စစ်ဆေးရမှာ ဖြစ်ပါတယ်။ အခုအချိန်အထိတော့ သက်သေ ၄ ဦးရဲ့ ထွက်ဆိုချက်ဟာ မြန်မာလူငယ် ၂ ဦးကို တရားခံအဖြစ် စွပ်စွဲနိုင်လောက်တဲ့ အချက်တွေ မတွေ့ရသေးဘူးလ့ို ရှေ့နေ ဦးအောင်မျိုးသန့်က ဆိုပါတယ်။ တရားရုံးကိုတော့ သေဆုံးသူ ၂ ဦးရဲ့ မိသားစုဝင်တွေ လာရောက်နားထောင်ကြပြီး ဗြိတိသျှသံရုံးက ကိုယ်စားလှယ်တွေလည်း လာရောက်ကြတယ်လို့ ဆိုပါတယ်။ ကော့တောင်ကျွန်း လူသတ်မှုဟာ စက်တင်ဘာလ ၁၅ ရက်နေ့မှာဖြစ်ခဲ့ပြီး ဗြိတိန်နိုင်ငံသား အသက် ၂၀ ကျော် လူငယ်များဖြစ်တဲ့ ဒေးဗစ်မစ်လာနဲ့ ဟန်နာတို့ဟာ စူးရှချွန်ထက်တဲ့ လက်နက်တွေနဲ့ တိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီထဲမှာ ဟန်နာကတော့ အဓမ္မပြုကျင့်ခံရတဲ့ လက္ခဏာတွေနဲ့ သေဆုံးခဲ့ရတာပါ။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၂၀ ရက်နေ့ကတော့ ထိုင်းရဲတွေက ဟန်နာရဲ့ ကိုယ်ခန္ဓာထဲမှာ တွေ့ရတဲ့ သုတ်ပိုး ၂ မျိုးကို မျိုးရိုးဗီဇ စစ်ဆေးချက်အရ အာရှနိုင်ငံသားများ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီနောက်မှာတော့ သေဆုံးသူတွေရဲ့ ကိုယ်ခန္ဓာပေါ်မှာ DNA မျိုးရိုးဗီဇ စစ်ဆေးချက်တွေအရ မြန်မာနိုင်ငံသားလူငယ် ၂ ဦးကို တရားခံတွေအဖြစ် စွပ်စွဲခဲ့တာပါ။ မြန်မာလူငယ်တွေကတော့ အစပိုင်းမှာ သူတို့သတ်ပါတယ်လို့ ဝန်ခံခဲ့ရပေမဲ့ မြန်မာသံရုံးက ကိုယ်စားလှယ်တွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ ထိုင်းလူ့အခွင့်အရေးအဖွဲ့တွေ၊ ထိုင်းရှေ့နေများကောင်စီက သွားရောက် စစ်ဆေးမေးမြန်းတဲ့ အခါမှာတော့ နှိပ်စက်ညှဉ်းပန်းပြီး ထွက်ဆိုခိုင်းတာကြောင့် ဝန်ခံရပါတယ်လို့ ပြောဆိုကာ ရဲခံဝန်ကို ပြန်လည် ရုပ်သိမ်းခဲ့တာပါ။ ဒီနောက်မှာတော့ သူတို့ရဲ့ DNA ကို ပြန်လည်စစ်ဆေးဖို့အတွက် တရားရုံးက ပြီးခဲ့တဲ့ဧပြီလကုန်က အမိန့်ချမှတ်ခဲ့တာပါ။ ဇူလိုင်လ ၈ ရက်နေ့ တရားခွင်မှာတော့ စွပ်စွဲခံရသူတွေရဲ့ DNA ပြန်လည်စစ်ဆေးခွင့်ကို တရားရုံးက ခွင့်မပြုတော့ဘူးလ့ို ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG