သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှု မြန်မာလူငယ် ၂ ဦး အကျဉ်းထောင်ထဲ သံခြေချင်းခတ်ခံရ


လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ပေးခံထားရတဲ့ မြန်မာလူငယ် ၂ ဦးကို နကွန်စီဌာမရ အကျဉ်းထောင်ထဲမှာ ၂၄ နာရီလုံး သံခြေချင်းခတ်ထားပြီး ၄ လကြာတဲ့အထိ ဒီအတိုင်းပဲ နေထိုင်ရမယ်လို့ သိရကြောင်း ထောင်ဝင်စာ သွားရောက်တွေ့ဆုံသူတွေက ဆိုပါတယ်။ မြန်မာနိုင်ငံမှာတော့ သူတို့လွတ်မြောက်ရေးအတွက် ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေဆဲ ဖြစ်ပါတယ်။ အပြည့်အစုံကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းရှေ့နေများကောင်စီက ရှေ့နေတဦးနဲ့ လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက တာဝန်ခံတဦးတို့ဟာ လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ပေးခံထားရတဲ့ မြန်မာလူငယ် ၂ ဦးဖြစ်တဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ ၂ ဦးကို နကွန်စီဌာမရအကျဉ်းထောင်မှာ ဗုဒ္ဓဟူးနေ့က ထောင်ဝင်စာသွားတွေခဲ့ပါတယ်။ သူတို့ကို ၄ လတာကြာတဲ့အထိ သံခြေချင်းနဲ့ နေထိုင်ရမယ်လို့သိရှိရကြောင်း ထိုင်းလူအခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရုံး အဖွဲ့မှူး မအေးမာချို က အခုလို ရှင်းပြပါတယ်။

“သံခြေချင်းခတ်ထားတယ်။ အခန်းအလွတ်မှာ ထားထားတယ်။ ၂၄ နာရီလုံးခတ်ထားတယ်။ ၄ လတိတိ ခတ်မယ်။ အခန်းကတော့ ၁ လတိတိ ပေးအောင်းနေမှာပေါ့နော်။ ပြီးမှ သူများနဲ့ သွားထားမှာပေ့ါ။ သူတို့ ၂ ယောက်အတူတူ တခန်းတည်းနေရတယ်။ သူတို့နေတဲ့အခန်းမှာ လူဦးရေ ၆၂ ယောက်ရှိတယ်။ ညဘက်ကျတော့ သူတို့ ၆၂ ယောက်ပြည့်တယ်ပေါ့နော်။ နေ့ဘက်ကျတော့ ကျန်တဲ့သူတွေက အပြင်မှာ သွားနေရတယ်။ သူတို့ ၂ ယောက်ကတော့ ထောင်ထဲမှာ အဲဒီအခန်းထဲမှာ နေနေရတာပေါ့နော်။”

မကြာခင်ရက်ပိုင်းမှာပဲ သူတို့ရဲ့အယူခံကို အထက်တရားရုံးမှာ တက်နိုင်ဖို့အတွက် လုပ်ဆောင်နေကြောင်းကိုလည်း ထိုင်းရှေ့နေများကောင်စီက ရှေ့နေက ပြောပြခဲ့တယ်လို့လည်း အခုလို ပြောပါတယ်။

“လာမယ့် ၉ ရက်နေ့မှာ ရှေ့နေတွေက စည်းဝေးမယ်။ အယူခံဝင်မယ့်ကိစ္စကို။ ပြီးတော့ ၁၁ ရက်နေ့မှာ တခါ ရှေ့နေကောင်စီမှာ ပြန်ထပ်ပြီးတော့ စည်းဝေးမှာပေါ့နော်။”

မြန်မာလူငယ် ၂ ဦး သေဒဏ်နဲ့ တခြားပြစ်ဒဏ်များကျခံရကြောင်း ထိုင်းတရားရုံးက ဆုံးဖြတ်ခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ကစပြီး မြန်မာနိုင်ငံမှာ ဆန္ဒပြပွဲတွေ ဆက်တိုက် ဖြစ်ပေါ်နေတာပါ။ ဗုဒ္ဓဟူးနေ့မှာတော့ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဆန္ဒပြပွဲတွေဆက်နေပြီး သမ္မတနဲ့ တာဝန်ရှိသူတွေက လူငယ် ၂ ဦး လွတ်မြောက်ရေးအတွက် သံတမန်နည်းနဲ့ လုပ်ဆောင်ပေးဖို့ တောင်းဆိုတာတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် ြမို့တွေဖြစ်တဲ့ တာချီလိတ်၊ ကော့သောင်၊ မြဝတီ၊ ဘုရားသုံးဆူ စတဲ့ နေရာတွေမှာတော့ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တဲ့အတွက် နယ်စပ်တွေ မတည်မငြိမ် ဖြစ်ခဲ့ရပါတယ်။ ဒီကိစ္စတွေကြောင့် ထိုင်းပြည်တွင်းက နိုင်ငံရေးအင်အားစုတွေ ပါဝင်ပတ်သက်နေတယ်လို့ ထိုင်းအစိုးရက ယူဆမှုတွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံတဝှမ်းမှာလည်း ခွင့်ပြုချက်မပါတဲ့ ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့သလို ရန်ကုန်မြို့မှာရှိတဲ့ ထိုင်းသံရုံးရှေ့မှာ ဆန္ဒပြပွဲတွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့တဲ့အတွက် ထိုင်းသံရုံးကို ယာယီ ပိတ်ထားရပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ တရားမျှတမှုရှိစေဖို့အတွက် အမည်မသိတဲ့ ဟက်ကာတွေက ထိုင်းရဲတပ်ဖွဲရဲ့ ဝပ်ဆိုဒ်တွေကို တိုက်ခိုက်မှုတွေ လုပ်ခဲ့ကြောင်း ဒီအတွက် ထိုင်းရဲတပ်ဖွဲက စုံစမ်းမှုတွေလုပ်နေကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းတွေမှာ ဖော်ပြပါရှိပါတယ်။

XS
SM
MD
LG