သုံးရလွယ်ကူစေသည့် Link များ

ကိုးကန့်ဒေသ အုပ်ချုပ်ရေးမှူးနေအိမ်ကို သူပုန်တွေ တိုက်ခိုက်


်ကိုးကန့်တပ်ဖွဲ့ဝင်တချို့ကို လောက်ကိုင်မြို့မှာ တွေ့ရစဉ်၊ စက်တင်ဘာလ ၂၀၀၉
်ကိုးကန့်တပ်ဖွဲ့ဝင်တချို့ကို လောက်ကိုင်မြို့မှာ တွေ့ရစဉ်၊ စက်တင်ဘာလ ၂၀၀၉

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ကိုးကန့်ဒေသက လောက်ကိုင်မြို့ရှိ အုပ်ချုပ်ရေးမှူး ဦးပယ်ဆောက်ချိန်ရဲ့ နေအိမ်ကို ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့က ဒီကနေ့ မနက်ပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။

တရုတ်နယ်စပ်က ကိုးကန့်ဒုက္ခသည်တွေ စခန်းတွင်းကို ဦးပယ်ဆောက်ချိန် သားတွေက ဝင်ရောက်ပြီး ဒုက္ခသည်တွေကို လောက်ကိုင်မြို့ထဲ ဝင်ရောက်ဖို့ အတင်းအကျပ် တိုက်တွန်းတာကြောင့် သတိပေးတဲ့အနေနဲ့ ဦးပယ်ဆောက်ချိန်ရဲ့အိမ်ကို ဝင်ရောက် ပစ်ခဲ့တာ ဖြစ်တယ်လို့ ဖုန်ကြားရှင်ရဲ့ ကိုးကန့်အဖွဲ့က ဗွီအိုအေကို ပြောဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မေခ က ပေးပို့ထားပါတယ်။

လောက်ကိုင်မြို့ ကျူဖန်ရပ်မှာရှိတဲ့ ကိုးကန့်ဒေသ အုပ်ချုပ်ရေးမှူး ဦးပယ်ဆောက်ချိန်နေအိမ်ကို ဖုန်ကြားရှင် ကိုးကန့်အဖွဲ့က ဒီမနက် ၆ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ ဒါနဲ့ပတ်သတ်ပြီး ဖုန်ကြားရှင် ကိုးကန့်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ဦးပယ်ဆောက်ချိန် သားတွေအနေနဲ့ ဒုက္ခသည်တွေကို လောက်ကိုင်မြို့ထဲ အတင်းအကျပ် ဝင်ဖို့ လုပ်ဆောင်တာမို့ သတိပေးတဲ့အနေနဲ့ အခုလို လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောပါတယ်။
“သူတို့က မြန်မာတပ်မတော်နဲ့ ပေါင်းပြီးတော့မှ refugees camp (ဒုက္ခသည်စခန်း) ထဲမှာ ဒုက္ခသည်တွေကို သွားပြီးတော့ အတင်းအဓမ္မပေါ့ နှိမ်တာတမျိုး၊ ချော့တာတဖုံ၊ ခြောက်တာတမျိုး လောက်ကိုင်မြို့ထဲကို ဝင်ခိုင်းတယ်။ အဲဒီတော့ တချို့လူတွေက ပြန်သွားတယ်။ ဒါပေမဲ့ လူရော၊ ကားရော ပျောက်သွားတယ်ဗျ။ အဲဒါကို သူတို့ကလည်း မရပ်ဘူး၊ ဆက်လုပ်နေတုန်းပဲ။ သူတို့ကို ဟိုအရင်ကတည်းက ပြောပြီးသား။ ကိုယ့်ဟာကို အေးအေးဆေးဆေးနေပါ။ ကျနော်တို့ ပြည်သူလူထုတွေကို ဒုက္ခမပေးပါနဲ့၊ အဲဒါကို သူတို့က တနေ့တခြား ဆိုးဆိုးလာတော့ ကျနော်တို့က warning သွားပေးတာပါ။”

ဝင်ရောက် တိုက်ခိုက်မှုကြောင့် ဦးပယ်ဆောက်ချိန် ကိုးကန့်လုံခြုံရေး တပ်ဖွဲ့မှ ၁ ယောက်သေ ၃ ယောက် ဒဏ်ရာရခဲ့ပြီး ဖုန်ကြားရှင် ကိုးကန့်သူပုန်အဖွဲ့က ၃ ယောက်သေ၊ ၄ ယောက် ဒဏ်ရာရတယ်လို့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က အမည်မဖော်လိုသူ တပ်မတော်အရာရှိတဦးက အတည်ပြု ပြောကြားပါတယ်။
စစ်အုပ်ချုပ်ရေး ကျင့်သုံးနေတဲ့ လောက်ကိုင်မြို့မှာတော့ တည်ငြိမ်စ ပြုလာပြီဖြစ်ပြီး စစ်ရှောင်သွားသူတွေ ရာနဲ့ချီပြီး ပြန်လာနေပြီ ဖြစ်တယ်လို့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ မြို့ခံတဦးဖြစ်တဲ့ ကွမ်လုံပြည်သူ့လွှတ်တော်အမတ်ဦး ဟော်လျှောက်ချမ်း ကလည်း လက်ရှိ လောက်ကိုင်မြို့ အခြေအနေကို အခုလို ပြောပါတယ်။

“မြို့ထဲက နေလို့ရပါပြီ။ တပ်မတော်က နေရာတကာမှာ လုံခြုံရေးယူထားပါတယ်။”

မြန်မာအစိုးရတပ်နဲ့ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ သီတင်း ၂ ပတ်ကြာမြင့်လာပြီ ဖြစ်ပေမဲ့ အခုချိန်ထိတော့ တိုက်ပွဲတွေ ရပ်တန့်နိုင်တဲ့ အနေအထားမျိုး မရှိသေးပါဘူး။ စစ်အုပ်ချုပ်ရေး ကျင့်သုံးနေတဲ့ လောက်ကိုင်မြို့ အနောက်မြောက်ဘက် ကိုးကန့် လက်နက်ကိုင်တပ်တို့ ခြေကုပ်ယူထားတဲ့ ဒေသကို ဒီလ ၂၄ ရက်နေ့က မြန်မာအစိုးရတပ်ဘက်က ထိုးစစ်ဆင်ခဲ့တယ်လို့ ကိုးကန့်ဘက်က ပြောပါတယ်။
ဒီမနက် ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုမှာ လောက်ကိုင်မြို့ပြင်ဘက်က အနီးမှာဖြစ်ပြီး လောက်ကိုင်မြို့ထဲနဲ့ ဝေးတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ကျန်းမာရေးယာဉ်တန်းနဲ့ အခြားသော ယာဉ်တန်းတွေ တိုက်ခိုက်ခံရမှုတွေနဲ့ ပတ်သတ်ပြီး ကိုးကန့်တပ်ဖွဲ့က ဖော်ပြတဲ့ နေရာဒေသ ကွဲလွဲမှုနဲ့ ထိန်းချုပ်နယ်မြေတွေအရ သူတို့ဘက်က လုပ်ဆောင်တာ မဟုတ်ဘူးလို့ အစဉ်တစိုက် ငြင်းဆိုလျက် ရှိပါတယ်။ နိုင်ငံပိုင်သတင်းစာတွေနဲ့ အဲဒီဒေသကို သွားရောက် သတင်းယူခဲ့သူတွေကတော့ ဖုန်ကြားရှင် ကိုးကန့်တပ်ဖွဲ့က ပစ်ခတ်တယ်လို့ ပြောဆိုထားပါတယ်။

စစ်အုပ်ချုပ်ရေး ကျင့်သုံးနေတဲ့ လောက်ကိုင်မြို့ကို ဒီလ ၂၂ ရက်နေ့ကနေ ဒီနေ့အထိ အိမ်ထောင်စု ၁၀၀ ကျော်၊ လူဦးရေ ၈၀၀ နီးပါး ပြန်လည်ရောက်ရှိနေပြီလို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ သီတင်း ၂ ပတ်ကြာပြီဖြစ်တဲ့ ကိုးကန့်စစ်ပွဲကြောင့် စစ်ရှောင်ဒုက္ခသည်ပေါင်း ၄ သောင်းကျော်ဟာ တရုတ်နိုင်ငံဘက်မှာ ခိုလှုံနေရပြီး ဒုက္ခသည် ၁ သောင်းကျော်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို ထွက်ပြေးလာတယ်လို့ သိရပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးပယ်ဆောက်ချိန်ရဲ့ နေအိမ်ကို ကိုးကန့်အဖွဲ့က လက်နက်ကြီးနဲ့ အဝေးကနေ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ လောက်ကိုင်မြို့က တပ်ရင်းဌာနချုပ်ကိုလည်း ကိုးကန့်အဖွဲ့က အဝေးကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး၊ အထိအခိုက်တော့ မရှိဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG