သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TNLA ကိုးကန့်ဘက်က ဝင်တိုက်


လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။ (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)
လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။ (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

မြန်မာအစိုးရတပ်တွေနဲ့ ကိုးကန့်လူမျိုးစု တပ်ဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးက ပါဝင်တိုက်နေကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

တရုတ် - မြန်မာနယ်စပ်မှာ ကိုးကန့်နဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ KIA ကချင်လွတ်မြောက်ရေးတပ်၊ SSA - ရှမ်းပြည်တပ်မတော်တောင်ပိုင်း၊ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဦး တို့ပါ ပူးပေါင်း တိုက်ခိုက်နေတယ်လို့ မြန်မာအစိုးရက ဗုဒ္ဓဟူးနေ့မှာ တရားဝင် ပြောကြားလိုက်တဲ့အပေါ် ပလောင်လွတ်မြောက်ရေးတပ်ဦးက တုံ့ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

တရုတ် - မြန်မာနယ်စပ် ကိုးကန့်ဒေသမှာ မြန်မာအစိုးရတပ်တွေနဲ့ ကိုးကန့်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတာမှာ အရပ်သားတွေ အပါအဝင် နှစ်ဘက် ကျဆုံးမှုတွေရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အချိန်မှာပဲ KIA၊ SSA - တောင်ပိုင်းနဲ့ TNLA အဖွဲ့တို့ပါ ကိုးကန့်ဘက်က ပါဝင် တိုက်ခိုက်နေကြောင်း မြန်မာအစိုးရက ဗုဒ္ဓဟူးနေ့မှာ တရားဝင် ကြေငြာလိုက်တာပါ။

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး - PSLF ခေါ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကတော့ ကိုးကန့်ဒေသမှာရှိနေတဲ့ သူတို့လူမျိုးတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက်နဲ့ ကိုးကန့်အဖွဲ့နဲ့ မဟာမိတ်ပြုထားတဲ့အတွက် မြန်မာအစိုးရတပ်တွေကို ဆန့်ကျင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးက ပြန်ကြားရေးဌာနမှူးက ဗွီအိုအေကို ပြောပါတယ်။

“အဓိကတော့ AA ရခိုင်တပ်မတော်ရယ်၊ ကျနော်တို့ TNLA အဖွဲ့ရယ်၊ စောစောကပြောတဲ့ MNDAA ကိုးကန့်အဖွဲ့ ဒီ ၃ ဖွဲ့ကတော့ ပူးပေါင်းတိုက်ခိုက်နေတာ ရှိတာပေါ့နော်။ ကျန်တဲ့အဖွဲ့ကတော့ ပါတယ်၊ မပါဘူး ဆိုတာ ကျနော် ဂဃနဏ မသိပါဘူး။ ကျနော်တို့ သိရသလောက်ကတော့ မပါဘူးလို့ သိရပါတယ်။ ကျနော်တို့ TNLA အနေနဲ့ ပါဝင်ရတဲ့ အကြောင်းရင်းကတော့ အဲ့ဒီဘက် အထူးသဖြင့် လောက်ကိုင်၊ ကုန်းကြမ်း မြို့နယ်ထဲမှာပေါ့ အဲ့ဒီဘက်မှာဆိုရင် ပလောင်တိုင်းရင်းသားတွေနေတဲ့ ကျေးရွာရှိတယ်။ အဲ့ဒီကျေးရွာမှာက ပလောင်က ၃၀ နဲ့ ၅၀ ကြားမှာရှိတယ်ပေါ့နော်။ အဲ့ဒါကြောင့် ကိုယ့်လူမျိုးကို ကာကွယ်တာလည်း တကြောင်းပါတယ်။ နောက်တခုက MNDAA နဲ့ TNLA ကြားမှာ မဟာမိတ်ဖွဲ့ထားတာ ရှိတယ်။ အဲ့ဒါကြောင့် တဖွဲ့နဲ့တဖွဲ့ ဒုက္ခရောက်တဲ့အချိန်မှာ အပြန်အလှန် ကူညီဖို့ တာဝန်ရှိပါတယ်။”

အစောပိုင်းကလည်း မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA လို့ခေါ်တဲ့ ကိုးကန့်အဖွဲ့နဲ့ မဟာမိတ်ပြုထားတဲ့ တခြားတပ်ဖွဲ့တွေဟာ ကိုးကန့်ဘက်က ပါဝင်တိုက်ခိုက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေခဲ့တာပါ။

အခု အစိုးရနဲ့ တိုက်ပွဲဖြစ်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရေး ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေဖြစ်ပါတယ်။

တဘက်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်နေတဲ့တချိန်တည်းမှာပဲ လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ် အစိုးရစစ်တပ်က အခုလို ထိုးစစ်ဆင် တိုက်ခိုက်နေတာက ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်ပါသလားဆိုတဲ့ မေးခွန်းအပေါ်မှာ ပလောင်ပြန်ကြားရေး တာဝန်ခံက အခုလို သုံးသပ်ပါတယ်။

“ကျနော်တို့ အခု လတ်တလော အခြေအနေအရ ကြည့်မယ်ဆိုရင်တော့ ငြိမ်းချမ်းရေးရဖို့က ပိုပြီး ဝေးလာနိုင်တဲ့ အနေအထားရှိတယ်။ အခု တလအတွင်းမှာ အစိုးရတပ်ဘက်က တောက်လျှောက် ထိုးစစ်တက်လာတာပေါ့နော်။ အထူးသဖြင့် TNLA လှုပ်ရှားနယ်မြေဖြစ်တဲ့ ကိုးကန့်နဲ့ လောက်ကိုင်ဘက်ခြမ်းကို အဲ့ဒီနှစ်ဘက်မှာ တော်တော်လေး ပြောမယ်ဆိုရင်တော့ တရက်ခြား နှစ်ရက်ခြားကို တိုက်ပွဲတွေက ဖြစ်လာတာ။ အဲ့ဒါတွေကို ကြည့်မယ်ဆိုရင်တော့ ငြိမ်းချမ်းရေး ဆွေးနွေးတာက ခပ်ကျဲကျဲရယ်၊ ထိုးစစ်ဆင်တာက ခပ်စိပ်စိပ် ဖြစ်လာတယ်။ အဲ့ဒါကြောင့်မို့ ထင်သလောက်တော့ ခရီးမရောက်နိုင်ဘူးပေါ့နော်။ ဒီအတိုင်းပဲ ဆက်သွားလို့ရှိရင်ောတ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲက ဝေးလာပြီးတော့ တိုက်ပွဲက ပိုပြီး ပြင်းထန်လာနိုင်တဲ့ အနေအထားမှာရှိတယ်။”

တနည်းအားဖြင့်တော့ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အစိုးရဖက်က သူတို့လိုချင်တဲ့ လမ်းကြောင်းအတိုင်း တိုင်းရင်းသားတွေဖက်က သဘောတူ လက်ခံလာအောင် လက်နက်ကိုင်နည်းလမ်းနဲ့ ဖိအားပေး ဆောင်ရွက်တာလည်း ဖြစ်နိုင်ကြောင်း သူက ဆက်ပြောပါတယ်။

“ကျနော်တို့မြင်တာကတော့ တဘက်က ဒီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို သူတို့ချမှတ်တဲ့ မူဘောင်ထဲ မဝင် ဝင်အောင် အဲ့ဒါမျိုး ဖိအားပေးတဲ့ဟာ ပုံစံက တမျိုးပေါ့နော်။ တမျိုးကတော့ ၂၀၁၅ ရွေးကောက်ပွဲကလည်း နီးကပ်လာပြီပေါ့နော်။ အဲ့လိုမျိုး နီးကပ်လာတဲ့အချိန်ကျတော့ အခြားအဖွဲ့အစည်းတွေ၊ အခြားပါတီတွေ လှည့်ကွက်ပုံစံနဲ့ တောက်လျှောက်လုပ်နေတဲ့ သဘောမှာရှိပါတယ်။ အဓိကကတော့ အခုဖြစ်နေတဲ့ စစ်ပွဲက နိုင်ငံရေးကြောင့် ဖြစ်တာပေါ့နော် နိုင်ငံရေးကြောင့် ဖြစ်တဲ့အတွက် နိုင်ငံရေးအရ အကျေအလည် ဆွေးနွေးနိုင်မယ်ဆိုရင် တိုက်ပွဲက အလိုလိုနေရင်း ငြိမ်းချမ်းသွားမယ်ပေါ့နော်။ တကယ်လို့ ငြိမ်းချမ်းရေးနည်းလမ်းအရ မဖြေရှင်းဘဲနဲ့ တောက်လျှောက် ဒီ ကျန်တဲ့နည်းလမ်း သုံးမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကတော့ တာရှည်ခံနိုင်မယ့် အနေအထားတော့ မရှိဘူးပေါ့။”

ကိုးကန့် လောက်ကိုင်ဒေသမှာ လက်ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ထိန်းသိမ်းဖို့ ကြိုးစားတဲ့အနေနဲ့ ဖောဖော်ဝါရီလ ၁၇ ရက် ရက်စွဲနဲ့ သမ္မတ ဦးသိန်းစိန်က အရေးပေါ် အခြေအနေ ကြေငြာလိုက်ပြီးဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီဒေသမှာ ဖြစ်တဲ့ ပြစ်မှုဆိုင်ရာ မှုခင်းတွေကို စစ်ခုံရုံးတင် စစ်ဆေးတာအပါအဝင် အုပ်ချုပ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စအ၀၀ကို ဗိုလ်မှူးကြီး စောမြင့်ဦးကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထူးအာဏာကုန် လွဲအပ်လိုက်တဲ့အကြောင်း ကြေငြာချက် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ လောက်ကိုင် ဒေသမှာ တိုက်ပွဲတွေ သိပ်ပြင်းထန်မှုမရှိတော့ပဲ အေနီးတဝိုက်မှာ တပ်မတော်ဖက်က လက်နက်ကြီးတွေနဲ့ ကြိုကြား ပစ်ခတ်တာလောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။ ၁၂ ရက်လောက် ကြာလာပြီတဲ့ တိုက်ပွဲတွေကြောင့် အစိုးရတပ်ဘက် အရာရှိ ၅ ဦး၊ စစ်သည် ၄၂ ဦးကျဆုံးကြောင်းနဲ့ ကိုးကန့်တပ်ဖွဲ့ဘက်က သေဆုံးသူ ၃၀ ခန့်ရှိကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသလို အရပ်သား ၁၀၀ လောက် သေဆုံးပြီးဖြစ်ကြောင်းလည်း ဒေသခံတွေက ခန့်မှန်း ပြောဆိုနေကြပါတယ်။

XS
SM
MD
LG