သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောက်ကိုင်ဒေသ တိုက်ပွဲပြင်းထန်


MNDAA ကိုးကန့် တပ်ဖွဲ့ဝင်တချို့
MNDAA ကိုးကန့် တပ်ဖွဲ့ဝင်တချို့

ရှမ်းပြည်နယ်၊ လောက်ကိုင်၊ ကုန်းကြမ်းဒေသဖက်မှာ မြန်မာစစ်တပ်နဲ့ ကိုးကန့်၊ ပလောင်၊ ရခိုင်တပ်မတော် တပ်ပေါင်းစု အဖွဲ့တွေနဲ့ ဒီကနေ့မှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ ဒီအခြေအနေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်၊ လောက်ကိုင်ဒေသ ကုန်းကြမ်းမြို့နယ် အတွင်းမှာ မြန်မာစစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့ အပါအဝင် တိုင်းရင်းသား တပ်ပေါင်းစုတွေအကြား ဒီနေ့မနက်မှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ (MNDAA) ကိုးကန့်တပ်ဖွဲ့ရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက အခုလိုပြောပါတယ်။
“အဓိကကတော့ ဒီရှမ်းဒေသမှာပေါ့၊ အဲဒီမှာ ဖြစ်ပါတယ်။ သူတို့ပြောပြောနေတဲ့ ပွိုင့်၊ ကုန်း ၂၀၂၂ အဲဒီနေရာမှာ ဖြစ်ပါတယ်။ မနက်မိုးမလင်းခင်ကတည်းက ကျနော်ထင်တယ်၊ ၄ နာရီတောင်မထိုးသေးဘူး၊ ၄ နာရီ ပတ်ဝန်းကျင်မှာ စပြီးတော့ လက်နက်ကြီးနဲ့ ပစ်ပါတယ်။ တမိနစ်ကို လက်နက်ကြီးကျည်က ၁၀၀ ကျော်လောက်ကျတယ် ပြောပါတယ်။ ပြီးတော့ Husky (ရဟတ်ယာဉ်) လား၊ တိုက်လေယာဉ်လား ဒီနေ့သုံးတယ်ပြောတယ်။ သုံးပြီးတော့ပစ်တယ်၊ လာပြီးတော့ ဗုံးကြဲတယ်၊ စက်သေနတ်ကြီးနဲ့ပစ်တယ်။ ပြီးတော့ ကြည်းတပ်ကထိုးတယ်။ အဲဒီလို နေ့ပိုင်းအထိတော့ ၃ ကြိမ်ရှိပြီလို့ ကြားပါတယ်။ ဒီနေ့ဆို တင့်ကားတို့၊ သံချပ်ကာကားတို့နဲ့လည်း ပစ်ကူပါတယ်။ ”

အခုတိုက်ပွဲမှာ မြန်မာ့တပ်မတော်ဘက်က သံချပ်ကာ လက်နက်ကြီးတွေအပြင်၊ တိုက်လေယာဉ်တွေပါ အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက် နေတယ်လို့လည်း ဆိုပါတယ်။ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုကိုတော့ အတည်မပြုနိုင်သေးဘူးလို့လည်း ဦးထွန်းမြတ်လင်းက ပြောပါတယ်။

အခုဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ တအောင်း ပလောင်တပ်ဖွဲ့တွေကလည်း တိုင်းရင်းသား တပ်ပေါင်းစုတွေနဲ့အတူ ပါဝင်တိုက်ခိုက်နေတဲ့ အခြေအနေကိုတော့ တအောင်း ပလောင်တပ်ဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီးတာ့အိုက်ကျော်က အခုလို ပြောပါတယ်။
“ဒီနေ့ဖြစ်တာကတော့ လောက်ကိုင်၊ ကုန်းကြမ်းပိုင်းမှာဖြစ်တယ်။ ကိုးကန့်ဒေသ၊ ကိုးကန့်ဘက်ခြမ်းမှာ။ တိုက်ပွဲကတော့ တော်တော်လေး ပြင်းပြင်းထန်ထန်ဖြစ်တယ်။ တပ်ရင်း ၄၄၇ နဲ့ ကိုးကန့်အဖွဲ့နဲ့ တပ်ပေါင်းစုနဲ့ပေါ့။ အစိုးရဖက်ကတော့ အမြောက်တွေရော၊ သံချပ်ကာကားတွေရော၊ လက်နက်ကြီးတွေရော အသုံးချပြီးတော့မှ တော်တော်ပစ်တာပေါ့နော်။”

ပြီးခဲ့တဲ့မေလ (၁၀) ရက်နေ့ ညဘက်မှာလည်း TNLA တအောင်းတပ်မတော် အမှတ် (၆) အခြေချဗျူဟာနယ်မြေ သိန္နီမြို့နယ်ထဲက နားတီးရွာနဲ့ မြောက်ဇီကျေးရွာကြားမှာ ထိုးစစ်ဆင်လာတဲ့ မြန်မာ့တပ်မတော်နဲ့ တအောင်း တပ်မတော် တပ်ရင်း (၆၆၁) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါသေးတယ်။

အဲဒီတိုက်ပွဲမှာ တအောင်းတပ်ဘက်က တပ်မတော်ရဲ့ စစ်မော်တော်ယာဉ် (၄) စီးကို ဖျက်စီးနိုင်ခဲ့ပြီး မြန်မာ့တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှု များပြားတယ်လို့ ဗိုလ်ကြီးတာ့အိုက်ကျော်က အခုလိုပြောပါတယ်။
“ကွမ်းလုံ၊ သိန္နီလမ်းအတိုင်းပေါ့နော်၊ အဲဒီမှာ နားတီးရွာနဲ့ မြောက်ဇီရွာကြားမှာ တိုက်ပွဲ တနာရီကျော်ကြာ ဖြစ်သွားတယ်။ အဲဒီမှာသူတို့ ဗျုဟာ (၆) ပေါ့နော် အခြေချထားတယ်။ အဲဒီမှာ မြန်မာအစိုးရတပ်က ကားအစီးရေ ၇၀ ကျော်နဲ့ ထိုးစစ်ဆင်တက်လာတယ်။ အဲဒီမှာ တက်လာတဲ့အချိန်မှာပဲ ဒီဖက်နဲ့တိုးတော့ အဲဒီမှာ တိုက်ပွဲ တနာရီကျော်ကျော် ဖြစ်သွားတယ်။ အဲဒီမှာ ဒီဘက်ကတော့ ထိခိုက်ကျဆုံးမှု မရှိဘူး။ အစိုးရဘက်က ကား ၄ စီး ပျက်စီးသွားတယ်။ ၂၀ လောက် ကျဆုံးပြီးမှ၊ ၁၇ ယောက်ကျော် ဒဏ်ရာရတယ်လို့ သိရတယ်။”

တိုက်ပွဲအပြီးမှာ စစ်သည်နဲ့ အမြောက်တွေ တင်ဆောင်လာတဲ့ စစ်ယာဉ်(၇၀) စီးအနက်က (၂၀) စီးသာ ကွမ်းလုံလမ်းအတိုင်း ဆက်လက်ချီတက်နေပြီး ကျန်အစီး (၄၀) ဟာ သိန္နီလမ်းအတိုင်း ပြန်လည် ဆုတ်ခွာခဲ့တယ်လို့လည်း တအောင်းတပ်မတော်ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပေမဲ့ ဒီတိုက်ပွဲရဲ့ထိခိုက်ကျဆုံးမှုတွေကိုတော့ သီးခြားအတည်ပြုချက် မရရှိသေးပါဘူး။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အနေနဲ့ လက်ရှိဖြစ်ပွားနေဆဲဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့၊ တအောင်း ပလောင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ ရခိုင်တပ်မတော် (AA) တို့နဲ့ အစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အစီအစဉ် ရှိတယ်လို့လည်း မေလ (၉) ရက်နေ့မှာ သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် မြန်မာအစိုးရ စစ်တပ်အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ရပ်တန့်ဖို့ လိုတယ်လို့ PSLF ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးရဲ့ အတွင်းရေးမှူး မိုင်းဘုန်းကျော် က အခုလို ပြောပါတယ်။
“ငြိမ်းချမ်းရေး တကယ်ဆန္ဒအမှန်ရှိတယ်၊ မြန်မာပြည်တခုလုံးကို တိုက်ပွဲတွေ ရပ်စေချင်တယ် ဆိုရင်တော့၊ မြန်မာအစိုးရ ဘက်ကနေပြီးတော့မှ ထိုးစစ်တွေရပ်ဖို့လိုမယ်။ သူတို့ရပ်တယ်ဆိုရင် ကျနော်တို့လည်း ရပ်လို့ရတယ်။ ”

တခြားတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မီတီအနေနဲ့ တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေး ပဏာမသဘောတူညီချက်တွေ ရယူပြီးခဲ့ပေမဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦးနဲ့တော့ အပစ်အခတ် ရပ်စဲရေးသဘောတူညီမှု မရရှိသေးပါဘူး။

လက်ရှိအခြေအနေအရ တပြည်လုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲနိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မီတီအဖွဲ့နဲ့ တိုင်းရင်းသားအဖွဲ့ (NCCT) တို့အကြား အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး အပစ်အခတ် ရပ်စဲရေးဆိုင်ရာမူကြမ်းကို လက်မှတ်ရေးထိုးနိုင်ခဲ့ပေမဲ့၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရ စစ်တပ်တို့အကြား စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG