သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်တိုက်ပွဲကြောင့် တလအတွင်း အရပ်သား ၁၀၀ ခန့်သေဆုံး


မြန်မာ့တပ်မတော်သားများ လောင်ချာသယ်ဆောင်ပြီး ကိုးကန့်ဒေသလမ်းတွေပေါ် ကင်းလှည့်နေစဉ်။
မြန်မာ့တပ်မတော်သားများ လောင်ချာသယ်ဆောင်ပြီး ကိုးကန့်ဒေသလမ်းတွေပေါ် ကင်းလှည့်နေစဉ်။

ကိုးကန့်ဒေသမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်နေတာ ဒီကနေ့ တလပြည့်ပြီဖြစ်ပါတယ်။ အခုချိန်အထိဖြစ်နေတဲ့ စစ်ပွဲအတွင်းမှာ အရပ်သား တရာလောက် သေဆုံးခဲ့ရပြီး သောင်းနဲ့ချီ အိုးအိမ်စွိန့်ခွာထွက်ပြေးနေကြရသလို စစ်ဒဏ်ကြောင့် ဒေသတွင်းစီးပွားရေးထိခိုက်မှုတွေ အကြီးအကျယ်ကြုံခဲ့ရတာပါ။ ကိုးကန့်ဒေသ လက်နက်ကိုင်ပဋိပက္ခနောက်ဆုံးအခြေအနေကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကိုးကန့်ဒေသစစ်ပွဲဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ခဲ့ပြီး ဒီကနေ့ဆို တလပြည့်လာပြီဖြစ်ပါတယ်။

စစ်ပွဲတလပြည့်ချိန်မှာ အရပ်သားတွေ ထိခိုက်သေကျေပြီး နေအိမ်အဆောက်အဦတွေ ပျက်စီးရသလို စီးပွားရေးလုပ်ငန်းတွေလည်း လုံးဝပျက်ဆီးဆုံးရှုံးနေရတယ်လို့ ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဟော်ရှောက်ချန်းက အခုလို ပြောပါတယ်။

“ဆုံးရှုံးမှုကများတယ်ဟေ့၊ အိမ်လည်းပျက်တယ်၊ လူလည်းသေတယ်။ အရပ်သားထိခိုက်သေတာ အယောက်တရာကျော်သွားပြီ။ …ကြံစိုက်တာ အခု ကြံက ထုတ်လို့မှ မရတော့ဘူး။ ဘာမှ လုပ်လို့မရတော့ဘူး။ ဧက-က လေးသောင်းလောက်ရှိတာကိုး။ လေးသောင်းလောက်ရှိတော့ ……။ ဗမာငွေဆိုရင်တော့ ……. ဒါက အိမ်ခြေပေါင်းများစွာ ဆုံးရှုံးသွားတာကိုး။ ဘာလုပ်ငန်းမှ လုပ်လို့မရတာဘဲ။”

ထိခိုက်ပျက်စီးမှုအများဆုံးကတော့ လောက်ကိုင်မြို့ဖြစ်ပြီး ဆုံးရှုံးရတဲ့ ပမာဏကိုတော့ အသေးစိတ်မတွက်ချက်နိုင်သေးကြောင်းလည်း ဦးဟော်ရှောက်ချန်းက ပြောပါတယ်။

လောလောဆယ်မှာ တရုတ်ပြည်ဘက်ကို စစ်ရှောင်ဒုက္ခသည် အနည်းဆုံး ၃ သောင်းလောက် တိမ်းရှောင်နေရပြီး ကိုးကန့်ဒေသကို သွားရောက်အလုပ်လုပ်ကိုင်တဲ့ မြန်မာပြည်အတွင်းပိုင်းဒေသက လူ တသောင်းကျော်လည်း တိမ်းရှောင်နေရပါတယ်။

ပျက်စီးဆုံးရှုံးတဲ့အခြေအနေကို မေးမြန်းဖို့ လောက်ကိုင်မြို့နယ် အုပ်ချုပ်ရေးမှူးကို ဆက်သွယ်ရာမှာတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ကွမ်းလုံမြို့နယ် အုပ်ချုပ်ရေးမှူးကတော့ ကွမ်းလုံမြို့နယ်အတွင်းမှာ ထိခိုက်ဆုံးရှုံးတာမရှိကြောင်းနဲ့ စစ်ရှောင်ဒုက္ခသည်တွေကို ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေကြောင်း ပြောပါတယ်။

ကိုးကန့်တပ်ဖွဲ့ဖြစ်တဲ့ MNDAA ခေါ် မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းကတော့ စစ်ပွဲ တလတာအတွင်း သူတို့တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးတဲ့အခြေအနေကို အခုလို ပြောပါတယ်။

“ကျနော်တို့က ၁၄ ယောက်လောက်ဖြစ်မယ်-ကျတာ။ ဒါဏ်ရာရတာကတော့ မနေ့တုန်းကအထိတော့ ၄၀ လောက်ရှိမယ်။ ဒါပေမယ့် ကောင်းသွားတာက ၂၀ ကျော်ပြီ။ အခုဟာက ၂၀ ကျန်မယ်။ ကျနော်ရတဲ့သတင်းအရကတော့ သူတို့ဘက်မှာကျတဲ့လူက ၃၀၀ ကျော်နေပြီ။ ဒါဏ်ရာရတာကလည်း ၄၀၀ လောက်ရှိတယ်ပြောတယ်။”

အစိုးရဘက်က ထုတ်ပြန်တဲ့သတင်းအရဆိုရင် တပ်မတော်ဘက်က အရာရှိအပါအဝင် ၈ဝ ကျော် ကျဆုံးပြီး ကိုးကန့်တပ်ဖွဲဘက်က ကျဆုံးတာ ၁ဝဝ ကျော်လောက်ရှိပြီဖြစ်ပါတယ်။

ကိုးကန့်တပ်ဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးညှိနှိုင်းအဖွဲ့ NCCT နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်ဖြစ်ပြီး လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလိုတယ်လို့လည်း ကိုးကန့်တပ်ဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“NCCT ကိုလည်း အစည်းအဝေးတွေမှာ ကိုယ်စားလှယ်လွှတ်ပါတယ်။ ကျနော်တို့က အဖွဲ့ဝင်လည်းဖြစ်ပါတယ်။ UNFC ထဲမှာလည်း ကျနော်တို့ကအဖွဲ့ဝင်ပါ။ ဘာဖြစ်လို့ အဲလိုဝင်သလဲဆိုတော့ နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းတဲ့နိုင်ငံရေးနည်းလမ်းနဲ့ပဲ အခြေဖရှာရအောင်-ဆိုပြီးတော့ အဖွဲ့ဝင်ခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျ။ အခုစစ်ပွဲက ၂၀၀၉ ရဲ့နောက်ဆက်တွဲပါခင်ဗျ။ ကျနော်တို့ ကိုးကန့်တိုင်းရင်းသားဟာ မြန်မာနိုင်ငံ ပြည်ထောင်စုကြီးထဲက ၁၃၅ မျိုးသောတိုင်းရင်းသားထဲက တမျိုးဖြစ်ပါတယ်ခင်ဗျ။ ကျနော်တို့ ပြောပြောနေတဲ့ အချုပ်အခြာအာဏာကို ထိပါးတဲ့စစ်ပွဲလို့ သူတို့ကပြောပါတယ်။ ကျူးကျော်စစ်လို့ သူတို့က ပြောပါတယ်။ အဲဒါကို ကျနော်တို့အနေနဲ့ လက်မခံနိုင်ပါဘူးခင်ဗျ။”

မြန်မာအစိုးရဘက်ကတော့ ကိုးကန့်တပ်ဖွဲ့နဲ့ စေ့စပ်ဆွေးနွေးဖို့မရှိကြောင်း သတင်းထုတ်ပြန်ထားပြီး စနေနေ့နဲ့ တနင်္ဂနွေနေ့အထိတော့ အစိုးရဘက်က လေတပ်အင်အားနဲ့ အမြောက်တွေနဲ့ပါ ကိုးကန့်တပ်တွေကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နေရဆဲဖြစ်ပါတယ်။

XS
SM
MD
LG