သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်တိုက်ပွဲ အရပ်သား ထိခိုက်သေဆုံးမှုရှိ


လောက်ကိုင်ဒေသမှ ထွက်ပြေးလာကြသည့် စစ်ပြေးဒုက္ခသည်များ။
လောက်ကိုင်ဒေသမှ ထွက်ပြေးလာကြသည့် စစ်ပြေးဒုက္ခသည်များ။

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ ဒီရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေ ကြိုကြား ဆက်လက်ဖြစ်ပွားနေပြီး လောက်ကိုင်မြို့တွင်း ဝင်ရောက်လာတဲ့ အစိုးရတပ်က အရပ်သားတွေကို ပစ်ခတ်သတ်ဖြတ်တာတွေ ရှိနေတယ်လို့ ကိုးကန့်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ကွမ်းလုံမြို့နယ်က ကိုးကန့်လွှတ်တော်ကိုယ်စားလှယ် တဦးကတော့ လောက်ကိုင်မှာ အရပ်သားသေဆုံးသူ ၄၀ ကျော် လောက်ရှိတယ်လို့ သိရကြောင်း ပြောဆိုသလို အစိုးရစစ်တပ်ဘက်ကတော့ အရပ်သားတွေကို သတ်ဖြတ်တာမရှိကြောင်း ငြင်းဆိုထားပါတယ်။ ကိုးကန့်ဒေသဘက်က အခြေအနေကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ကိုးကန့်တပ်ဖွဲ့နဲ့ အစိုးရတပ်အကြား တိုက်ပွဲဖြစ်ပွားတာ ၁၀ ရက် ကြာမြင့်လာချိန်မှာ အရပ်သားတွေ အများအပြား သတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ အရပ်သားတွေ သေဆုံးနေတဲ့ အခြေအနေကို မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA ခေါ် ကိုးကန့်တပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းမြတ်လင်းက အခုလို ပြောပါတယ်။

“တိုက်ပွဲအခြေအနေကတော့ သိပ်မရှိဘူး ဒီရက်ပိုင်းမှာ။ ဒါပေမဲ့ ဒီ တပ်မ ၃၃ ကနေပြီးတော့ အပြစ်မဲ့တဲ့ ပြည်သူလူထုတွေကိုမြင်တိုင်း သေနတ်နဲ့ပစ်တယ်ဗျ။ အသက်အရွယ်မရွေး၊ ကျား/မ မရွေးဗျ။ လောက်ကိုင်မြို့မှာပါ။ မနေ့တုန်းကလည်း ပစ်တယ်။ ၂ ရက်ပေါင်းလိုက်ရင် တစ်ရာကျော်မယ်ထင်တယ်။ ဒီအပြစ်မဲ့တဲ့ ပြည်သူလူထုတွေ ဆုံးသွားတာ၊ သေသွားတာ။ တခြားဒေသမှာတော့ သိပ်မကြားသေးဘူး။ လောက်ကိုင်မြို့မှာတော့ ဒီလို ပစ်သတ်နေတယ်ဗျ။”

တနင်္လာနေ့ထုတ် တရုတ်ပြည် ယူနန်သတင်းစာတွေမှာ အစိုးရစစ်တပ်က အရပ်သားတွေကို သတ်ဖြတ်နေတယ်ဆိုတဲ့ သတင်းကို ဓာတ်ပုံနဲ့တကွ ဖော်ပြတာတွေ ရှိနေပါတယ်။

မြန်မာအစိုးရ စစ်တပ်ဘက်ကတော့ အရပ်သားတွေကို သတ်ဖြတ်တာ လုံး၀ မရှိဘူးလို့ ငြင်းဆိုကြောင်း ဒီနေ့ထုတ် 7day သတင်းစာမှာ ဖော်ပြပါတယ်။ 7day သတင်းစာမှာ တပ်မတော် အဆင့်မြင့် အရာရှိတဦးက လောက်ကိုင်မြို့တွင်း တိုက်ပွဲမှာ နေအိမ်တွေအတွင်းကနေ အစိုးရတပ်သားတွေကို အရပ်ဝတ်တွေနဲ့ ချောင်းမြောင်းပစ်ခတ်တာတွေရှိကြောင်း၊ ရပ်ကွက်တွင်းက နေအိမ်တွေကို ဝင်ရောက်ရှင်းလင်းရာမှာ ယူနီဖောင်းနဲ့ဖြစ်ဖြစ် အရပ်ဝတ်နဲ့ဖြစ်ဖြစ် တွေ့ရင် ပစ်ခတ်ကြောင်းနဲ့ စစ်ဖြစ်နေချိန်မှာ နေအိမ်ထဲမှာ ရိုးရိုးအရပ်သားတွေ မနေတော့ကြောင်း ပြောဆိုတာကို ကိုးကား ဖော်ပြထားပါတယ်။

အရပ်သားတွေ သတ်ဖြတ်ခံနေရတဲ့ သတင်းနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းရာမှာ ပြည်ထောင်စုဝန်ကြီးက အစည်းအဝေး သွားနေကြောင်းသာ တုံ့ပြန်ခဲ့ပါတယ်။ လောက်ကိုင်မြို့ခံတွေကို မေးမြန်းရာမှာတော့ သူတို့ ဘာမှ မသိကြောင်းသာ ဖြေဆိုကြပါတယ်။

“ကျနော်တော့ မသိဘူး။ ကျနော်တော့ မသိဘူး။ ဟုတ်ပါတယ် ကျနော် လောက်ကိုင်မှာပါ။ ဒီလိုပါ ကျနော်က ကြောက်တတ်တယ်။ ကျနော်လည်း အပြင်မထွက်တော့ မသိလို့ပါ။”

“ကျမတို့ ဘာမှ မသိဘူး။”

လောက်ကိုင်မြို့နယ်က ပြည်သူ့လွှတ်တော် ဦးကျော်နီနိုင်ကို မေးမြန်းရာမှာလည်း အရပ်သားတွေ သေဆုံးတဲ့သတင်းကို မကြားသိသေးကြောင်းသာ ဖြေဆိုပါတယ်။

“ဟုတ်ကဲ့ ကျနော်ကတော့ မကြားသေးဘူး။ မကြားသေးဘူး။ တိုက်ပွဲအခြေအနေကိုလည်း ဒီနေ့တော့ ကျနော်တို့ ဘာမှ မကြားသေးဘူး။”

ကွမ်းလုံမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဟော်လျှောက်ချမ်းကတော့ အရပ်သား အများအပြား သေဆုံးနေပြီး သေဆုံးသူတွေမှာ သူ့အမျိုးတွေပါ ပါဝင်တယ်လို့ ပြောပါတယ်။

“အများကြီးသေပါတယ်။ ကျနော်တို့ ကွမ်းလုံဒေသက အများကြီးသေပါတယ်။ မြေးကလေးလည်းသေတယ်။ အဖွားကြီးလည်းသေတယ်။ သာမန်ရွာသားလည်းသေတယ်။ ၄၆၀ လောက်သေတယ်။ ဒီလိုသေပျောက်တယ်ဆိုတာ တကယ့်သေတာ။ တကယ်သေတာ။ အများကြီးသေတယ်နော်။ ကျနော့်အမျိုးလည်းသေသွားတယ်။ ဘာမှမဟုတ်ဘူး။ ဒါ တကယ် ကိုယ့်လူတွေပဲ။ ဒါက အမှန်ပဲ။”

ဘယ်အဖွဲ့အစည်းက သတ်ဖြတ်လို့ သေဆုံးသလဲဆိုတာကိုတော့ ဦးဟော်လျှောက်ချမ်းက ဖြေဆိုတာမရှိပါဘူး။ ဒီနေ့ ထုတ် Daily Eleven သတင်းစာမှာတော့ လောက်ကိုင်ဒေသက ထွက်ပြေးတိမ်းရှောင်သူတွေထဲက သေဆုံးသူ ၃၀ ကျော်ရှိပြီး ဒဏ်ရာရသူ ရာဂဏန်းလောက်ရှိကြောင်း အကူအညီပေးရေးအဖွဲ့တွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။

ဒီလ ၉ ရက်နေ့က စတင်ခဲ့တဲ့ ကိုးကန့်ဒေသတိုက်ပွဲအတွင်းမှာ အစိုးရတပ်မတော်က အရာရှိ ၅ ဦး၊ စစ်သည် ၄၂ ဦးကျဆုံးကြောင်းနဲ့ ကိုးကန့်တပ်ဖွဲ့ဖက်က သေဆုံးသူ ၃၀ ခန့်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ဖုန်းကြားရှင် ခေါင်းဆောင်တဲ့ MNDAA အဖွဲ့ဟာ ၁၉၈၉ ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီက ခွဲထွက်ခဲ့ပြီး အစိုးရနဲ့ ပထမဆုံး အပစ်အခတ်ရပ်စဲခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ မူးယစ်ဆေးနဲ့ လက်နက်ထုတ်လုပ်တာကြောင့် အစိုးရတပ်က ဝင်ရောက် ရှင်းလင်းတိုက်ခိုက်တဲ့နောက် လောက်ကိုင်မြို့ကနေ ထွက်ပြေး တိမ်ရှောင်နေခဲ့ပါတယ်။ MNDAA ခေါ် ကိုးကန့်အဖွဲ့က ဒီကနေ့ နိုင်ငံတော်သမတဆီကို အိတ်ဖွင့်ပေးစာ ပေးပို့ရာမှာတော့ တိုင်းရင်းသားရင်ကြားစေ့ရေးကို သော့ချက်အဖြစ်အသုံးပြုပြီး ငြိမ်းချမ်းရေးတံခါးဖွင့်ဖို့ တောင်းတကြောင်း ဖော်ပြထားပါတယ်။

XS
SM
MD
LG