သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကြားဝင်ဆောင်ရွက်ဖို့ လိုလားကြောင်း ကိုးကန့်အဖွဲ့ပြော


ကိုးကန့်စစ်သားများ
ကိုးကန့်စစ်သားများ

တရုတ်-မြန်မာနယ်စပ် ကိုးကန့်ဒေသမှာ မြန်မာအစိုးရတပ်တွေနဲ့ MNDAA လို့ခေါ်တဲ့ ကိုးကန့်တပ်ဖွဲ့တွေအကြား လက်ရှိဖြစ်နေတဲ့ ပဋိပက္ခ ပြေလည်ရေးအတွက် တရုတ်အစိုးရက ကြားဝင် ဆောင်ရွက်ပေးရင် ကောင်းမယ်လို့ထင်ကြောင်း ကိုးကန့်တပ်ဖွဲ့တွေကို ကြီးကြပ် ကွပ်ကဲနေတဲ့ ဖုန်ဒါဆွန်းက ပြောလိုက်ပါတယ်။

ဒါ့အပြင် KIA ကချင်လွတ်မြောက်ရေး အဖွဲ့အပါအဝင် တခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေလည်း သူတို့နဲ့အတူ တိုက်ခိုက်နေကြောင်း သူက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာအစိုးရ တပ်ဖွဲ့တွေနဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA လို့ခေါ်တဲ့ ကိုးကန့်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြန်လည် ဖြစ်ပေါ်လာနေတဲ့အချိန် ဗွီအိုအေ မန်ဒရင်း တရုတ်အသံလွှင့်ဌာနနဲ့ ပြုလုပ်တဲ့ အမေးအဖြေခန်းမှာ MNDAA တပ်ဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်ရဲ့သား ဖုန်ဒါဆွန်း (Peng Daxun) က အဲဒီလို ပြောလိုက်တာ ဖြစ်ပါတယ်။

ဖုန်ဒါဆွန်းဟာ လက်ရှိ မြန်မာအစိုးရ တပ်တွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ကိုးကန့်တပ်ဖွဲ့တွေကို ကြီးကြပ် ကွပ်ကဲနေသူ ဖြစ်တယ်လို့ ဆိုပါတယ်။ ကိုးကန့်တပ်ဖွဲ့တွေနဲ့ မြန်မာအစိုးရ အကြားက လက်ရှိ ပဋိပက္ခမှာ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုကို လိုလားပါသလားလို့ မေးတဲ့အခါမှာတော့ သူက တရုတ်မန်ဒရင်း ဘာသာစကားနဲ့ အခုလို ပြန်လည် ဖြေကြားခဲ့ပါတယ်။
“မြန်မာအစိုးရနဲ့ ကျနော်တို့အကြားမှာ ဖြစ်နေတဲ့ ပဋိပက္ခမှာ တရုတ်အစိုးရက ကြားဝင်ပြီး ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ပေးမယ် ဆိုရင်တော့ ကောင်းတယ်လို့ ထင်ပါတယ်။”
မြန်မာအစိုးရနဲ့ ဖြစ်နေတဲ့ ပဋိပက္ခမှာ တရုတ်အစိုးရ အနေနဲ့ ကိုးကန့်တွေကို ကူညီပေးခြင်း မရှိကြောင်း၊ ၂ နိုင်ငံ ဆက်ဆံရေးကို ထိပါးစေမယ့် ကိစ္စကို တရုတ်အစိုးရ အနေနဲ့ လုပ်မှာမဟုတ်တဲ့အကြောင်း နိုင်ငံခြားရေးဌာနကလည်း ပြောဆိုထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်ကတော့ မြန်မာအစိုးရနဲ့ ဖြစ်နေတဲ့ ပဋိပက္ခမှာ ကမ္ဘာအရပ်ရပ်မှာ ရှိနေတဲ့ တရုတ်လူမျိုးတွေ အနေနဲ့ ဝိုင်းဝန်း ကူညီကြဖို့ တောင်းဆိုထားပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာပဲ တရုတ်လူထုဆီက ထောက်ခံမှုကို ရဖို့ကြိုးပမ်းတဲ့ အနေနဲ့ တရုတ်အစိုးရက ကျောထောက် နောက်ခံပေးထားတဲ့ မီဒီယာတွေနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းတွေမှာ သူအုပ်ချုပ်စဉ်က ကိုးကန့်ဒေသမှာ မူးယစ်ဆေးဝါး ကုန်သွယ်မှု အဆုံးသတ်ဖို့နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းခဲ့တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ အခုလည်း ကိုးကန့်ဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဖို့နဲ့ အခွင့်အရေးတွေအတွက် သူ့အနေနဲ့ တိုက်ပွဲဝင်နေတာဖြစ်ကြောင်း၊ ကိုးကန့်ဒေသမှာ သူမရှိတဲ့အချိန်ကစပြီး မူးယစ်ဆေးဝါး မှောင်ခိုမှုတွေ ပြန်ကြီးထွားလာနေကြောင်း၊ ကိုးကန့်ဒေသဟာလည်း တရုတ်နွယ်ဖွားတွေအတွက် မဟုတ်တော့ဘူးလို့ ဦးဖုန်ကြားရှင်က ပြောဆိုနေတာပါ။

တရုတ်နိုင်ငံအတွင်းက လူမှုကွန်ယက်တွေမှာလည်း တရုတ်နိုင်ငံသားတွေဖက်က တရုတ်လူမျိုးလို့ ယူဆထားတဲ့ ကိုးကန့်တွေဖက်က တရုတ်အစိုးရအနေနဲ့ အကူအညီပေးဖို့ တိုက်တွန်း ပြောဆိုနေကြသလို တရုတ်အစိုးရရဲ့ ရပ်တည်ချက် ပျော့ပြောင်းကြောင်း ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေတာပါ။ လက်ရှိအခြေအနေမှာ သူတို့ဖက်က တပ်ဖွဲ့အင်အား ဘယ်လောက်ရှိသလဲလို့ မေးတဲ့အခါမှာတော့ -
“ကျနော်တို့ဆီမှာချည်းပဲက တပ်ဖွဲ့အင်အား သုံးထောင်လောက် ရှိပါတယ်။ ကျနော်တို့ကို ကူတိုက်ပေးတဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ အပါအဝင် တခြား မဟာမိတ် ၄ ဖွဲ့နဲ့ ပေါင်းလိုက်ရင်တော့ တပ်ဖွဲ့အင်အား စုစုပေါင်း လေးထောင်ကနေ၊ ငါးထောင်လောက်တော့ ရှိပါတယ်။”

တရုတ်-မြန်မာနယ်စပ်မှာ ကိုးကန့်နဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ KIA ကချင် လွတ်မြောက်ရေးတပ်ဖွဲ့၊ SSA - ရှမ်းပြည်တပ်မတော် - တောင်ပိုင်း၊ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဦးတို့ပါ ပူးပေါင်း တိုက်ခိုက်နေတယ်လို့ မြန်မာအစိုးရက ဖေဖော်ဝါရီ ၁၈ ရက်နေ့တုန်းက တရားဝင် ပြောကြားထားပြီး ဖြစ်ပါတယ်။ ကိုးကန့် - MNDAA တပ်ဖွဲ့နဲ့ မဟာမိတ်ပြုထားတဲ့ တခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့လည်း ကူညီတိုက်ခိုက်ပေးနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတာပါ။

လက်ရှိ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခမှာ သူတို့အနေနဲ့ နိုင်ငံတကာ အသိုင်းဝိုင်းကို ဘာပြောချင်ပါသလဲလို့ မေးတဲ့အခါမှာတော့ ဖုန်ဒါဆွန်းက -
“ကျနော်တို့အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားပါတယ်။ ကမ္ဘာ့နိုင်ငံတွေက ကျနော်တို့ကို အကူအညီပေးတာကို ကျနော်တို့လည်း လိုချင်တာပေါ့၊ ဒါပေမယ့် အဲဒါကတော့ ဖြစ်နိုင်မယ် မထင်ပါဘူး။ အခုချိန်ထိတော့ ဘယ်နိုင်ငံကမှ ကျနော်တို့ အကူအညီ မရဘူးပါဘူး။”

ဖေဖော်ဝါရီလဆန်းကစလို့ တရုတ်-မြန်မာနယ်စပ်အနီး ရှမ်းပြည်နယ် လောက်ကိုင်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ တစ်သိန်းကျော် ထွက်ပြေးခဲ့ကြရပြီး ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် နှစ်ဖက် သေဆုံးသူတွေရှိပေမယ့် အရေအတွက် အတိအကျကိုတော့ မသိနိုင်သေးပါဘူး။

XS
SM
MD
LG