တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက MNDAA ကိုးကန့်အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေ မနက်ဖြန် ဇန်နဝါရီလ (၁၅) ရက်နေ့မှာ ထပ်မံ တွေ့ဆုံဖို့ သဘောတူထားပြီး တွေ့ဆုံပွဲကို ကိုးကန့်အဖွဲ့ဘက်ကတက်ရောက်ဖို့ ပြင်ဆင်နေတယ်လို့ MNDAA နဲ့ နီးစပ်သူတွေက ဗွီအိုအေကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၅) တွေ့ဆုံဆွေးနွေးပွဲ မှာတော့ နှစ်ဘက်ကိုယ်စားလှယ်တွေကြား သဘောတူညီမှု တစုံတရာ မရခဲ့ပါဘူး။
တရုတ်နိုင်ငံကစီစဉ်တဲ့ ဆွေးနွေးပွဲအလားအလာနဲ့ပတ်သက်လို့ သုံးသပ်သူတွေအမြင် ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
လားရှိုးမြို့ကို သိမ်းပိုက်ထားတဲ့ MNDAA ကိုးကန့်အဖွဲ့နဲ့ စစ်ကောင်စီကြားမှာ တရုတ်နိုင်ငံ ကြားဝင်စီစဉ်ပေးမှုနဲ့ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၁၅ ရက်နေ့က တွေ့ဆုံခဲ့ပြီး ၂၀၂၅ ဇန်နဝါရီ ၁၅ ရက်နေ့မှာ အခုလို နောက်တကြိမ် တွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့တာပါ။ ပြီးခဲ့တဲ့ဆွေးနွေးပွဲမှာတော့ တရုတ်ကိုယ်စား လှယ် တချို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။
တရုတ်- မြန်မာနယ်စပ်က အမည်မဖော်လိုတဲ့ MNDAA နဲ့ နီးစပ်သူသတင်းရင်းမြစ်ကတော့ ဒီတခေါက်မှာလည်း ကိုးကန့်ဘက်က တော့ ဖုန်တာရွှင်ရဲ့ သားဖြစ်သူ နိုင်ငံခြားဆက်ဆံရေးဌာနကြီးမှူးဖုန်ခွင်းက ဦးဆောင် တက်ရောက်ဖွယ်ရှိတဲ့အကြောင်း VOA ကို ပြောပါတယ်။ လူစာရင်းအတိအကျကိုတော့ ဗွီအိုအေအနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဆွေးနွေးပွဲမှာတော့ ဖုန်တာရွှင်ရဲ့သားဖြစ်သူ နိုင်ငံခြားဆက်ဆံရေး ဌာနကြီးမှူး ဖုန်ခွင်း၊ နိုင်ငံခြားရေးဌာနကြီးမှူး ကျီးရှင်း၊ ပြန်ကြားရေးဌာန ဒုဌာနမှူး လီကျာဝင်း အပါအဝင် ၇ ဦး တက်ရောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့တခေါက်ဆွေးနွေးမှု အခြေအနေအသေးစိတ်ကို မသိရသေးပေမယ့် ဆွေးနွေးပွဲမှာ MNDAA သိမ်းထားတဲ့လားရှိုးမြို့ကို အရင်ပုံစံအတိုင်းထားရှိနိုင်ဖို့နဲ့ ကိုးကန့်တပ်တွေပြန်လည်ဆုတ်ခွာနေရာချရေးနဲ့ နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်နိုင်ရေး စီးပွားရေးပြန်ထူထောင်ဖို့ စတာတွေဆွေးနွေးကြဖို့ တရုတ် ကိုယ်စားလှယ်တွေဘက်က စီစဉ်ပေးထားခဲ့တဲ့အကြောင်း စုံစမ်းသိရပါတယ်။ ဒါပေမဲ့လည်း သဘောတူညီချက် မရသလို ဆွေးနွေးပွဲအဆင်မပြေဖြစ်ခဲ့တဲ့အကြောင်း ဆွေးနွေးပွဲနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဒီတခေါက် ထပ်တွေ့ဆုံတဲ့ဆွေးနွေးပွဲမှာ ပထမတကြိမ်ကလို တရုတ်စီစဉ်ပေးထားတဲ့ ခေါင်းစဉ်အတိုင်း ဆက် ဆွေးနွေးမလား၊ ခေါင်းစဉ်အသစ်ဆွေးနွေးမလား ဆိုတာကိုတော့ မသိရသေးပါဘူး။
ကိုးကန့်ဘက်ကတော့ ဒီအချက်တွေအပြင် လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေ၊ စစ်ရေးတင်းမာမှုတွေအထိပါ ဆွေးနွေးနိုင်ဖို့ မျှော်လင့်ထားပုံရတဲ့အကြောင်း အကဲခတ်တွေက ခန့်မှန်းပါတယ်။ ပြီးခဲ့တဲ့ဆွေးနွေးပွဲမှာ ဘယ်လောက်ထိ ချပြဆွေးနွေးခဲ့သလဲ၊ စစ်ကောင်စီ ဘက်က ဘယ်လို တုံ့ပြန်ဆွေးနွေးခဲ့လဲဆိုတာကိုတော့ အတိအကျ မသိရပါဘူး။
မနက်ဖြန် ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာကျင်းပမယ့် ဆွေးနွေးပွဲကို စစ်ကောင်စီ ကိုယ်စားလှယ်တွေ တက်မတက် ဆိုတာ မသိရသေးပါဘူး။ ဆွေးနွေးပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဗွီအိုအေက အကြိမ်ကြိမ် ဆက်သွယ်စုံစမ်းပေမဲ့ တုံ့ပြန်တာမရှိပါဘူး။ ပြီးခဲ့တဲ့ဆွေးနွေးပွဲမှာတော့ စစ်ကောင်စီဘက်က အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးက စစ်ကောင်စီကိုယ်စား လှယ်အဖွဲ့ကို ဦးဆောင်ခဲ့ပါတယ်။
MNDAA က ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့လိုလားကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၃ ရက်နေ့က စတင်ပြီး သူတို့ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှာ မဟုတ်ကြောင်း၊ တရုတ်နိုင်ငံရဲ့ကြားဝင်စေ့စပ်မှုအောက်မှာ လားရှိုးအပါအဝင် သက်ဆိုင်ရာ ကိစ္စ တွေကို တွေ့ဆုံဆွေးနွေးဖြေရှင်းနိုင်မယ်လို့ ယူဆကြောင်း MNDAA ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။ နောက်ပြီး မြန်မာနိုင်ငံအနှံ့ စစ်တပ်ရဲ့ ဝေဟင်နဲ့ မြေပြင်ထိုးစစ်တွေကို ရပ်ဆိုင်းပေးဖို့လည်း တောင်းဆိုထားပါတယ်။ ဒါပေမယ့် နိုင်ငံရေးနည်းလမ်းနဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ကို လိုလားပေမဲ့ ကိုယ့်ကိုကိုယ် ခုခံ ကာကွယ်ခွင့်ကိုတော့ အရင်အတိုင်း ဆွဲကိုင်ထားမယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
ကိုးကန့်အဖွဲ့က ဒီလိုကြေညာထားပေမယ့် မြောက်ပိုင်းမှာ တိုက်ပွဲတွေတော့ရပ်မသွားခဲ့သလို စစ်ကောင်စီ ဘက်ကလည်း လေကြောင်းကတိုက်ခိုက်မှုတွေ မကြာခန် ဆက်လုပ်နေဆဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီတခေါက်ဆွေးနွေးပွဲမှာ တိုးတက်မှု ရဖို့ဆိုတာ လေ့လာသုံးသပ်သူတွေ သံသယနဲ့ စောင့်ကြည့်နေပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဆွေးနွေးပွဲအပေါ် အခုလို သုံးသပ်ပါတယ်။
“ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ပျက်ဦးမှာပါပဲ။ တရုတ်ကနေဖိအားပေးနေတဲ့အခါကျတော့ တရုတ် စိတ်ချမ်းသာအောင် လုပ်နေတာ ဒီကိစ္စကို ခုဟာက စစ်ကောင်စီကတောင်သိပ်မတက်ကြွတော့ဘူး။ အခြေအနေကအဲလိုပါ။ စစ်ကောင်စီကလာချင်မှတောင်လာမယ်။ ညီနောင် သုံးဖော် သဘောထားလည်း စစ်ကောင်စီက သိနေပြီလေ။ AA လုပ်နေပုံတွေ၊ TNLA ကြေညာချက်ထုတ်တာတွေ သူက သဘောပေါက်တော့ လာချင်မှလာမှာ။ ဘာမှလည်းမမျှော်လင့်ပါနဲ့ကွာ၊ တောင်းမယ့်ဟာနဲ့ မပေးမှာနဲ့သိနေပြီးသားပဲ။ လားရှိုးတောင်းမယ် ပေးမှာမဟုတ်ဘူး။ အဲတော့ပျက်မှာပါပဲ။ ခဏတော့စောင့်ကြည့်လိုက်ပါဦး။”
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ထိခိုက်မှုတွေ ရှိနေချိန်မှာ တရုတ်ဘက်က သူတို့ အကျိုးစီးပွားတွေကို ကာကွယ်နိုင်ဖို့ လားရှိုးကိုသိမ်းထားတဲ့ ကိုးကန့်တပ်တွေအပေါ် စစ်ကောင်စီနဲ့ အပစ်ရပ်စဲဖို့ အတင်းအကျပ် ဖိအားပေးနေတယ်ဆိုပြီး သုံးသပ်ပြောဆိုတာတွေလည်း ရှိနေပါတယ်။
Forum