သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်အရေး တင်းမာမှုတိုးမှာ ကုလစိုးရိမ်


မြန်မာကြက်ခြေနီဝန်ထမ်းတဦး ပြင်းထန်စွာ ဒဏ်ရာရရှိ။
မြန်မာကြက်ခြေနီဝန်ထမ်းတဦး ပြင်းထန်စွာ ဒဏ်ရာရရှိ။

ကိုးကန့်ဒေသ ပဋိပက္ခ ပိုမိုဆိုးရွားလာတာကြောင့် ဖွဲ့စည်းပုံအရ စစ်အုပ်ချုပ်ရေး ကြေညာချက်ကို သမ္မတ ဦးသိန်းစိန်အစိုးရက ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ကြေညာလိုက်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာနယ်စပ်ဒေသ ထိပ်တိုက်ရင်ဆိုင်မှု အခြေအနေတွေ ပြင်းထန်လာတဲ့အပေါ် အထူးစိုးရိမ်နေကြောင်း ကုလသမဂ္ဂကလည်း အင်္ဂါနေ့က ပြောလိုက်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း ကိုးကန့်ပဋိပက္ခကို စစ်ရေးထက် နိုင်ငံရေးပြဿနာ ဖြစ်တာကြောင့် နိုင်ငံရေးနည်းလမ်းနဲ့ ညှိနှိုင်းဆွေးနွေးဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ ဦးသိန်းစိန်အမိန့်နဲ့ စစ်အုပ်ချုပ်ရေး လွဲှပြောင်းလိုက်ကြောင်း အင်္ဂါနေ့ညက ထုတ်လွှင့်တဲ့ မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်မှာ အခုလို ကြေညာသွားပါတယ်။

“ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၂ ပုဒ်မခွဲ (က) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ယနေ့မှစ၍ အရေးပေါ် အခြေအနေ ကြေညာလိုက်သည်။ အပိုဒ် ၃ ဤအမိန့်သည် ယနေ့မှစ၍ ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်သည်။ ပုံ သိန်းစိန် (နိုင်ငံတော်သမ္မတ)၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟု ဖော်ပြပါရှိပါတယ်ခင်ဗျာ။”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒါဟာ ပထမဆုံးအကြိမ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို နယ်မြေဒေသတခုအတွက် လွဲှပြောင်းအုပ်ချုပ်ခွင့် ပေးလိုက်တာပါ။ ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ခဲ့တဲ့ ကိုးကန့်ဒေသတွင်း တိုက်ပွဲတွေကြောင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပုဒ်မ ၁၄၄ ညမထွက်ရ၊ လူ ၅ ဦးထက် ပိုမစုရ စတဲ့ တားမြစ်မိန့်ကို ထုတ်ပြန်ခဲ့ပေမဲ့ တိုက်ပွဲတွေ ပိုပြီး ကျယ်ပြန့်လာတာကြောင့် အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ခြင်း မရှိတော့တာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခုလို အရေးပေါ် ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အခုလို ကိုးကန့်ဒေသမှာ မြန်မာအစိုးရတပ်တွေနဲ့ ကိုးကန့်လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေကြောင့် နယ်စပ်ဒေသ ပဋိပက္ခနဲ့ ထိပ်တိုက်ရင်ဆိုင်မှု အလားအလာကို အထူးစိုးရိမ်မကင်းဖြစ်နေကြောင်း ကုလသမဂ္ဂဘက်ကလည်း ပြောလိုက်ပါတယ်။ သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံး အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့နဲ့ နောက်ထပ် ထိပ်တိုက် စစ်မက်ဖြစ်ပွားမယ့် အခြေအနေကို ရှောင်ရှားကြဖို့လည်း ကုလသမဂ္ဂက တိုက်တွန်းပါတယ်။ ကိုးကန့်ဒေသမှာရှိနေတဲ့ လက်နက်ကိုင် အဖွဲ့တွေအားလုံး အပါအဝင် မြန်မာအစိုးရရော နောက်ထပ်တိုက်ပွဲတွေ ထပ်မဖြစ်ရအောင် တင်းမာနေတဲ့ အခြေအနေတွေကို ဝိုင်းဝန်းထိန်းသိမ်းခြင်းအားဖြင့် သေဆုံးသွားသူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေကို တိုက်ပွဲနဲ့ဝေးရာကို သယ်ဆောင်နိုင်ပြီး အရပ်သားတွေအပေါ် နောက်ထပ် ထိခိုက်မှုမရှိအောင် ရှောင်ရှားနိုင်မှာဖြစ်တယ်လို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။

အခုလို ကိုးကန့်ဒေသမှာ စစ်အုပ်ချုပ်ရေး ကြေညာလိုက်တာဟာ အရင် နအဖ စစ်အစိုးရ လက်ထက်ကအတိုင်း ပြဿနာကို စစ်ရေးနဲ့ ဖြေရှင်းတဲ့နည်းလမ်းကို ရွေးချယ်တာပဲဖြစ်တယ်လို့ KIA ကချင်လွတ်မြောက်ရေးတပ် ဒုဗိုလ်မှူးကြီး နော်ဘိုက သုံးသပ်ပါတယ်။

“တပ်မတော်ကတော့ ကျနော်တို့ ဒီတိုင်းရင်းသားနယ်မြေမှာ စစ်အစိုးရပုံစံနဲ့ သူတို့ကတော့ စစ်နဲ့ပဲအုပ်ချုပ်ချင်လို့ ဒီလိုမျိုး အကြိမ်ကြိမ် ဖြစ်နေတယ်လို့ ကျနော် တဦးတယောက်ရဲ့ အမြင်ကတော့ ဒီလိုရှိပါတယ်။ လက်နက်နဲ့ စစ်နဲ့ဖြေရှင်းတဲ့ ပုံစံကတော့ ဘယ်နည်းနဲ့ဖြစ်ဖြစ် ကျနော်တို့တိုင်းပြည်ကတော့ ငြိမ်းချမ်းမှာမဟုတ်ဘူးလို့ ကျနော်ကတော့ ယူဆပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် နိုင်ငံရေးအခြေခံပြီးဖြစ်လာတဲ့ ဒီပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ပဲ ကျနော်တို့ ဖြေရှင်းလို့ရမယ်လို့ ကျနော်တို့ ယူဆပါတယ်။”

ကချင်ပြည်နယ် မြောက်ဖျားမှာလည်း မကြာသေးခင် ရက်ပိုင်းအတွင်း မြန်မာအစိုးရတပ်နဲ့ KIA တပ်ကြား တိုက်ပွဲအချို့ဖြစ်ခဲ့တယ်လို့ ဒုဗိုလ်မှူးကြီး နော်ဘို က ပြောပါတယ်။

“ကချင်ပြည်နယ်ဘက်မှာတော့ ပူတာအိုဘက်မှာ နည်းနည်း ကြိုကြားကြိုကြား ဖြစ်တယ်လို့ကြားတယ်။ နောက်ပြီးတော့ သိတဲ့အတိုင်း တပ်မဟာ ၄ ရှမ်းပြည်မြောက်ပိုင်းပေါ့ အဲ့ဒီဘက်မှာ ကျနော်တို့ ကချင်နဲ့ နည်းနည်းဖြစ်တယ်လို့ ကြားရတယ်။ လိုင်ဇာဌာနချုပ်တဝိုက်မှာတော့ ဘာမှအသံတော့မကြားပါဘူး။”

SSPP ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်ကလည်း ကိုးကန့်ဒေသ ပဋိပက္ခဟာ နိုင်ငံရေးပြဿနာ ဖြစ်တာကြောင့် စစ်ရေးနည်းနဲ့ မဖြေရှင်းဘဲ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

ဒီအတောအတွင်းမှာပဲ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA ကတော့ ကိုးကန့်ဟာ တိုင်းရင်းသား မျိုးနွယ်စု ၁၃၅ မျိုးမှာ ပါဝင်နေတာကြောင့် တိုင်းရင်းသား တန်းတူအခွင့်အရေး ပေးပြီး တိုင်းရင်းသား ရင်ကြားစေ့ရေးကို သော့ချက်အဖြစ် အသုံးပြုကာ ငြိမ်းချမ်းရေး တံခါးဖွင့်ပါဆိုပြီး သမ္မတ ဦးသိန်းစိန်ကို အိတ်ဖွင့်ပေးစာကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ပေးပို့ခဲ့ပါတယ်။

XS
SM
MD
LG