သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်စစ်ဘေးရှောင် သောင်းချီထွက်ပြေး


ကိုးကန့်ဒေသ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ ကိုးကန့်စစ်ရှောင် ဒုက္ခသည် အနည်းဆုံး ၄ သောင်းလောက် ရှိနေမယ်လို့ ကွမ်းလုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ပြောဆိုလိုက်ပြီး၊ တရုတ်နယ်စပ်ဒေသမှာ ဒုက္ခသည်အရေး ကူညီနေသူတွေကတော့ ဒီထက်ပိုမယ်လို့ ခန့်မှန်းပါတယ်။ တချိန်တည်းမှာတော့ လောက်ကိုင်မြို့မှာ နယ်မြေအေးချမ်းစ ပြုလာတာကြောင့် ပြန်လာသူတွေလည်း ရှိနေတယ်လို့ အစိုးရသတင်းစာတွေမှာ ဖော်ပြပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီလ ၉ ရက်နေ့က စတင်ဖြစ်ခဲ့တဲ့ ကိုးကန့်ဒေသ စစ်ပွဲတွေကြောင့် လောက်ကိုင်နဲ့ အနီးအနား မြို့ရွာတွေက ဒေသခံပြည်သူတွေနဲ့ အဲဒီဒေသကို လာရောက် အလုပ်လုပ်ကိုင် နေသူတွေဟာ တရုတ်နိုင်ငံတွင်းနဲ့ လားရှိုးမြို့ဖက်ကို တိမ်းရှောင် ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။ လောလောဆည်မှာ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးနေရတဲ့ ကိုးကန့် ဒုက္ခသည်ပေါင်း ၄ သောင်းလောက် ရှိနေတယ်လို့ ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဟော်ရှောက်ချမ်း က ပြောပါတယ်။

“၄ သောင်းကျော်တယ်၊ ၄ သောင်း၊ အများဆုံး ထွက်ပြေးတာက လောက်ကိုင်ဘက်က၊ ချင်းရွှေဟော်ကလည်း ထွက်တာနည်းတယ်။ အခု ပြန်လာကြပါပြီ။”

တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူ တဦးကတော့ ကိုးကန့်ဒေသ နယ်စပ်တကြောက ထွက်ပြေးသူဟာ ဒီထက် ပိုမိုများနိုင်ကြောင်းနဲ့ တရုတ်ပြည်ထဲမှာ စစ်ရှောင် ဒုက္ခသည်စခန်း ၁၀ ခုလောက် ရှိနေကြောင်း ပြောပါတယ်။

“ကျနော်တို့ ပတ်ဝန်းကျင် ဒီဘက်တောက်လျှောက်မှာ ၈ သောင်း၊ ၉ သောင်းလောက် ရှိမယ်လို့။ အများအားဖြင့် ကျနော်တို့ ဒီနိုင်ငံသားတွေပဲ။ တရုတ်ပြည်ကလည်းရှိတယ်။ တချို့က လောင်ထန်တို့၊ ကျောက်ဆည်တို့ အစုံပဲပေါ့ ဒီလောက်ကိုင်ဘက်ကတို့၊ တာရွှေထန်ဘက်ကတို့၊ ရှင်ကိုင်တို့၊ မော်ထိုင်းတို့၊ သုံကျန်တို့၊ ဒီတောက်လျှောက်ပဲကော။ ချွတ်ခြုံဘက်မှာ အများအားဖြင့်က မိုင်းကိုင်ဘက်ကိုသွားတာ။ တရုတ်နယ်စပ်ပေါ့ မိုင်းကိုင်။ တို့ဗမာပြည်နယ်စပ်မှာပဲလေ။ စခန်းတွေကတော့ များတယ်ဗျ။ စခန်းတွေကတော့ တောက်လျှောက်ဆိုရင် ၁၀ ခုကျော်မယ်ဗျ။”

တရုတ်ပြည်အတွင်းကို ထွက်ပြေးသူတွေရှိသလို ကိုးကန့်ဒေသကို လာရောက် အလုပ်လုပ်ကိုင်တဲ့ အစိုးရဝန်ထမ်းနဲ့ ကြံခင်းလုပ်သားတွေကတော့ မြန်မာပြည်အတွင်းပိုင်းကို ပြန်လာနေကြပါတယ်။ ဒီကနေ့ နေ့ခင်း လားရှိုးမြို့ကနေ မန္တလေးးမြို့ဘက်ကို ပို့ဆောင်ခဲ့သူပေါင်းဟာ ၅၀၀ ကျော်လောက်ရှိပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် စုစုပေါင်း တသောင်းနီးပါးလောက်ကို ပို့ဆောင်စီမံကိန်း ဦးစီးဌာနနဲ့ ယာဉ်လမ်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီတို့က ပို့ဆောင်ခဲ့တယ်လို့ ရှမ်းပြည်နယ် ပြန်ကြားရေးနဲ့ ဆက်သွယ်ရေးဌာန လက်ထောက် ညွှန်ကြားမှူး ဦးဝေလင်းက ပြောပါတယ်။

“ဒီနေ့ကတော့ ၁၂ နာရီအတိမှာတော့ မော်တော်ယာဉ်က ၉ စီး၊ ကျားက ၃၂၁၊ မက ၁၈၇၊ စုစုပေါင်း ၅၀၈ ဦး။ Total Amount ကတော့ မော်တော်ယာဉ် အစီးရေ ၂၀၆၊ ကျားက ၇၃၇၁၊ မက ၁၇၄၁၊ စုစုပေါင်းက ၉၁၁၂။ သူကတော့ မန္တလေးပဲပို့တာ။ အဲ့ဒါကတော့ ကျနော်တို့ ပို့ဆက်ပေါ့နော်။ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန။ ယာဉ်လမ်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ။ အဲ့ဒီဟာကနေ လုပ်ပေးတာ။ တချို့အတွက်ကတော့ သီရိလင်္ကာ မန်ဆူစမ်းချောင်း ဆရာတော်ကနေ ကမကထလုပ်တာ။”

လားရှိုးမြို့ မန်ဆူဘုန်းတော်ကြီးကျောင်းမှာ ဒီကနေ့ စစ်ရှောင်ဒုက္ခသည် ၈၀၀ ကျော်လောက် ခိုလှုံနေတယ်လို့လည်း လားရှိုးမြို့ရောက် လောက်ကိုင်ဒေသခံ တယောက်က ပြောပါတယ်။ ဒီလို ဒုက္ခသည်တွေ ကိုးကန့်ဒေသက စွန့်ခွာသွားသူတွေ ရှိနေသလို အခြေအနေ စတင်ငြိမ်သက်လာပြီ ဖြစ်တာကြောင့် တရုတ်နိုင်ငံကို တိမ်းရှောင်သွားသူတချို့ လောက်ကိုင်မြို့ကို ပြန်လာနေပြီဖြစ်ကြောင်း အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။ ဒီလ ၂၃ ရက်နေ့ထိ မိသားစု ၁၅၅ စု၊ လူ ၅၀၀ ကျော်နဲ့ ရွှေ့ပြောင်းလုပ်သား၂၅၀ ကျော် လောက်ကိုင်ကို ပြန်လာ ကြကြောင်း ပါရှိပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ကတော့ လောက်ကိုင်မြို့ကနေ လားရှိုးကို ပို့ဆောင်တဲ့ စီအော် အကျဉ်းထောင်က အကျဉ်းသားတွေ၊ စစ်ရှောင်ပြည်သူတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ လိုက်ပါလာတဲ့ ယာဉ်တန်းကို ပါစင်ကျော်နဲ့ ချင်းရွှေဟော်ကြား၊ လုံထန်ရွာအနားမှာ ကိုးကန့်အဖွဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် အကျဉ်းသူ ၄၄ယောက်နဲ့ အကျဉ်းဦးစီး ဝန်ထမ်း တယောက်နဲ့ စစ်သည်တယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်းနဲ့ အစိုးရတပ်ဖက်က လေကြောင်းကပါ ပြန်လည် တိုက်ခိုက်ခဲ့ရကြောင်း၊ ဒီနေ့ထုတ် အစိုးရသတင်းစာမှာဖော်ပြပါတယ်။

XS
SM
MD
LG