သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်ထပ်တိုက်ပွဲကြီးတွေ ဖြစ်လာနိုင်ဟု ကိုးကန့်ယူဆ


ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသမှာ ဒီကနေ့ တိုက်ပွဲ ဖြစ်ပွားမှု အခြေအနေ မရှိပေမဲ့လို့ မကြာခင် တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့ အရိပ်အယောင်တွေ တွေ့နေရတယ်လို့ ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့က ပြောပါတယ်။ မြန်မာအစိုးရဘက်က ထိုးစစ်ဆင်လာရင် တိုက်ပွဲတွေ အချိန်မရွေး ပြန်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပါမယ်ရှင်။

မြန်မာအစိုးရ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကြား တလကျော်ကြာ တိုက်ပွဲတွေ ပြင်းထန်နေခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း ကိုးကန့် ဒေသမှာ မနေ့ကအထိ တနင်္လာနေ့အထိ တိုက်ပွဲတချို့ ရှိခဲ့ပေမဲ့ ဒီကနေ့မှာတော့ အခြေအနေက တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ MNDAA ရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။ ဒါပေမဲ့ တိုက်ပွဲတွေ အချိန်မရွေး ပြန်လည် ပြင်းထန်လာနိုင်တယ် အခြေအနေ ရှိတယ်လို့လည်း သူက ပြောပါတယ်။

“ဒီနေ့ ကျနော် ခုထက်ထိတော့ တိုက်ပွဲသတင်း မရသေးဘူးဗျ။ တိုက်ပွဲ မရှိဘူးခင်ဗျ။ အခုဟာကတော့ ခဏပဲ ထင်တယ်။ တိုက်ပွဲ ပြန်ဖြစ်ဖို့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ လူအင်အားတွေလည်း တိုးထားတယ်။ လက်နက်ကြီးတွေလည်း ပို့ထားတယ်။ ဆက်ပြီးတော့ ပြင်းထန်မှာပါ။ တိုက်ပွဲ ဆက်ဖြစ်ဖို့ သူတို့က မတ်လ ၂၇ ရက် မတိုင်ခင်မှာ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်မယ်ဆိုတာ သူတို့အားလုံး ကြားရတယ်လို့ ကျနော်ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့လည်း အဲဒီလို ကြားနေလို့။”

၂၇ ရက်နေ့မတိုင်ခင် တိုက်ပွဲ ပြင်းထန်နိုင်တယ်လို့ ဘာကြောင့် ပြောတာပါလဲရှင့်။

“တပ်ချုပ်… ဟိုဟာပေါ့။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ပြင်ဦးလွင်ကို သွားတုန်းက ပြောတယ်လို့ ပြောတယ်။ ပြင်ဦးလွင်မှာသွားပြီးတော့ ရဲဘော်တွေ၊ သူတို့ ဒဏ်ရာရတဲ့ ရဲဘော်တွေကို ကြည့်တဲ့အချိန် အားပေးတဲ့စကား ကတော့ ဒီ မတ်လ ၂၇ ရက်နေ့မတိုင်ခင်မှာ သူတို့ တိုက်ပွဲသတင်းအကြောင်း ကောင်းကောင်းလေး လက်ဆောင်ပေးဖို့ ရှိပါတယ်တဲ့။ အဲဒီလိုဖြစ်တယ်ဆိုတာ ပြောနေကြပါတယ်။”

မတ်လ ၂၇ ရက် တပ်မတော်နေ့မတိုင်ခင် တိုက်ပွဲတွေ ပြင်းထန်လာနိုင်ဖွယ် ရှိတယ်လို့ မျှော်လင့်ထားပေမဲ့ ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့တွေ ဘက်ကတော့ ထူးထူးခြားခြား ပြင်ဆင်တာမျိုး မရှိဘူးလို့လည်း ဦးထွန်းမြတ်လင်းက ပြောပါတယ်။ ကိုးကန့်တပ်ဖွဲ့တွေ အနေနဲ့ကတော့ မြန်မာအစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင်လာတဲ့အခါမှာသာ ပြန်လည် တိုက်ခိုက်တာဖြစ်ပြီး သူတို့ဘက်ကတော့ စတင် တိုက်ခိုက်တာ မရှိဘူးလို့လည်း သူက ပြောပါတယ်။

“ကျနော်တို့ကျတော့ အမြဲတမ်း ဒီလိုပါပဲ။ သူတို့ ထိုးစစ်ဆင်ရင်တော့ တိုက်ပွဲဖြစ်ပါတယ်။ သူတို့က ထိုးစစ်မဆင်ရင် တိုက်ပွဲ မရှိပါဘူး။”

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ MNDAA ရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်း ပြောသွားတာပါ။

ဒီအတောအတွင်း ကချင်ပြည်နယ် မန်စီဒေသ ဘက်မှာလည်း မြန်မာစစ်တပ်နဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့ ကေအိုင်အေကြား မနေ့က တနင်္လာနေ့အထိ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး ရှမ်းပြည်နယ် ကျောက်မဲ ဘက်မှာလည်း PNLA တအောင်း (ပလောဝ်) လွတ်မြောက်ရေး တပ်မတော်နဲ့ မြန်မာစစ်တပ်တို့ကြား တနင်္ဂနွေနေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။ ကိုးကန့်ဒေသ နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ သောကြာနေ့ကစလို့ မြန်မာစစ်တပ်ဘက်က သတင်း ထပ်မံ ထုတ်ပြန် တာ မတွေ့ရသေးပါဘူး။

မြန်မာအစိုးရအနေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ တဘက်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်နေတဲ့ တချိန်တည်းမှာ ခုလို တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေတာဟာ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်တယ်လို့ ဆိုပြီး ပစ်ခတ်မှုတွေ အမြန်ဆုံး ရပ်စဲဖို့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေကတော့ တောင်းဆိုနေကြပါတယ်။ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကတော့ တိုက်ပွဲတွေ ရှိနေပေမဲ့ သူတို့အနေနဲ့ အပစ်အခပ်ရပ်စဲရေး အတွက် ဆက်လက် ဆွေးနွေး ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ်တွင်း တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရရဲ့ ပထမဆုံးအကြိမ် ထုတ်ပြန်ချက်ထဲမှာတော့ ကချင်ပြည်နယ် မန်စီမြို့နယ်တွင်းမျာ တရားမဝင် သစ်တွေတင်လာတဲ့ ယာဉ်တန်းကို လေ့ကျင့်ပျံသန်းနေတဲ့ ဂျက်လေယာဉ်တွေက တွေ့ရှိခဲ့ပြီး၊ အဲဒီသတင်းအရ နယ်မြေရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီမှာ သစ်ခိုးထုတ်မှုကို အကာအကွယ်ပေးနေတဲ့ KIA ကချင်တပ်ဖွဲ့နဲ့ ထိတွေ့ တိုက်ပွဲတွေဖြစ်ခဲ့တယ်ဆိုပြီး တိုက်ပွဲဖြစ်စဉ် အသေးစိတ် အတော်များများကို ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတွေ့ရပေမယ့်လို့ ထိခိုက်ကျဆုံးမှု စာရင်းကိုတော့ ထုတ်ပြန်တာမတွေ့ရပါဘူး။ ကိုးကန့်စစ်နဲ့ ပတ်သက်လို့လည်း ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွေမှာလည်း အရင်ကလို တပ်မတော်ဘက်က အထိအခိုက် ကျဆုံးစာရင်းတွေကို ထုတ်ပြန်တာ အခုသီတင်းပတ်အတွင်းမှာ မတွေ့ရတော့ပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ် သောကြာနေ့ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ တပ်မတော်ဘက်က အရာရှိနဲ့ စစ်သည် ၁၁ ဦး ကျဆုံးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

XS
SM
MD
LG