သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလက်နက်ကြီးကျည် တရုတ်ထဲကျရောက်ဟု ကိုးကန့်ပြော


တိုက်ပွဲကာလ ၂ လကျော် သုံးလအတွင်းကို ရောက်ရှိလာပြီဖြစ်တဲ့ မြန်မာ့တပ်မတော်နဲ့ ကိုးကန့် လက်နက်ကိုင်တို့ကြား ဒီကနေ့မှာလည်း တရုတ်-မြန်မာနယ်စပ် ရှင်ခုတ်ထန် ဒေသတဝိုက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

မြန်မာ့တပ်မတော်ဘက်က ကိုးကန့်လက်နက်ကိုင်တို့ရဲ့ စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ မနေ့က တိုက်ပွဲတွေအတွင်း မြန်မာ့တပ်မတော်ဘက်က လက်နက်ကြီးကျည် တရုတ်ဘက်ကို ကျရောက်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေ ထပ်ပြီး ထွက်ခဲ့ပါတယ်။ အခြေအနေ အသေးစိတ်ကိုတော့ မသိင်္ဂီထိုက်က ဆက်ပြီး ပြောပြပေးပါမယ်ရှင်။

ကိုးကန့်လက်နက်ကိုင်တပ် MNDAA နဲ့ မြန်မာ့တပ်မတော်တို့ကြား ဒီကနေ့မှာလည်း တရုတ်-မြန်မာနယ်စပ် ရှင်ခုတ်ထန် ဒေသတဝိုက်က နေရာ ၂ နေရာတို့မှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သင်္ကြန်ကာလအတွင်းမှာ တပ်မတော်ဘက်က ထိုးစစ်ဆင်တဲ့နေရာ နည်းသွားတယ်လို့ ကိုးကန့်လက်နက်ကိုင်တပ် MNDAA ရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“ဒီ ၂ ရက်တော့ ပြင်းထန်တော့ ပြင်းထန်ပါတယ်။ ဒါပေမဲ့ ဖြစ်တဲ့နေရာ နည်းတော့နည်းတယ်ပေါ့နော်၊ မနေ့တုန်းကနဲ့ ဒီနေ့၊ ရှင်ခုတ်ထန် တဝိုက်မှာပဲခင်ဗျ။ အခုဖြစ်တာကတော့ ၂ နေရာလောက် ဖြစ်မယ်ထင်တယ်။ တလောတုန်းက ဖြစ်တာကတော့ ၅-၆ နေရာလောက်ဖြစ်တယ်။ ကျနော်တို့လည်း ဒဏ်ရာရတဲ့လူနဲ့ ထိခိုက်ကျတဲ့လူနဲ့ဆိုရင် အခုရက်ပိုင်းက ပေါင်းလိုက်ရင် ၄၀ နဲ့ ၅၀ လောက် ရှိမယ်နဲ့တူတယ်။ ကျဆုံးတာကတော့ ၁၀ ယောက်ကျော် အယောက် ၂၀ လောက်ရှိမယ်ထင်တယ်။ ထိခိုက်ဒဏ်ရာ ရတာကတော့ ၄၀-၅၀ လောက်တော့ ရှိပါတယ်။ ပေါင်းလိုက်ရင်တော့ ၆၀ ကျော်မယ်။”

နှစ်ဘက်ထိခိုက်ဒဏ်ရာရမှုတွေနဲ့ ပတ်သက်ပြီး သီးခြား အတည်ပြုချက်တော့ မရှိသေးပါဘူး။ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့သတင်းအရတော့ ဧပြီ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့ တိုက်ပွဲတွေအတွင်း တပ်မတော်ဘက်က ၅ ဦးကျဆုံး ၁၈ ဦး ဒဏ်ရာရတယ်လို့ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်တာ တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်ဘက်က ပါစင်ကျော်ကျေးရွာနဲ့ တာကထန် ကျေးရွာ အနီးက စစ်ရေးအရ အရေးပါတဲ့ တောင်ကုန်းတွေကို သိမ်းဆည်းရမိပြီး ကိုးကန့်လက်နက်ကိုင် တပ်ဘက်က လက်နက်နဲ့ ကျည်တွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဧပြီလ ၁၃ ရက်နေ့ တိုက်ပွဲအတွင်း တရုတ်နိုင်ငံဘက်ကို မြန်မာ့တပ်မတော်ဘက်က လက်နက်ကြီးကျည် ကျရောက်ခဲ့တယ်လို့ ကိုးကန့်တပ်တို့ရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“ကျနော်ကြားတာကတော့ အဲဒီလက်နက်ကြီးကျည်လို့ကြားတယ်။ သူတို့ရဲ့ ကတ္တရာလမ်းပေါ် သွားကျတယ်လို့ ကြားတယ်။ သူတို့က နန်ဆမ်နဲ့ မိန်းတိန်သွားတဲ့လမ်း အဲဒီကြားမှာပေါ့။ နည်းနည်းလေး ထူးခြားတာကတော့ ကျနော်ပြောသလိုပါပဲ၊ ကွန်မန်ဒိုတပ်လိုလိုပေါ့နော်၊ အဲဒါကနည်းနည်းလေး ထူးဆန်းပါတယ်။ သေနတ်သံလည်း နည်းနည်းလေး သိပ်မတူတော့ဘူးပေါ့၊ ခါတိုင်းသုံးတဲ့ သေနတ်နဲ့၊ အဲလိုလည်း နည်းနည်းတွေ့ရတယ်။ ပြီးတော့ သံချပ်ကာကား Tank ကားနဲ့ ပစ်ကူလာတာ တွေ့ရပါတယ်ခင်ဗျ။ လူအင်အားလည်း ပိုပြီးတော့သုံးပါတယ်။ ကျနော်တို့ကတော့ တတ်နိုင်သလောက်တော့ သူတို့ထိုးစစ်ဆင်ရင်တော့ ခံတိုက်ရုံပဲ ရှိပါတယ်ခင်ဗျ။ နည်းဗျုဟာလည်း မရှိပါဘူး၊ ကျနော်တို့က ခံစစ်ပေါ့။ သူတို့ကနေ ပြီးတော့မှ ၂ ဘက် ထိုင်ပြီးတော့ ဆွေးနွေးလို့ရှိရင် ကောင်းမယ်ဆိုတာမျိုး ဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ အဓိကကတော့ တပ်တော်ဖက်က လက်ခံမှ ဖြစ်မှာပဲ။ အဓိကကတော့ ခေါင်းဆောင်ပိုင်းပေါ့နော်။ သူတို့က ဘယ်လိုကိုင်တွယ်ချင်လဲပေါ့ဗျာ။ အကယ်၍ စေတနာရှိရှိနဲ့ စိတ်ရင်းမှန်မှန်နဲ့ ဆိုရင်တော့ အလားအလာရှိပါတယ်။ ဒါပေမဲ့ ခုနကပြောသလိုပဲ၊ အပြတ်ချေမှုန်းမယ်၊ အဲဒီလို စိတ်ဓာတ်နဲ့ ဆိုရင်တော့ သိပ်မလွယ်ပါဘူး။”

မြန်မာ့တပ်မတော်ဘက်က လက်နက်ကြီးကျည် တရုတ်ဘက်ကို ကျရောက်ခဲ့တယ်ဆိုတဲ့ သတင်းအပေါ်မှာတော့ တရုတ်အစိုးရ ထုတ်ပြန်ချက် တစုံတရာ မရှိသေးသလို သီးခြား အတည်ပြုချက်တော့ မရှိသေးပါဘူး။ ကိုးကန့်ဒေသတိုက်ပွဲတွေ လနဲ့ချီ ကြာမြင့်လာတဲ့ အချိန်မှာပဲ ကိုးကန့်ဒေသ ထိုးစစ်တွေကို ရပ်တန့်ပေးရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်တပ်များ စုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီရဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က သမ္မတ ဦးသိန်းစိန်ထံကို အိတ်ဖွင့်ပေးစာတစောင် ပေးပို့လိုက်ပါတယ်။

ကိုးကန့်ဒေသတိုက်ပွဲတွေကို နှစ်ဘက်ဆွေးနွေး အဖြေရှာပြီး အဆုံးသတ်နိုင်ဖို့ကို မျှော်လင့်ထားတဲ့ အကြောင်းလည်း ကိုးကန့်လက်နက်ကိုင် တပ်ဘက်က ပြောပါတယ်။ အရင် မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့တဲ့ ဖုန်ကြားရှင်ရဲ့ ကိုးကန့်လက်နက်ကိုင်တပ် MNDAA ဟာ ၂၀၀၉ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ခဲ့ပြီး နှစ်ဘက်တိုက်ပွဲတွေကြောင့် ဖုန်ကြားရှင်လည်း ထွက်ပြေးခဲ့ရတာပါ။ ၆ နှစ်အကြာ အခုကာလမှာတော့ ကိုးကန့်လက်နက်ကိုင်တပ် MNDAA က တိုင်းရင်းသားလက်နက်ကိုင် တပ်တခုအဖြစ် နိုင်ငံရေးအရ အသိအမှတ်ပြုမှုရရေး ပြန်ပြီး ကြိုးပမ်းလာတာလည်း ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG