သုံးရလွယ်ကူစေသည့် Link များ

ကိုးကန့်နဲ့မြန်မာစစ်တပ် တိုက်ပွဲကြောင့် နှစ်ဘက်ကျဆုံးမှုရှိ


လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။ (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)
လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။ (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရှမ်းပြည်အရှေ့မြောက် တရုတ်-မြန်မာနယ်စပ်နားက လောက်ကိုင်ဒေသမှာ ဖေဖေါ်ဝါရီလ (၉) ရက် တနင်္လာနေ့ကမြန်မာစစ်တပ်ရဲ့ ထိုးစစ်ကြောင့် ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး နှစ်ဖက်တပ်သားတချို့ ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် တိုက်ပွဲကြောင့် ဒေသခံတွေဟာ တရုတ်နိုင်ငံဘက်အခြမ်းကို ထွက်ပြေးနေကြပါတယ်။ မြန်မာစစ်တပ်ဘက်က စစ်သုံးရဟတ်ယာဉ် (၃) စီးနဲ့ ဝေဟင်ကနေ ပစ်ခတ်ခဲ့တယ်လို့ ကိုးကကန့်တပ်က ပြောပါတယ်။ စုံစမ်းမေးမြန်းထားတဲ့မအင်ကြင်းနိုင်က အကြောင်းစုံတင်ပြပေးထားပါတယ်။

တနင်္လာနေ့ နေ့ခင်းပိုင်းလောက်ကစတင်ဖြစ်ခဲ့တဲ့ လောက်ကိုင်ဒေသက တိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်ရော၊ ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်ဘက်ကပါ နှစ်ဖက် တပ်သားတချို့ဒဏ်ရာရခဲ့တဲ့အကြောင်း တရုတ်-မြန်မာနယ်စပ် တနေရာမှာရှိနေတဲ့ ကိုးကန့်တပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းက ဗွီအိုအေကိုပြောပါတယ်။

ဦးထွန်းမြတ်လင်း။ ။ ဗမာ့တပ်မတော်ဘက်ကတော့ ကျနော်ထင်တယ်၊ တပ်သား (၃) ယောက်လားမသိဘူး။ ပြင်းထန်တဲ့ဒဏ်ရာရတယ်ပြောတယ်။ ကျတောင် ကျသွားတယ်ထင်တယ်။ ၃ ယောက်လောက်တော့ ကျနော်ကြားတယ်ဗျ။ တပ်ရင်းမှူး ဒဏ်ရာရတယ်ဆိုတာ မရှိပါဘူး..ကောလဟလတွေ၊ ကျနော်တို့ဘက်က (၄) ယောက် ဒဏ်ရာရတာရှိတယ်။

အင်ကြင်းနိုင်။ ။ အဲဒီတော့ တိုက်ပွဲတွေကြောင့် ဒေသခံတွေရဲ့အခြေအနေကရော။ ဘယ်လိုရှိလဲရှင့်။

ဦးထွန်းမြတ်လင်း။ ။ ပြည်သူလူထုကတော့ နေ့ပိုင်းကနေစပြီးတော့ ပြေးတယ်လို့လည်း ပြောလို့ရတာပေါ့။ တရုတ်ပြည်ဘက်ပေါ့။ သူတို့က သွားတာ ပေါ့။ တော်တော်လေးများပါတယ်။ သူတို့ ဘယ်လောက်အထိများလဲတော့ အဲဒါတော့လည်း ကျနော်မသိဘူးဗျ။ ယာဉ်တန်း တန်းစီထားတာတော့ အရှည်ကြီးပဲ။ သူတို့ ကျနော်တို့ကိုတိုက်တဲ့နေရာနဲ့ လူထုနေရာက သိပ်တော့မကွာဘူး။ မနေ့တုန်းက ဖြစ်တာ လေးနေရာဖြစ်ပါတယ်ခင်ဗျ။

အင်ကြင်းနိုင်။ ။ မြန်မာစစ်တပ်နဲ့ကိုးကန့်တပ်တွေ တိုက်ပွဲဖြစ်တဲ့နေရာတွေက ဘယ်နေရာတွေပါလဲရှင့်။

ဦးထွန်းမြတ်လင်း။ ။ ကျနော်တို့ရောက်နေတဲ့နေရာက ကိုးကန့်ရဲ့မြောက်ဘက်ပေါ့ဗျာ။ မော်ထိုက်- လို့ခေါ်တဲ့နေရာပေါ့။ အဲဒီမှာက ကျနော်ထင်တာ (၁၂၅) တပ်ရင်းတော့ မဟုတ်လောက်ဘူး။ ကျနော်တို့နဲ့ဖြစ်တဲ့နေရာမှာပေါ့နော်။ သူတို့ဘက်က စစ်ရဟတ်ယာဉ်ပေါ့ဗျာ။ ဟယ်လီကော်ပတာပေါ့။ အဲဒါကို သုံးတယ်ဗျ။ သုံးစင်းနဲ့ သူတို့စစ်ကူပေးတယ်။ ကျနော်တို့ုကို လာပြီးတော့ တိုက်တာပေါ့ဗျာ။ အဲဒါ ကုန်းကြမ်းဘက်မဟုတ်ဘူးဗျ။ လောက်ကိုင်ရဲ့ အနောက်တောင်ဘက်လို့ ပြောရမှာပေါ့ဗျာ၊ တောက်ရွှေပတ်ဝန်းကျင်လောက်မှာ၊ အဲဒီပတ်ဝန်းကျင်လောက်မှာ ကျနော်တို့ကို တိုက်တာဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ ပြည်သူလူထု၊ နယ်မြေခံပြည်သူတွေရဲ့သတင်းပေးချက်အရ တပ်မတော်စစ်ကြောင်းတွေကနေ အဲဒီမှာ နယ်မြေရှင်းလင်းတာက နေပြီးတော့ သူတို့လာပြီးတော့ တိုက်တဲ့သဘောလား။ ဘာလို့လဲဆိုတော့ တဘက်မှာလည်း Global Times သတင်းစာမှာ ဖုန်ကြားရှင်ကိုယ်တိုင်က ပြောထားတယ်လေ။ သူတို့ ကိုးကန့်ဒေသကိုပြန်ပြီးတော့ ရယူမယ်ဆိုပြီးတော့- အဲဒါလည်း ပြောထားတဲ့တပိုင်းရှိထားတော့ ကျမတို့သိချင်တာက ဘယ်သူကစလို့၊ ဘယ်လိုစဖြစ်လဲဆိုတဲ့အနေအထားပေါ့နော်။

ဦးထွန်းမြတ်လင်း။ ။ သူတို့ဘက်က ကျနော်တို့ကို ချေမှုန်းတာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ၂၀၀၉ ခုနှစ်လောက်တုန်းကပေါ့နော။ အဲဒီ တုန်းကတည်းက သူတို့က ကျနော်တို့ကို နိုင်ငံရေးနည်းကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းပေးဘဲနဲ့ အဲဒီမှာကတည်းက ကျနော်တို့ကို တိုက်တာ ရှိပါတယ်။ အဲဒီနောက်ပိုင်း တရုတ်-မြန်မာနယ်စပ်မှာ တောက်လျှောက်- အဲလိုပေါ့၊ ကျနော်တို့ပိုပြီးတော့ နေနေရတယ်။ ရှောင်ပြေးနေရတယ်။ ပြေးလို့မှ မနှစ်တုန်းကပေါ့ ၂၀၁၄ ကျမှ ကျနော်တို့ သံလွင်မြစ်ရဲ့အနောက်ဘက်ခြမ်းကို ရောက်သွားပါတယ်။ အဲဒီအချိန်မှာ ဒေသခံတပ်တချို့ပေါ့နော်၊ ကျနော်တို့ အဖွဲ့အစည်းတချို့နဲ့ ပူးပေါင်းပြီးတော့ ဒီနယ်မြေမှာရှိတဲ့ မူးယစ်ဆေးဝါးတွေ၊ ဘာတွေ တိုက်ဖျက်တဲ့အချိန်မှာ ဝင်ပြီးတော့ ပါခဲ့ပါတယ်။ အဲဒီကတည်းကစပြီးတော့ သူတို့က ကျနော်တို့ကို ဝိုင်းပြီးတော့ ဘယ်လိုပြောရမလဲဆိုတော့ လူအင်အား အလုံးအရင်းနဲ့သုံးပြီးတော့ ကျနော်တို့ကို တိုက်ခိုက်ချေမှုန်းတဲ့ သူတို့ရဲ့ ကျနော်တို့ကို အပြုတ်တိုက်မယ်ဆိုတဲ့စနစ်နဲ့ သူတို့ရဲ့ အဲဒီ ပေါ်လစီနဲ့ ကျနော်တို့ကို တနေကုန် ဝင်တိုက်နေတာလို့ ပြောရမယ်ဆိုရင်။ အဲဒါကြောင့် ကျနော်တို့က မလွဲှသာလို့ သံလွင်မြစ်ရဲ့အရှေ့ဘက်ခြမ်းကိုကူးပြီးတော့ နဂိုရ် ကျနော်တို့ရဲ့ဇာတိဖြစ်တဲ့ ကိုးကန့်ဒေသကို ရောက်လာပါတယ်။ Global Times ရဲ့အင်တာဗျူးနဲ့ပတ်သက်ပြီးတော့ ကျနော် ဖြေခဲ့တာလည်း ရှိပါတယ်။ ကျနော်တို့ရဲ့ဥက္ကဋ္ဌကြီး ဦးဖုန်ကြားရှင်ပြောတာက ပြန်ပြီးတော့ တိုက်ပြီးတော့ သိမ်းမယ်လို့-အဲလိုတော့ မပြောခဲ့ပါဘူးခင်ဗျ။ အဲလို ပြောမယ့်အစား သူ့ရဲ့ပြောချင်တဲ့ဥစ္စာက ကျနော်တို့က “အိမ်ပြန်ခြင်း” ဖြစ်ပါတယ်ခင်ဗျ။ နဂိုရ်ကတည်းက အဲဒါက ကျနော်တို့ရဲ့ဇာတိမြေ ဖြစ်ပါတယ်ခင်ဗျ။ အဲဒီတော့ မနေ့တုန်းက - အခုပြောမယ်ဆိုရင် တနေ့ကပေါ့။ ကျနော်တို့ ကိုးကန့်၊ သံလွင်မြစ်အရှေ့ဘက်ခြမ်းကို ရောက်သွားတယ်။ အိမ်ပြန်ရောက်သွားတာပေါ့။ အိမ်ပြန်ရောက်သွားတာကို သူတို့ကလည်း ဆက်ပြီးတော့ လူအင်အားအလုံးအရင်းသုံးပြီးတော့ ချေမှုန်းခြင်းဖြစ်ပါတယ်ခင်ဗျ။ အဲဒါမှ ကျနော်တို့က ပြန်လည် ခုခံပြီးတော့မှ တိုက်ပွဲတွေ သုံး-လေးနေရာလောက် ဖြစ်ခဲ့တယ်။

အင်ကြင်းနိုင်။ ။ အဲဒီတော့ အခု ကိုးကန့်ဘက်က တပ်တွေအနေနဲ့ရော ဘာဆက်လုပ်မလဲရှင့်။

ဦးထွန်းမြတ်လင်း။ ။ ကျနော်တို့ဆက်ပြီးတော့ တပ်စွဲထားမှာဖြစ်ပါတယ်ခင်ဗျ။ သူတို့ကတိုက်ရင်လည်း ကျနော်တို့က မတတ်သာလို့လည်း ခုခံပြီးတော့ ပြန်လည်တိုက်ရပါတယ်။

ဦးဖုန်ကြားရှင်ဦးဆောင်တဲ့MNDAA လို့ခေါ်တဲ့ ကိုးကန့်တပ်ဖွဲ့ဟာ ၁၉၈၉ ခုနှစ် စစ်အစိုးရလက်ထက်မှာ အပစ်အခတ်ရပ်စဲခဲ့တာပါ။၂ဝဝ၉ ခုနှစ်မှာ ကိုးကန့်အဖွဲ့အတွင်း အကွဲအပြဲဖြစ်ပြီးနောက် မြန်မာစစ်တပ်ကနေ ဦးဖုန်ကြားရှင်အဖွဲ့ကို တိုက်ထုတ်ခဲ့ပြီး ကိုးကန့်ဒေသကို (၅) နှစ်ကျော် သိမ်းပိုက်ထားခဲ့ပါတယ်။ ဦးဖုန်ကြားရှင်ကတော့ အိမ်နီးချင်း ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ပါတယ်ရှင်။

XS
SM
MD
LG