သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်တိုက်ပွဲ လေတပ်သုံးတိုက်ခိုက်


လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။ (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)
လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။ (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသမှာ ဒီကနေ့လည်း အနည်းဆုံး ၂ နေရာလောက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အစိုးရဘက်က လေတပ်သုံး တိုက်ခိုက်တာတွေ ရှိတယ်လို့ ကိုးကန့်ဘက်က ပြောပါတယ်။

ဒေသတွင်းတိုက်ပွဲတွေကြောင့် လောက်ကိုင်မြို့မှာ ဈေးတွေ၊ ကျောင်းတွေ ပိတ်ထားခဲ့သလို အရပ်သားတွေ ထောင်နဲ့ချီပြီး တရုတ်နိုင်ငံဘက်ကို တိမ်းရှောင်တာတွေလည်း ရှိနေပါတယ်။ ကိုးကန့်ဒေသက နောက်ဆုံးအခြေအနေကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့နယ်တွေပါဝင်တဲ့ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ တနင်္လာနေ့နေ့ခင်းပိုင်းက စတင်ပြီး ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ မြန်မာပြည် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ MNDAA နဲ့ အစိုးရတပ်တွေအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

မနေ့က အနည်းဆုံးတိုက်ပွဲ ၄ကြိမ်ဖြစ်ခဲ့သလို ဒီကနေ့လည်း တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ရာမှာ လေကြောင်းကပါ တိုက်ခိုက်ခဲ့တယ်လို့ ကိုးကန့်အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှုး ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“ဒီနေ့ကတော့ သူတို့ helicopter ၂ စီးနဲ့ ကျနော်တို့ကို ဆက်ပြီးတော့ တိုက်နေပါတယ်ခင်ဗျ။ ပြီးတော့ Fighter လည်း ၂ စီး လာတယ်၊ ဒီနေ့။ ရဟတ်ယာဉ်ကနေပြီးတော့မှ ဗုံးကျဲတယ်။ ပြီးတော့ စက်သေနတ်နဲ့ ပစ်တယ်။ ဂျက်ကတော့ ခနကပဲ လာသွားတယ်။ ကျနော်တို့ မသိရသေးဘူး။ ဒီနေ့ အဓိကဖြစ်တာ ၂ နေရာပါခင်ဗျ။”

လက်ရှိ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ ကိုးကန့်တပ်တွေနဲ့အတူ ပလောင်ခေါ် တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ TNLA၊ ရခိုင်တပ်မတော် AA တို့လည်း ပါဝင် တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။ TNLA ခေါ် ပလောင်တပ်ဖွဲ့က နိုင်ငံခြားရေးတာဝန်ခံ တာပန်လက အနည်းဆုံးတိုက်ပွဲ ၄ နေရာလောက်မှာ ဖြစ်ပွားခဲ့တယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့ ဒီမနက် ၂ နာရီခွဲလောက်ကနေစပြီးတော့ လောက်ကိုင်ဘက်မှာ ဖြစ်နေတာခင်ဗျ။ အနည်းဆုံး ၃ နေရာ ၄ နေရာလောက်မှ တပြိုင်တည်းဖြစ်နေတာ။ နေ့လည် ၁၂ နာရီလောက်မှာဆိုရင် ကျနော်တို့ တိုက်ပွဲဖြစ်ပွားတဲ့နေရာ ချင်မန်လင် ဒေသပေါ့နော်၊ အဲဒီမှာ ကျနော်တို့ ရဟတ်ယာဉ် ၃ စင်းနဲ့ လာရောက်ပြီး ဗုံးကျဲ တိုက်ခိုက်တယ်ခင်ဗျ။ သူတို့ အဲဒီ ၃ စီး ပြန်သွားပြီးတော့ ၁ နာရီ မိနစ် ၂၀ လောက်မှာဆိုရင် ဂျက်လေယာဉ် ၂ စီးနဲ့ တိုက်ခိုက်တယ်လို့ ကျနော်တို့ သိရတယ်ခင်ဗျ။”

ဒီလို တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် လောက်ကိုင်မြို့ပေါ်မှာ ဈေးတွေ၊ ကျောင်းတွေပါ ပိတ်ထားတယ်လို့ သူက ပြောပါတယ်။

“နောက်ပြီးတော့ မြို့ပေါ်မှာ ရှိနေတဲ့ ပြည်သူလူထုတွေကတော့၊ ဈေးသူဈေးသားတွေလည်း ဈေးပိတ်ပြီးတော့ တရုတ်ပြည်ဘက် ပြန်တာသွားတာမျိုးတွေ အများကြီးရှိတယ်။ ပြီးတော့ အဲဒီမှာ ကျောင်းတွေလည်း အကုန်လုံးပိတ်ထားတယ်လို့ ကျနော်တို့ သိရတယ်။ ကျန်နေသေးတဲ့ မြို့သူမြို့သားတွေလည်း အိမ်ထဲမှာပဲ ပုန်းနေကြတဲ့ အနေအထားမျိုးမှာရှိတယ်။ အများစုကတော့၊ တရုတ်ပြည်ဘက်ကို သွားရောက် ခိုလှုံကြတယ်လို့ ကျနော်သိတယ်ခင်ဗျ။”

လောက်ကိုင်မြို့ပေါ်က အခြေအနေကိုတော့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“လောက်ကိုင်မြို့ပေါ်မှာတော့ အေးအေးဆေးဆေးပါပဲခင်ဗျ။ ဘာမှထွေထွေထူးထူးတော့ မရှိဘူး။ လူတွေက တိမ်းရှောင် သွားတာတော့ ရှိတာပေါ့။ ဒီအတိုင်း အိမ်ထဲမှာပဲ နေနေကြတာလည်းရှိတယ်။ ဟိုဖက်နိုင်ငံကို ကူးတဲ့လူတွေလည်းရှိတယ်။ လူဦးရေကတော့ နည်းနည်းများတယ်။ ထောင်ဂဏန်းလောက်တော့ရှိမယ်။ ဈေးတွေ၊ ကျောင်းတွေကြတော့လည်း ဆိုင်သမားတွေကလည်း အခုအခြေအနေကြတော့လည်း ဆိုင်မထွက်ကြတော့ဘူးလေ။ တံခါးပဲပိတ်ထားကြတာ။ ကျောင်းတွေလည်း ပိတ်ထားတယ်။”

လောက်ကိုင်မြို့ပေါ်က တိမ်းရှောင်သွားသူတွေဟာ ဒေသခံတွေ ပါဝင်သလို တရုတ်နိုင်ငံက လာရောက် ဈေးဆိုင်ဖွင့်သူတွေနဲ့ အလုပ်လုပ်သူတွေပါဝင်တယ်လို့ ပြောဆိုတာလည်းရှိပါတယ်။ လောက်ကိုင်မြို့အခြေအနေနဲ့ ပတ်သက်ပြီး လောက်ကိုင်ရဲစခန်းကို ဆက်သွယ်ရာမှာတော့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ကိုးကန့်ဒေသတွင်း တိုက်ပွဲသတင်းနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ သတင်းစာတွေမှာတော့ ဖေဖော်ဝါရီလ ၉ ရက်နေ့က ဒေသခံတွေ သတင်းပေးချက်အရ တပ်မတော်က လေက်ကိုင်ဒေသတွင်း နယ်မြေရှင်းလင်းရာမှာ ကိုးကန့်အဖွဲ့နဲ့ တိုက်ပွဲ ၄ ကြိမ်ဖြစ်ခဲ့ကြောင်းနဲ့ တပ်မတော်အနေနဲ့ ဒီဒေသအတွင်း သောင်းကျန်းသူတွေ အခြေမချနိုင်အောင် နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေကြောင်း ဖော်ပြပါတယ်။ ဒီကနေ့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဆက်သွယ်မေးမြန်းရာမှာလည်း တာဝန်ကျ တပ်မတော်သားတဦးက လူကြီးတွေ အစည်းအဝေး တက်နေကြောင်းသာ ဖြေဆိုပါတယ်။

လက်ရှိ ကိုးကန့်ဒေသမှာ အစိုးရနဲ့ ကိုးကန့် တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ တရုတ်နိုင်ငံထဲအထိ ရောက်လာနေတဲ့အတွက် စိုးရိမ်ပူပန်တဲ့အကြောင်း တရုတ်နိုင်ငံက ပြောဆိုပါတယ်။ မနေ့ကစပြီး ဒီကနေ့အထိ မြန်မာနိုင်ငံ နယ်စပ်ဒေသက လူတွေဟာ လုံခြုံရေးအတွက် စိုးရိမ်တာကြောင့် တရုတ်နိုင်ငံထဲ ဝင်ရောက် လာနေကြပြီး၊ တရုတ်နိုင်ငံက စောင့်ရှောက်ထားကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Hua Chunying က ဒီကနေ့ ဘေဂျင်းမြို့တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာပါ။ ပဋိပက္ခဖြစ်နေသူတွေကြား ကွဲလွဲမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်း၊ ညှိနှိုင်းဖြေရှင်းကြဖို့နဲ့ တရုတ်နိုင်ငံကိုပါ လုံခြုံရေးအရ ရိုက်ခတ်လာနိုင်တဲ့ နယ်စပ်ဒေသမှာ တည်ငြိမ်မှုရအောင် ကြိုးပမ်းကြဖို့လည်း တိုက်တွန်းပါတယ်။

ကိုးကန့်ဒေသတွင်း တိုက်ပွဲတွေဟာ ၂၀၀၉ ခုနှစ်က အစိုးရတပ်ရဲ့ တိုက်ခိုက်တာကြောင့် တိမ်းရှောင်သွားတဲ့ ကိုးကန့်ခေါင်းဆောင် ဦးဖုန်းကြားရှင်က ကိုးကန့်ဒေသမှာ ပြန်အခြေစိုက်မယ်လို့ ကြေညာပြီးတဲ့နောက် စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ဖြစ်ပွားတဲ့ ကွမ်လုံမြို့နယ်အတွင်း တိုက်ပွဲမှာတော့ အစိုးရဘက်က ၇ ယောက် ကျဆုံးကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG