သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောက်ကိုင် နောက်ဆုံး အခြေအနေ


လောက်ကိုင်ဒေသအတွင်းတိုက်ပွဲတွေကြောင့် နေရပ်စွန့်ထွက်ပြေးလာတဲ့ဒုက္ခသည်တွေ (ဖေဖော်ဝါရီ ၁၉၊ ၂၀၁၅) ဓာတ်ပုံ- စိုးဇေယျာ ထွန်း။
လောက်ကိုင်ဒေသအတွင်းတိုက်ပွဲတွေကြောင့် နေရပ်စွန့်ထွက်ပြေးလာတဲ့ဒုက္ခသည်တွေ (ဖေဖော်ဝါရီ ၁၉၊ ၂၀၁၅) ဓာတ်ပုံ- စိုးဇေယျာ ထွန်း။

ဖုန်ကြားရှင်ရဲ့ကိုးကန့်လက်နက်ကိုင်တွေနဲ့ မြန်မာ့တပ်မတော်တို့ကြား ဒီကနေ့မှာလည်း လောက်ကိုင်ဒေသတဝိုက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ မြန်မာ့တပ်မတော်ဘက်ကတော့ ရှေ့တန်းရောက်တပ်မတော်သားတွေအတွက် နိုင်ငံတဝန်းမှာ အလှူငွေကောက်ခံမှုတွေကို အင်တိုက်အားတိုက် လုပ်ဆောင်လာပါတယ်။ အခြေအနေအသေးစိတ်ကို မသိင်္ဂီထိုက်က စုစည်းတင်ပြပေးထားပါတယ်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ရဲ့ အရှေ့ဘက်နဲ့အရှေ့တောင်ဘက်တို့က ဖုန်ကြားရှင်ရဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ရဲ့ တပ်စခန်း ၂ ခုကို ဒီကနေ့မှာလည်း မြန်မာ့တပ်မတော်က လက်နက်ကြီးနဲ့ပစ်၊ လေကြောင်းပစ်ကူပေးပြီး ကြည်တပ်နဲ့ ထိုးစစ်ဆင်ခဲ့ပါတယ်။ ကိုးကန့်တပ်ဘက်က ၂ ဦး ဒဏ်ရာရပြီး မြန်မာ့တပ်မတော်ဘက်ကတော့ အထိအခိုက် အကျအဆုံးတွေ မသိရပါဘူး။ ဒီကနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေကို ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့ MNDAA ရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက အခုလို ပြောပါတယ်။

“လောက်ကိုင်ရဲ့အရှေ့တောင်ဘက်၊ နာမည်ကတော့ ရှာဟိုင်ပန်-လို့ခေါ်တယ်။ လေယာဉ် ဟိုက်စကီး တစီးလာတယ်။ ဗုံးကြဲတယ်၊ တိုက်တယ်ပေါ့နော၊ ပြီးတော ပြန်သွားတယ်၊ ပြန်လာကြဲတယ်၊ အဲလိုပေါ့- ပြီးတော့ ကြည်းတပ်ထိုးတယ်။ ….လောက်ကိုင်အရှေ့ဘက်ခြမ်း… နာမည်က စံပအိုင်ဆန်း- လို့ခေါ်တယ်။ အဲဒီမှာကျတော့ သူတို့က လက်နက်ကြီးနဲ့လှမ်းပစ်တယ်၊ ပစ်ပြီးတော့ ကြည်းတပ်ထိုးတယ်ပေါ့ဗျာ။ လေယာဉ်လည်း ခနခနထုတ်သုံးတယ်။ ပြီးတော့ လူအင်အားတွေလည်း အများကြီးသုံးပြီးတော့ တိုက်တယ်ပြောရမှာပေါ့။ အဲဒီတုန်းက ကျနော်တို့ကို တနေ့တုန်းကပေါ့နော်၊ ၂၁ ရက်နေ့တုန်းက ကျနော်ထင်တယ်၊ တပ်ရင်းက မရှိဘူးဆိုရင် (၇) ရင်း၊ (၈) ရင်းလောက် ရှိမယ်ထင်တယ်။ အဲဒီစခန်းကိုတိုက်တာ။”

တိုက်ပွဲတွေကြောင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လောက်ကိုင်နဲ့ အနီးအနားဒေသတွေက ဒေသခံတွေဟာ မြန်မာပြည်တွင်းကို စစ်ရှောင်တဲ့အနေနဲ့ ပြန်လာကြသူ ထောင်နဲ့ချီပြီး ရှိခဲ့ပြီး တရုတ်ဘက်ကို ထွက်ပြေးကြသူတွေကလည်း သောင်းနဲ့ချီ ရှိနေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဘက်ခြမ်းက စစ်ပြေး ဒုက္ခသည်တွေ ခိုလှုံနေကြတဲ့ စခန်းတွေမှာတော့ စားနပ်ရိက္ခာက အစ အဝတ်အစားအဆုံး လိုအပ်ချက်ကတော့ အတော်လေး ရှိနေတယ်လို့လည်း ကိုးကန့်ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။ ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ဖြစ်ပွားတဲ့ ကိုးကန့်လက်နက်ကိုင်တို့နဲ့ မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲတွေအတွင်း မြန်မာ့တပ်မတော်ဘက်က ၅၀ ကျော်ကျဆုံးပြီး ကိုးကန့်လက်နက်ကိုင်တပ်ဘက်ကတော့ ၇၀ ကျော်ကျဆုံးခဲ့တယ်လို့ နှစ်ဘက်တို့က တရားဝင် ပြောဆိုထားတာကြောင့် ဒီတိုက်ပွဲအတွင်း နှစ်ဘက်တပ်သားတွေကျဆုံးမှုက ၁၃၀ နီးပါး ရှိခဲ့ပါတယ်။ အရပ်သားတွေ ထိခိုက်သေကြေမှုကတော့ တရားဝင်ထုတ်ပြန်တဲ့ အရေအတွက် မသိရပါဘူး။

ဒါ့အပြင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လောက်ကိုင်မြို့ကိုလည်း အစိုးရက အရေးပေါ် အခြေအနေ ကြေညာပြီး စစ်အုပ်ချုပ်ရေး ကျင့်သုံးနေပါတယ်။ လောက်ကိုင်မြို့မှာ မြို့တွင်းတိုက်ပွဲတွေ ဆင်နွှဲနေရဆဲလည်းဖြစ်တယ်လို့ ပြီးခဲ့တဲ့ စနေနေ့ နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောခဲ့ပါတယ်။ ဒီကနေ့ လောက်ကိုင်အခြေအနေနဲ့ပတ်သက်ပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံးက ပြောခွင့်ရဗိုလ်ချုပ် အောင်ရဲဝင်းကို ဆက်သွယ်ခဲ့ပေမယ့် တာဝန်နဲ့ မအားမလပ်ဖြစ်နေတဲ့အတွက် အသေးစိတ် ဖြေကြားခဲ့ခြင်းမရှိပါဘူး။ တချိန်တည်းမှာပဲ မြန်မာ့တပ်မတော်ဘက်က ကိုးကန့်ဒေသမှာ တိုက်ခိုက်နေကြတဲ့ တပ်မတော်သားတွေအတွက် လှူချင်တန်းချင်သူတွေရှိလာလို့ နိုင်ငံတဝန်းမှာအလှူခံစခန်းတွေ ဖွင့်လှစ်လက်ခံနေရတယ်လို့ အလှူလက်ခံဌာနတာဝန်ခံ ဗိုလ်ကြီးနိုင်လင်းက ဗွီအိုအေကို ပြောပါတယ်။

“အလှူငွေက ကျနော်တို့က လိုအပ်ချက်ရယ်လို့ ကျနော်တို့က သီးခြားမရှိဘူးဗျ။ ပြည်သူတွေကနေပြီးတော့ ကျနော်တို့ကို လှူမယ်ဆိုပြီးတော့ ဆန္ဒပြုတာတွေ အရမ်းများတယ်၊ အဲဒီတော့ ‘ကဲ၊ လှူမယ်ဆိုလို့ရှိရင် လှူလို့ရအောင်’ ဆိုပြီးတော့ ကျနော်တို့က လုပ်ပေးလိုက်တာ။ ဖုန်းနံပါတ်တွေလည်း တိုင်းအလိုက်အများကြီးမထည့်ထားဘူး။ ရန်ကုန်တို့၊ ရှမ်း (မြောက်) တို့ အဲလိုဟာမျိုးတွေပေါ့၊ မနေ့ကတော့ နှစ်ခုလောက် ထပ်တိုးပေးတယ်လို့ သိရတယ်။ အလှူငွေလိုအပ်ချက်အရလည်း မဟုတ်ဘူး။ ပြည်သူတွေကနေပြီးတော့ ကျနော်တို့ကို အရမ်းလှူချင်ပါတယ်ဆိုပြီးတော့ ကျနော်တို့ကိုဆက်သွယ်လို့၊ ကျနော်တို့မှာ ဒါမျိုးတွေ လိုက်ကောက်တဲ့အစဉ်အလာလည်းမရှိဘူး။ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ပြည်သူတွေကလည်း အားပေးတယ်၊ ထောက်ခံတယ်။ ထောက်ခံတဲ့အခါကျတော့ အဲဒီအတွက်ကြောင့် လူကြီးတွေကနေပြီးတော့ ဖွင့်ပေးလိုက်တာ။ အဲဒီမှာ အလှူငွေတွေလာလှူတယ်၊ ပစ္စည်းတွေလာလှူတယ်။ လှူတဲ့ဟာကို ကျနော်တို့ကလက်ခံထားပေးတယ်။ လက်ခံလို့ရတဲ့ဟာကို ရှေ့တန်းရောက် တပ်မတော်သားတွေကိုလွဲှပေးတယ်။ အဲလိုပါပဲဗျ။”

လက်ရှိ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲတေဖြစ်နေတဲ့ ဖုန်ကြားရှင်ဦးဆောင်တဲ့ MNDAA ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာစစ်အစိုးရနဲ့ ပထမဆုံး အပစ်အခတ်ရပ်စဲခဲ့ကြတာပါ။ ဒါပေမယ့် ၂၀၀၉ ခုနှစ်မှာ မြန်မာစစ်အစိုးရနဲ့ မပြေမလည်ဖြစ်ပြီး အပစ်ရပ်ရေး ပျက်ပြယ်ပြီး ဖုန်ကြားရှင်လည်း ထွက်ပြေးခဲ့ရတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာတော့ ဖုန်ကြားရှင်ရဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့က တိုက်ပွဲကို စတင်ခဲ့တာပါ။ ဒီကနေ့အထိ တိုက်ပွဲတွေအတွင်း ကြက်ခြေနီအလံတင်ထားတဲ့ကားကို နှစ်ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခံရပြီး လူတွေ ထိခိုက် ဒဏ်ရာရတာတွေ၊ စစ်ပွဲအတွင်း ဒေသခံတွေအသက်အန္တရာယ် မလုံမခြုံဖြစ်ရတာတွေကိုတော့ နှစ်ဘက်စလုံးတို့က အပြန်အလှန် စွပ်စွဲနေကြပါတယ်ရှင်။

XS
SM
MD
LG