သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်အရေး ငြိမ်းချမ်းစွာအဖြေရှာဖို့ မြန်မာကို တရုတ်တိုက်တွန်း


လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။ (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)
လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။ (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

တရုတ်-မြန်မာနယ်စပ်အနီး ကိုးကန့်ဒေသတဝိုက်မှာဖြစ်နေတဲ့ တိုက်ပွဲတွေဟာ နယ်စပ်လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေပြီး ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ တရုတ်အစိုးရက ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။

မြန်မာစစ်တပ်အနေနဲ့ ငြိမ်းချမ်းရေး မလိုချင်သ၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေး တိုက်ခိုက်နေမှာ ဖြစ်တယ်လို့လည်း တရုတ်-မြန်မာဆက်ဆံရေး လေ့လာနေသူ ဒေါက်တာ လှကျော်ဇော က ဝေဖန်ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင် က တင်ပြထားပါတယ်။

အင်္ဂါနေ့က ပုံမှန်ပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုးကန့်ဒေသတိုက်ပွဲကြောင့် တရုတ်နိုင်ငံဘက် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေရှိနေပြီး အခြေအနေတွေကို စိုးရိမ်မကင်းဖြစ်မိတယ်လို့ ပြောခွင့်ရအမျိုးသမီး Hua Chunyin က mandarin ဘာသာစကားနဲ့ ပြောသွားပါတယ်။

“လုံခြုံရေးကြောင့် မနေ့ရော၊ ဒီကနေ့မှာပါ မြန်မာနယ်စပ်မှာ နေထိုင်သူအချို့ တရုတ်နိုင်ငံထဲကို ထွက်ပြေးလာကြပါတယ်။ သူတို့ကို တရုတ်အစိုးရက စောင့်ရှောက်ထားတဲ့အကြောင်း” - ပြောသွားတာပါ။

ဒါ့အပြင် အခြေအနေတွေကို တရုတ်အစိုးရက အနီးကပ် စောင့်ကြည့်နေပြီး တရုတ်-မြန်မာနယ်စပ် ငြိမ်းချမ်းရေး လုံခြုံရေးနဲ့ တည်ငြိမ်ရေး ရှိဖို့ အားလုံးပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းသွားပါတယ်။

“မြန်မာနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ အဖွဲ့အစည်းအားလုံး သူတို့ရဲ့ မတူညီတဲ့အမြင်တွေကို ညှိနှိုင်းအဖြေရှာရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်လုပ်သွားဖို့၊ နောက် နယ်စပ်တည်ငြိမ်ရေးကို ပျက်ပြားစေပြီး အထူးသဖြင့် တရုတ်ပိုင်နယ်မြေဘက်မှာ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတဲ့ နယ်စပ်ပဋိပက္ခ တိုက်ပွဲတွေကို တားဆီးနိုင်မယ်လို့ တရုတ်အစိုးရက မျှော်လင့်ကြောင်း” ပြောသွားတာဖြစ်ပါတယ်။

တရုတ်အနေနဲ့ မြန်မာဘက်အခြမ်းမှာ ရင်းနှီးမြှုပ်နှံမှု အများအပြား လုပ်ကိုင်ထားပါတယ်။ အထူးသဖြင့် မြန်မာပြည် မြောက်ပိုင်းနယ်စပ်ကိုဖြတ်ပြီး တရုတ်နိုင်ငံကို ပို့ဖို့ ဆောက်လုပ်ထားတဲ့ ရေနံစိမ်းပိုက်လိုင်းနဲ့ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတွေ ရှိနေတာပါ။ ဒါ့အပြင် နှစ်နိုင်ငံနယ်စပ် ပဋိပက္ခတိုက်ပွဲတွေကြောင့် ၂၁ ရာစု ပိုးလမ်းမကြီး ဖောက်လုပ်မယ့် စီမံကိန်းကို ထိခိုက်မယ့်အရေး တရုတ်က စိုးရိမ်နေတယ်လို့ တရုတ်နိုင်ငံအခြေစိုက် တရုတ်-မြန်မာဆက်ဆံရေး လေ့လာနေသူ ဒေါက်တာ လှကျော်ဇော က ပြောပါတယ်။ ကိုးကန့်ဒေသက လက်ရှိတိုက်ပွဲတွေကြောင့် တရုတ်ဘက်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအပေါ် တရုတ်အစိုးရရဲ့ သဘောထားနဲ့ ပတ်သက်လို့လည်း သူက အခုလို ပြောပါတယ်။

“၂၀၀၉ ခုနှစ် ကိုးကန့်ကိစ္စဖြစ်တုန်းကလေ ကိုးကန့်တွေနဲ့ ငြိမ်းချမ်းရေးရယူထားပေမဲ့ နယ်ခြားစောင့်မလုပ်လို့ ဝင်တိုက်ပစ်တဲ့အခါကျတော့ အဲ့ဒီကာလတုန်းက ဝင်လာတဲ့ တပ်မ ၃၃ က တော်တော်လေး ရက်စက်တယ်။ အဲတော့ ကိုးကန့်တွေက တော်တော်လေးကို ကြောက်တာ။ သူတို့က ပစ္စည်းတွေလည်းယူ၊ လူတွေကိုလည်း သတ်၊ ဒုက္ခပေး ဘာပေးဆိုတော့ လူတွေက အခု တိုက်ပွဲဖြစ်တယ်ဆိုကတည်းက ကိုးကန့်က တပုံကြီးကို တရုတ်ပြည်ထဲကို ဝင်ပြေးလာတော့တာ။ အဲ့ဒါကြောင့် တရုတ်က ဒီတခါတော့ ဘယ်လိုမှကို မတတ်နိုင်လို့ လက်ခံလိုက်ရတာ။ KIA နဲ့ဖြစ်တုန်းက အစောပိုင်းတုန်းကဆိုရင် သူတို့ လက်မခံဘူး။ ဒီဘက်က ကချင်၊ အဲ့ဒီ တရုတ်ပြည်ဘက်က ကချင်တွေက အတင်း တောင်းဆိုလာတော့မှ လက်ခံတာဖြစ်တယ်။”

မေး။ ။ ကိုးကန့်က သူတို့ပြောတာကတော့ သူတို့ကို လိုက်ပြီး တိုက်တဲ့အတွက် ကိုယ့်နယ်မြေ၊ ကိုယ့်အိမ်ကို ကိုယ်ပြန်တယ်ဆိုတဲ့အပိုင်းမှာ သူတို့ရှိတဲ့နေရာတွေကို မြန်မာစစ်တပ်က လာပြီးတော့ လိုက်ပြီးတော့ ချေမှုန်းတယ်ဆိုတဲ့ အဲ့လို ပြန်ပြောတာလည်းရှိတယ်။ မြန်မာစစ်တပ်ဘက်ကလည်း ကိုးကန့်က သူတို့ရဲ့ အဓိကစခန်းတချို့ကို လိုက်ပြီးတော့ တိုက်တယ်ဆိုပြီး ပြောနေတဲ့အပေါ်မှာ ဘယ်လိုသုံးသပ်မိပါသလဲ။

ဖြေ။ ။ “ဒီကိစ္စတွေက အခြေခံ အစိုးရကိုယ်တိုင်ကိုက အဲ့လိုမျိုး ရုတ်ရုတ် ရုတ်ရုတ် ဖြစ်စေချင်နေတာ။ ကျောင်းသားတွေကိစ္စဖြစ်နေတော့ လူတွေကို အာရုံလွှဲချင်တယ်။ အာရုံလွှဲချင်တော့ သူတို့ရဲ့ တောက်လျှောက်လုပ်ဟန်က တရုတ်နဲ့ တိုက်ပေးလိုက်၊ ကုလားနဲ့ တိုက်ပေးလိုက်၊ မူဆလင်နဲ့ တိုက်ပေးလိုက် သူတို့ အဲ့လိုပဲ လျှောက်လုပ်နေတာ။ အဲတော့ အခုဟာကလည်း ကိုးကန့်က ပထမဦးဆုံး ကျမတို့ ပါတီက ခွဲထွက်ပြီး သူတို့နဲ့ ငြိမ်းချမ်းရေး ယူခဲ့တယ်။ ဗိုလ်ခင်ညွန့်က ဖူးဖူးကို မှုတ်ထားတာဖြစ်တယ်။ ဒီလောက် သူတို့နဲ့ အဆင်ပြေတဲ့ တပ်ကိုတောင်မှ နယ်ခြားစောင့်တပ် မလုပ်လို့ဆိုပြီး အဲ့ဒီ အချင်းချင်းကြား သူတို့ ပဋိပက္ခတွေက ရှိတာကိုး။ စီးပွားရေးသမားတွေဆိုတော့ အဲ့ဒီ ပဋိပက္ခတွေကို အခြေခံပြီးတော့ တိုက်ခိုင်းလိုက်ပြီးတော့ ပြီးတော့ သူတို့က ဗမာတပ်က ဝင်ပြီးတော့ - ဝင်တဲ့အခါမှာ တော်တော် ရက်စက်တယ်နော်။ ခင်ဗျားတို့ မသိကြဘူး။ ကိုးကန့်တနယ်လုံး ရှိသမျှဟာကိုတောင်မှ ဘယ်သူ့ဆီကပဲဖြစ်ဖြစ် အဲ့ဒီတုန်းက ကိုးကန့်မှာ စီးပွားရေးတွေ၊ ဘာတွေလည်း တရုတ်ပြည်ကနေ သွားလုပ်နေတဲ့သူတွေ အဲ့ဒီဟာတွေကအစ အကုန် သိမ်းပစ်တာ။ အဲ့ဒီဟာတွေ အကုန်သယ်သွားပြီးတော့မှ သူတို့ရောင်းစားပစ် ဘာပစ် အဲ့ဒါတွေ လုပ်ပစ်တာ။ ကိုးကန့်တခုကလေ အခု အတော်လေးကို ဆင်းရဲမွဲတေကျသွားတာ။ အဲ့ဒီမှာ ဖုန်ကြားရှင်တို့နဲ့ ပါသွားတဲ့ အဲ့ဒီဟာတွေက သူတို့နယ်သူတို့ ပြန်လိုချင်လို့ သူတို့ဟာသူတို့ ပြန်ဝင်ကြတာပဲ။ ဝင်ကြရင်းနဲ့ ဒီကိစ္စတွေ ပြန်ပေါ်လာတာပေါ့။ ဗမာ့စစ်တပ်က ဗမာပြည်မှာ ငြိမ်းချမ်းရေး မလိုချင်သ၍ အဲ့လိုပြဿနာတွေကတော့ ပေါ်နေမှာပဲ။”

အင်္ဂါနေ့ မနက်ပိုင်းကလည်း လောက်ကိုင်ဒေသ မြောက်ဘက်နေရာ ၂ ခုမှာ ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့ဖြစ်တဲ့ MNDAA မြန်မာနိုင်ငံ တိုင်းရင်းသားများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစုနဲ့ မြန်မာအစိုးရတပ်တွေကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

မြန်မာစစ်တပ်က ဝေဟင်ကနေပစ်တဲ့ စစ်ရဟတ်ယာဉ်တွေအပြင် တိုက်လေယာဉ်နဲ့ တိုက်ခိုက်တဲ့အထိ တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။ ဒီတိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံနေတာတွေ ဆက်ပြီး ရှိနေဆဲဖြစ်တယ်လို့ လောက်ကိုင်မြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

XS
SM
MD
LG