သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်မှာ ဖမ်းဝရမ်းထုတ်ခံထားရသူ ၄ဦး အနက် ဖမ်းမိသူ ၃ ဦးကို တရုတ်ထံလွဲပြောင်း ပေးအပ်


ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်လောက်ကိုင် (စက်တင်ဘာ ၈၊ ၂၀၀၉)
ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်လောက်ကိုင် (စက်တင်ဘာ ၈၊ ၂၀၀၉)

တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံက ဖမ်းဝရမ်းထုတ်ပြန်ထားတဲ့ ကိုးကန့်ဒေသက ဦးမြီရှောက်ချန်းအပါအဝင် မိသားစုဝင် ၄ ယောက် အနက်မှာ ၃ ယောက်ကို ဒီလ ၁၆ ရက်နေ့က ဖမ်းဆီးရမိပြီး တရုတ်နိုင်ငံကို လွှဲပြောင်းပေးအပ်လိုက်ကြောင်းနဲ့ ဦးမြီရှောက်ချန်းဟာ ဖမ်းဆီးစဉ် သူကိုယ်သူ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဆေးရုံမှာ သေဆုံးသွားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ဒေသတွင်း လေ့လာသူတွေကတော့ ဦးမြီရှောက်ချန်းကို ဖမ်းဝရမ်းထုတ်တာဟာ အွန်လိုင်းလိမ်လည်မှုတွေနဲ့ ပတ်သက်တဲ့ အမှုတွေအပြင် တရုတ်နိုင်ငံသားတွေ သေဆုံးရတာနဲ့ ဆက်စပ်မှု ရှိနေတယ်လို့ ပြောဆိုပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပိုတဲ့သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဖြစ်ပွားနေတဲ့ အွန်လိုင်းလိမ်လည်မှု၊ လူကို သွေးဆောင်ဆွဲခေါ်မှု၊ လူပြန်ပေးမှု၊ တရားမဝင်ချုပ်နှောင်မှု၊ ခြောက်လှန့်တောင်းယူမှုတွေကို ဂိုဏ်းဖွဲ့ကျူးလွန်တာ၊ ကျူးလွန်ရန် အားထုတ်တာနှင့် အားပေးကူညီတာတွေကျူးလွန်တယ်ဆိုတဲ့ စွဲဆိုချက်နဲ့ ဦးမြီရှောက်ချန်း အပါအဝင်မိသားဝင် ၄ ဦးကို စစ်ကောင်စီက ဒီလ ၁၅ ရက်နေ့က ဖမ်းဝရမ်းထုတ်ပြန်ခဲ့တာပါ။ သူတို့ ၄ ယောက်ကို ဖမ်းဆီးဖို့အတွက် တရုတ်နိုင်ငံကလည်း ဒီလ ၁၂ ရက်နေ့ကပဲ သတင်းထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

ဒီလ ၁၆ ရက်နေ့မှာတော့ ၃ ဦးကို ဖမ်းဆီးရမိပြီး ဖမ်းဆီးစဉ် ဦးမြီးရှောက်ချန်းဟာ ကိုယ်ကိုယ်ကိုယ် သေကြောင်းကြံခဲ့ကြောင်းနဲ့ သူတို့ကို တရုတ်နိုင်ငံကို လွှဲပြောင်းခဲ့ကြောင်း စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“အဲဒီလေးယောက်အထဲမှာမှ ဒီနေ့လောက်ကိုင်မှာပဲ မြီရှောက်ချန်း၊ မြီကော်ဖျင်း၊ မြီကျိန်းကျိန်းတို့ကို မြန်မာ့တပ်မတော်အနေနဲ့ ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးတဲ့အချိန်မှာတော့ မြီရှောက်ချန်းသည် တရားမဝင် ကိုင်ဆောင်ထားတဲ့ ပွိုင့် ၂၂ သေနတ်နဲ့ သူ့ခေါင်းကိုသူပစ်ပြီးတော့ Suicide လုပ်ခဲ့တယ်။ အဲဒီအတွက် လောက်ကိုင်မှာရှိတဲ့ဆေးရုံမှာ ဆေးကုသမှုခံယူစေခဲ့တယ်။ သို့သော် အသက်ရှင်မှု မရှိခဲ့ဘူး။ အဲဒီ မြီရှောက်ချန်းရဲ့အလောင်းရယ်၊ ပြီးရင် မြီကော်ဖျင်း၊ မြီကျိန်းကျိန်းတို့ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရဲတပ်ဖွဲ့နဲ့ မြန်မာနိုင်ငံအထူးရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီးတော့ ရန်လုံကျိုင်းဂိတ်မှာ ဒီနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီလောက်မှာ အောင်မြင်စွာလွှဲပြောင်းခဲ့ပြီးဖြစ်ပါတယ်။”

ဦးမြီရှောက်ချန်းသတင်းကို ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အင်တာနက်သတင်းစာမျက်နှာမှာ ဖော်ပြရာမှာတော့ ဖမ်းဝရမ်းထုတ်ထားတဲ့ တရုတ်နိုင်သား ၄ ဦးအနက် ၃ ဦးကို ဖမ်းမိလို့ သတင်း ဖော်ပြထားပါတယ်။ ဦးမြီရှောက်ချန်းဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အမတ်တဦးဖြစ်သလို ဒေသအုပ်ချုပ်ရေးအဖွဲ့ဝင်တဦး ဖြစ်ခဲ့တာကြောင့် တရုတ်နိုင်ငံသားတဦးကို ဒီလို ခန့်အပ်တာဟာ ဥပဒေဖောက်ဖျက်မှုဖြစ်ကြောင်း ဝေဖန်တာတွေ ပေါ်ထွက်နေပါတယ်။

ဒီလ ၁၆ ရက်နေ့ညနေပိုင်းမှာပဲ တချိန်က ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးပယ်စောက်ချိန်ရဲ့သား ပယ်ရင်ချန်ကိုလည်း အွန်လိုင်းလိမ်လည်မှုနဲ့ ပတ်သက်တဲ့ အမှုတွေနဲ့ ဖမ်းဝရမ်းထုတ်ကြောင်း စာတွေထွက်ပေါ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒါဟာ သတင်းမှား ဖြစ်ကြောင်း ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒါဟာ ကိုးကန့် MNDAA အဖွဲ့ လက်ချက်ဖြစ်ကြောင်း စွပ်စွဲထားပါတယ်။

“ဒီဇာစ်မြစ်တွေကို လိုက်ကြည့်တဲ့အခါမှာ တစ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ MNDAA အဖွဲ့က လုပ်တယ်ဆိုတာ သိရပါတယ်။ ကျွန်တော်ပြောခဲ့သလိုပါပဲ၊ ဒီဟာတွေသည် ယခင်တုန်းက ကျွန်တော်ပြောခဲ့ဖူးတယ်၊ ကိုးကန့်ဒေသမှာ ဖြစ်နေတဲ့ဟာတွေ၊ ကျန်တဲ့ဟာတွေသည် အကြောင်းပြချက်တွေသာ ဖြစ်တယ်။ ဒီအွန်လိုင်း လိမ်လည်မှုကို တိုက်ဖျက်တယ်တို့၊ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးဆိုတာ လိမ်လည်မှုတစ်ခုပဲ ဖြစ်တယ်။ သူတို့ တကယ်လုပ်နေတာက ကျွန်တော်ပြောခဲ့သလို ဖုန်-ရန် အရေးခင်း၊ ဖုန်ကြားရှင်နဲ့ ရန်မိုးလျန်တို့ကြားထဲက၊ မိသားစုနှစ်ခုကြား ထဲက အာဏာလုပွဲတွေ၊ အခုမှာလည်း ယခင်တုန်းက ကိုးကန့်ဒေသအုပ်ချုပ်ရေးမှာ ပါဝင်ခဲ့ဖူးတဲ့၊ ခေါင်းဆောင် လုပ်ခဲ့ဖူးတဲ့ ဦးပယ်စောက်ချိန်တို့အဖွဲ့နဲ့ မိသားစုချင်း ရန်ငြိုးရန်စတွေပဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်။”

MNDAA ရဲ့ ပြောရေးခွင့်ရှိသူ လီကျာဝင်းကတော့ တရုတ်နိုင်ငံက မြီရှောက်ချန်းနဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့စာကို အင်တာနက်သုံးသူတွေက အတုဖန်တီးတာဖြစ်ကြောင်းနဲ့ ဒါကို မြန်မာအစိုးရက အတုမှန်းမသိဘဲ ဝရမ်းစာထုတ်ပြန်ပြီး နောက်ပိုင်းမှ သတင်းအမှားအဖြစ် ကြေညာတာဖြစ်ကြောင်း ပြောပါတယ်။

“ ဒီ အင်တာနက်ပေါ်က လူတွေပေါ့နော်။ ဒီ မြီရှောက်ချန်းကို တရုတ်က ဝရမ်းထုတ်တော့ အဲဒါ Photoshop နဲ့ အဲဒီစာလေးတွေ ပြင်ပြီးတော့ ပိုင်ရင်ချန်ကို ပြောင်းပြီး အွန်လိုင်းပေါ် တင်လာတာ။ အဲဒါကို ဗမာအစိုးရက အစစ်မှန်းမသိ၊ အတုမှန်းမသိနဲ့ လိုက်ပြီးတော့ ဝရမ်းထုတ်တာ။ နောက်မှ အတုမှန်းသိတော့ မဟုတ်ဘူးဆိုပြီးတော့ ပြန်ငြင်းတာလေ။”

လက်ရှိကိုးကန့်ဒေသ အခြေအနေနဲ့ပတ်သက်ပြီး မိသားစု ရန်ပွဲဖြစ်တယ်ဆိုတဲ့အပေါ်မှာတော့ အခုလို တုံ့ပြန်ထားပါတယ်။

“နောက်တခုက ဖုန်-ရန် လူမျိုးစုအရေး ရန်ငြိုးတို့ ဘာတို့ကို သူက အမြဲစွပ်စွဲတာတော့ ရှိတာပေါ့နော်။ ဒါတော့ ကျနော်လည်း ဖြေပြီးပါပြီ။ သူ ဘယ်လောက်ပဲ စွပ်စွဲ၊စွပ်စွဲ၊ ကျနော်တို့ Operation ရဲ့ ရည်ရွယ်ချက်နဲ့ ရည်မှန်းချက်ကိုတော့ ကျနော်တို့က ထုတ်ပြန်ပြီးသားဖြစ်တယ်။ ဘယ်လောက်ပဲ စွပ်စွဲ စွပ်စွဲ ကျနော်တို့က သူတို့ကို အမြစ်ဖြုတ်တိုက်မှာပဲ။”

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်အရေး လေ့လာသူ တဦးကတော့ မနေ့က ဖမ်းဆီးစဉ် သေဆုံးရတဲ့ ဦးမြီရှောက်ချန်း အမှုကိစ္စဟာ တရုတ်လူမျိုးတွေ သေဆုံးရမှုနဲ့ ပတ်သက်ကြောင်း အခိုင်အမာ ပြောဆိုပါတယ်။ ဦးမြီရှောက်ချန်းမိသားစုဟာ ကိုဗစ်ကာလမှာ ကျားဖြန့် ခေါ် အွန်လိုင်း လောင်းကစား လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့သလို တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားဆောင်ရွက်ဖို့အတွက် တရုတ်လူမျိုးတွေကို ဝန်ထမ်းအဖြစ် သွေးဆောင်ခေါ်ယူတာ၊ ဖမ်းဆီးချုပ်နှောင်ခိုင်းစေတာ၊ ညှင်းပန်းတာ၊ သတ်ဖြတ်တာတွေ ရှိခဲ့ကြောင်းလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ရက်နေ့မှာတော့ MNDAA နဲ့ မဟာမိတ်တွေက လောက်ကိုင်ကို တိုက်မယ်ဆိုတဲ့ သတင်းသတင်းကြားတဲ့အခါ ဦးမြီရှောက်ချန်းအဖွဲ့က ထိန်းသိမ်းထားတဲ့ သူတွေကို နေရာရွှေ့ပြောင်းခဲ့ကြောင်း၊ ဒီလိုပြောင်းရွှေ့စဉ် ထွက်ပြေးတာကြောင့် လုံခြုံရေးအဖွဲ့က ပစ်ခတ်လို့ တရုတ်လူမျိုးတွေ သေဆုံးတာတွေ ရှိခဲ့ကြောင်း ပြောပါတယ်။

“ပြီးခဲ့တဲ့အောက်တိုဘာ ၂၀ရက်နေ့မှာ မြောက်ပိုင်းအဖွဲ့တွေက လောက်ကိုင်ကို ဝင်တိုက်မယ်ဆိုတဲ့ ကောလဟလတွေ ထွက်လာတယ်။ အဲလိုထွက်လာတဲ့အချိန်မှာ အဲဒီကုမ္ပဏီကလည်း ရွှေ့ဖို့လုပ်တယ်ပေါ့လေ။ ကမန်းကတမ်း ကားပေါ်မှာ တက်ခိုင်းတယ်။ ကားတွေ တန်းစီထားတယ်။ တက်ခိုင်းဖို့ လုပ်တဲ့အချိန်မှာ တရုတ်နိုင်ငံသားတွေက ထွက်ပြေးတာ။ ထွက်ပြေးတော့ အဲဒီမှာစောင့်တဲ့ လုံခြုံရေးတွေက ပစ်တာပေါ့။ ပစ်တော့ သေဆုံးတဲ့သူက အနည်းဆုံး ၆၀ လောက် ရှိတယ်။ အဲဒီအထဲမှာ တရုတ်နိုင်ငံသား အများအပြားပါတယ်။ အဲဒီထက်ပိုဆိုးတာက တရုတ်ထောက်လှမ်းရေး ၊ လောလောဆည် စာရင်းရတာက အနည်းဆုံး ၄ ယောက်ပါတယ်။ အဲဒီအချိန်ကတည်းက တရုတ်ဘက်မှာ အဲဒီသတင်းက အတော်ဂယက်ရိုက်နေပြီ။”

တချို့ကတော့ တရုတ်နိုင်ငံထဲကို ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေး လောက်ကိုင်မြို့ကို နီးကပ်လာချိန်မှာ ဆက်လက်ထိန်းသိမ်းခံနေရတဲ့ တရုတ်နိုင်ငံသားတွေ ကယ်တင်ဖို့အတွက် ဦးမြီရှောက်ချန်းကို တရုတ်က ဖမ်းဝရမ်းထုတ်လာတာ ဖြစ်နိုင်ကြောင်းလည်း ပြောပါတယ်။ လောလောဆည်မှာတော့ ကိုးကန့် MNDAA တပ်တွေဟာ လောက်ကိုင်မြို့ကို သိမ်းယူဖို့ ပြင်ဆင်နေကြောင်း ဒီလ ၁၄ ရက်နေ့ကပဲ ကြေညာထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG