သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်တိုက်ပွဲ ကြေးစားစစ်သားသုံးမှု စစ်တပ်အပြစ်တင်


 နေပြည်တော်မှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဘုရင့်နောင်ခန်းမမှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး (ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၅။ ဓာတ်ပုံ-ကျော်စွာမြင့် fc)
နေပြည်တော်မှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဘုရင့်နောင်ခန်းမမှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး (ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၅။ ဓာတ်ပုံ-ကျော်စွာမြင့် fc)

လက်ရှိ ကိုးကန့်ဒေသတိုက်ပွဲတွေမှာ ကိုးကန့်လက်နက်ကိုင်တွေဘက်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တချို့က ကူညီပေးနေတယ်လို့ မြန်မာအစိုးရကစွပ်စွဲလိုက်ပြီး ဒီအဖွဲ့တွေအနေနဲ့ လုပ်ဆောင်ချက်အပေါ်မှာ တာဝန်ယူရလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့တွေမှာ တရုတ်နိုင်ငံသား ကြေးစားတပ်သားတွေ အသုံးပြုနေတယ်လို့ ယုံကြည်ရတယ်လို့လည်း မြန်မာအစိုးရဘက်က ပြောဆိုလိုက်ပါတယ်။ ကိုးကန့် လက်နက်ကိုင်တပ်ဘက်ကတော့ အခုလို တိုက်ခိုက်နေရတာတွေဟာ ကိုးကန့်တိုင်းရင်းသားတို့ အတွက် တန်းတူညီမျှရေးနဲ့ ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးမှာ နိုင်ငံရေး အခန်းကဏ္ဍတခုအဖြစ် ပါဝင်လာနိုင်ရေးအတွက် ကြိုးပမ်းမှု ဖြစ်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။ အသေးစိတ်ကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ MNDAA နဲ့ မြန်မာ့ တပ်မတော်တို့ကြား ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ခဲ့ပြီး ဒီကနေ့အထိ တိုက်ပွဲတွေပြင်းထန်နေဆဲအချိန်မှာပဲ မြန်မာအစိုးရကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက စနေနေ့မှာ နေပြည်တော်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။ ဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုးကန့် လက်နက်ကိုင်အဖွဲ့က ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ကွန်းလုံမြို့နယ် တောက်ရွှေကျေးရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အခု တိုက်ပွဲတွေ စတင်ခဲ့ရတာ ဖြစ်တယ်လို့ အစချီပြီး လက်ရှိ ကိုးကန့်လက်နက်ကိုင်တွေရဲ့ တိုက်ပွဲအခြေအနေတွေကို အထောက်အထားတွေနဲ့ သတင်းထောက်တွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

“သူတို့ဟာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်အားအမြောက်အများ အသုံးပြုသွားတယ်။ ဒေသခံတွေကို အကြောက်တရားနဲ့ သတင်းပေါက်ကြားမှုမရှိဖို့ ထိန်းချုပ်ထားနိုင်ကြောင်းလည်း သိရပါတယ်။… အဲဒီတော့ ဖမ်းဆီးရမိခဲ့တဲ့ တရုတ်လူမျိုးထဲက (၈) ယောက် အလင်းဝင်တယ်။ ဒီထွက်ဆိုချက်တွေကို ကျနော်တို့ စိစစ်ဖော်ထုတ်ထားတဲ့အတိုင်း ဒီတပ်ဖွဲ့မှာ တရုတ်က ကြေးစားတွေပါဝင်နေတယ်ဆိုတာ မှန်ကန်မှုရှိတယ်လို့ ကျနော်တို့ သုံးသပ်နိုင်ပါတယ်။”

အခု ကိုးကန့် တိုက်ပွဲတွေဟာ အချုပ်အချာအာဏာကို ထိပါးလာတာ ဖြစ်လို့ မြန်မာ စစ်တပ် အနေနဲ့ အစွမ်းကုန် ကာကွယ်သွားရမှာ ဖြစ်တယ်လို့လည်း ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောဆိုပြီး ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ဘက်က ဝင်ရောက် ကူညီပေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဟာလည်း လုပ်ဆောင်ချက်အတွက် တာဝန်ယူကြရမယ်လို့ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

“အဲဒီတော့ ကျနော့အနေနဲ့ လောက်ကိုဒေသဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဒီကိစ္စဟာ အချုပ်အခြာအာဏာနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်တယ်လို့ တင်ပြလိုပါတယ်။ ဖုန်ကြားရှင်ခေါင်းဆောင်တဲ့ သောင်းကျန်းသူအဖွဲ့ဟာ လောက်ကိုင်ဒေသကို တိုက်ခိုက်သိမ်းပိုက်ပြီးတော့ ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရကို ဖြုတ်ချတယ်။ သူက အာဏာသိမ်းဖို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ အစိတ်အပိုင်းတခုကို တိုက်ခိုက်လာခြင်းဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့တပ်မတော်အနေနဲ့ လုံးဝ လက်မခံပါဘူး။ လုံးဝအလျှော့ပေးမှာ မဟုတ်ပါဘူး။ မိမိတို့ရရှိထားတဲ့အထောက်အထားတွေအရ လောက်ကိုင်ဖြစ်စဉ်မှာ မိုင်းလားအဖွဲ့၊ ဝ-အဖွဲ့၊ KIA အဖွဲ့၊ TNLA အဖွဲ့၊ SSA-ဝမ်ဟိုင်းအဖွဲ့ ပါဝင်ပတ်သက်မှုများရှိနေကြောင်း သိရှိရတဲ့အတွက်ကြောင့် ဒီအတွက်ကိုလည်း သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ တာဝန်ယူရမှာဖြစ်တယ်လို့ ပြောကြားလိုပါတယ်။”

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မှာတော့ လတ်တလော စစ်အုပ်ချုပ်ရေး ကျင့်သုံးနေပြီး မြို့တွင်း တိုက်ပွဲတွေဆင်နွှဲနေရဆဲ ဖြစ်တယ်၊ အခြေအနေမှန်တွေကို တင်ပြနိုင်ဖို့ သတင်းထောက်တွေကိုလည်း လောက်ကိုင်ဒေသကို လာရောက်ကြဖို့ကိုလည်း ဒုတိယ ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဖိတ်ခေါ်သွားပါတယ်။

တချိန်တည်းမှာပဲ ဒီကနေ့ ကိုးကန့်ဒေသဘက်မှာတော့ နေရာသုံးနေရာမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး တပ်မတော်ဘက်က လေကြောင်း ကနေလည်း တိုက်ခိုက်ခဲ့တယ်လို့ MNDAA ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“မနက်ပိုင်းကနေစတယ်။ ၉ နာရီခွဲလောက်ကနေ စမယ်ထင်တယ်။ ပြီးတော့ ၁၁ နာရီလောက်ကျတော့ တိုက်လေယာဉ်ရယ်၊ ရဟတ်ယာဉ်ရယ် တမျိုး နှစ်စီးစီ၊ စုစုပေါင်း လေးစီးလာတိုက်တယ်၊ ဗုံးကြဲတယ်။ တနေကုန်ပါပဲ၊ ပြီးတော့ ကျည်းတပ်တွေ ထိုးတက်တယ်၊ ပြီးတော့ လက်နက်ကြီးနဲ့ထပ်ပစ်တယ်။ ကျည်းတပ်တွေက ထိုးတက်တယ်။ အဲလိုပါပဲ။ တနေကုန်။ ဖုန်းရွှေကြားမှာပါပဲခင်ဗျာ၊ ခါတိုင်းဖြစ်နေတဲ့နေရာ။ ကုန်းကြမ်းမှာလည်း ဖြစ်သေးပါတယ်။ အဲဒါကတော့ သိပ်မပြင်းထန်ပါဘူး။ ဒီနေ့ တော်တော်များများဖြစ်တယ်။ နောက်တနေရာဖြစ်တယ်။ ကျနော် နေရာနာမည် မမှတ်မိဘူးဗျ။”

ဒါ့အပြင် ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်ဘက်က ပြောဆိုခဲ့တဲ့ ကိုးကန့်လက်နက်ကိုင်တို့ကို ကူညီထောက်ပံ့ပေးနေပါတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း ဦးထွန်းမြတ်လင်းက တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

“ကျနော်အတိအကျပြောချင်တာကတော့ ကျနော့်တပ်ထဲမှာ တရုတ်နိုင်ငံသားကို မရှိတာ။ ကြေးစားဆိုတာ ကျနော်တို့ ဘယ်သွားရှာရမလဲတောင် မသိဘူး။ အဲလောက်လည်း ကျနော်တို့ ငွေရေးကြေးရေးမတတ်နိုင်ပါဘူးခင်ဗျ။ တရုတ်ပြည်က - ကျနော်အတတ်ပြောလို့ရပါတယ်ခင်ဗျ။ တရုတ်ပြည်ကနေပြီးတော့မှ ကျနော်တို့ကို ထောက်ပံ့တာတို့၊ ကျနော်တို့ကို ကူညီတာတို့ လုံးဝမရှိပါဘူး။ နောက်တခုကတော့ မိုင်းလားတို့၊ ဝတို့နဲ့ကတော့ ဟိုးအရင်ကတည်းက မဟာမိတ်ပါခင်ဗျ။ ဒါပေမယ့်တခုတော့ရှိတယ်။ ဥပမာ- လက်နက်တွေ၊ ဘာတွေတော့ ထောက်ပံ့တာ၊ ကူညီထားတာတော့ မရှိပါဘူး။ မရှိပါဘူးခင်ဗျ။ ပြီးတော့ ဒီ အခု တပ်ပေါင်းစုပြောရမှာပေါ့နော်၊ ကျနော်တို့အဖွဲ့တွေကတော့ နဂိုရ်ကတည်းက ကျနော်တို့လည်း နဂိုရ်ကတည်းက UNFC အဖွဲ့ဝင်တွေဆိုတော့ နဂိုရ်ကတည်းကလည်း မဟာမိတ်ပါပဲခင်ဗျ။ အဲဒီတော့ ကျနော်တို့ ဒီဒေသထဲရောက်လာတာကတော့ TNLA ရယ်၊TA ရယ် ရှိပါတယ်ခင်ဗျ။ ဒေသအပြင်မှာကတော့ ဥပမာ KIA ဆိုရင် သံလွင်မြစ်အနောက်ခြမ်းမှာ သူ့ဧရိယာထဲမှာသူ လှုပ်ရှားနေပါတယ်ခင်ဗျ။ SSA လည်း အဲလိုပါပဲ။ ထိုနည်းလည်းကောင်းပါပဲ၊ သူတို့ဒေသမှာသူတို့ လှုပ်ရှားနေပါတယ်ခင်ဗျ။”

၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာစစ်အစိုးရနဲ့ ပထမဆုံး အပစ်အခတ်ရပ်စဲခဲ့တဲ့ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်လက်နက်ကိုင် မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ်တပ်ပေါင်းစု (MNDAA) ဟာ ၂ဝဝ၉ ခုနှစ်မှာ စစ်အစိုးရနဲ့ မပြေမလည်ဖြစ်ပြီး အပစ်ရပ်ရေးပျက်၊ ဖုန်ကြားရှင်လည်း ထွက်ပြေးခဲ့ရပါတယ်။ MNDAA ဟာ ၂ဝ၁၄ ခုနှစ်မှာညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်ဖြစ်လာခဲ့ပေမယ့် မြန်မာအစိုးရဘက်ကတော့ တရားဝင်အသိအမှတ် မပြုထားပါဘူး။ ကိုးကန့်လက်နက်ကိုင် MNDAA နဲ့ မြန်မာ့ တပ်မတော်ကြား ပဋိပက္ခတွေကို အမြန်ဆုံးရပ်ပြီး ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ MNDAA ကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တခုအနေနဲ့ မြန်မာအစိုးရက အသိအမှတ်ပြုပြီး နိုင်ငံရေးအရ ရပ်တည်ခွင့်ပေးဖို့ကိုလည်း UNFC က ကြေညာချက်ထုတ် တိုက်တွန်းထားပါတယ်ရှင်။

XS
SM
MD
LG