သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေးကြေညာ


လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။ (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)
လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။ (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ကိုးကန့်ဒေသတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသကို ဖွဲ့စည်းပုံအရ အရေးပေါ် အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေးကို လွဲှပြောင်းပေးလိုက်တဲ့အကြောင်း သမ္မတရုံးကနေ ထုတ်ပြန်လိုက်ပါတယ်။

ဒါဟာဆိုရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို နယ်မြေဒေသတခုအတွက် ဖွဲ့စည်းပုံအရ လုပ်ပိုင်ခွင့်အရပ်ရပ် လွဲှပြောင်းပေးလိုက်တာ လက်ရှိ ဖွဲ့စည်းပုံ အသက်ဝင်ကတည်းကဆိုရင် ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ ပုဒ်မ ၄၁၀ အရ ပြည်ထောင်စုနယ်မြေ တခုခုကို သမ္မတအနေနဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းပြီး၊ ကာကွယ်ရေးဦးစီးချုပ်ထံ လွဲှပြောင်းပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။ အခုပြဌာန်းတဲ့ စစ်အုပ်ချုပ်ရေးအရဆိုရင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအ၀၀ကို ကာကွယ်ရေးဦးစီးချုပ်ကနေ တိုက်ရိုက် တာဝန်ယူ တာဝန်ခံရမှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ကစခဲ့တဲ့ ကိုးကန့်ဒေသတွင်း တိုက်ခိုက်မှုတွေကြောင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပုဒ်မ ၁၄၄ တားမြစ်မိန့် ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုပြီး ကျယ်ပြန့်လာတာကြောင့် အုပ်ချုပ်ရေးလုပ်ငန်းတွေ မလုပ်နိုင်တော့တဲ့အတွက် ဖွဲ့စည်းပုံအရ အခုလို အရေးပေါ် အခြေအနေ ကြေညာလိုက်တာဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ထုတ်ပြန်ချက်ထဲ အရေးပေါ်အခြေအနေကို ရက်ပေါင်း ၉၀ သတ်မှတ်ထားပါတယ်။

တချိန်တည်းမှာတော့ မြန်မာနိုင်ငံတွင်း အစိုးရစစ်တပ်နဲ့ ကိုးကန့်လက်နက်ကိုင်တပ်တွေအကြား တိုက်ပွဲကြောင့် ဒုက္ခသည် ၃ သောင်းကျော် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်ထဲ ထွက်ပြေးလာကြတဲ့အတွက်၊ အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ကြဖို့ဆိုပြီး တရုတ်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။

လူသားချင်းစာနာထောက်ထားမှုအနေနဲ့ ဒုက္ဒသည်တွေကို လိုအပ်တဲ့ အစားအစာ၊ ဆေးဝါး၊ ထောက်ပံ့ ကူညီထားတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Hua Chunying က ပြောပါတယ်။ ပဋိပက္ခမှာပါဝင်နေတဲ့ ဘက်အားလုံးအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ပြီး အထူးသဖြင့် တရုတ်နိုင်ငံဘက်ခြမ်းက လုံခြုံရေးအပေါ် သက်ရောက်မှုမရှိအောင် ရှောင်ရှားပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ရစေဖို့အတွက် နောက်ထပ် အရှိန်တက်လာစေမယ့် အခြေအနေမျိုးကို ရှောင်ရှားကြပါလို့လည်း တရုတ်နိုင်ငံခြားရေးပြောခွင့်ရက တောင်းဆိုသွားပါတယ်။

တရုတ်နိုင်ငံအနေနဲ့ သူတို့ဆီမှာရောက်နေတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်အရေအတွက်ကို ထုတ်ဖော်ကြေညာတာ ဒါဟာ ပထမဆုံး အကြိမ်ပါပဲ။

XS
SM
MD
LG