သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်တပ် တဖက်သတ် စစ်ရပ်စဲ


MNDAA ကိုးကန့်တပ်ဖွဲ့
MNDAA ကိုးကန့်တပ်ဖွဲ့

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ကိုးကန့်ဒေသအတွင်းမှာ အစိုးရတပ်နဲ့ ၄လကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နောက် ဒီကနေ့ကစတင်ပြီး တဖက်သတ် စစ်ရပ်စဲကြောင်း ကိုးကန့်တပ်ဖွဲ့က ဒီကနေ့ကြေညာလိုက်ပါတယ်။ ဒီလို ကြေညာ တာဟာ ပြဿနာတွေကို ငြိမ်းချမ်းစွာဖြေရှင်းလိုတာ၊ စစ်ကြောင့် စစ်ပွဲကြောင့် ပြည်သူတွေ ဒုက္ခရောက်ရတာနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေးတွေ ပါဝင်တယ်လို့ ကိုးကန့်အဖွဲ့က ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကိုးကန့်ဒေသစစ်ပွဲဟာ ဖေဖော်ဝါရီလ ၉ရက်နေ့က စတင်လို့ နှစ်ဖက် အထိအခိုက် အကျအဆုံးများစွာနဲ့ ၄လကျော် ပြင်းပြင်းထန်ထန် တိုက်ခိုက် ခဲ့ကြပြီး တဲ့နောက် မြန်မာ အမျိုးသား ဒီမိုကရက်တစ် တပ်ဖွဲ့ MNDAA ခေါ် ကိုးကန့်တပ်က ဇွန်လ ၁၀ရက်နေ့ ည ၁၂နာရီကနေစပြီး တဖက်သတ် အပစ်အခတ် ရပ်စဲကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။

ဒီလို တဖက်သတ်အပစ်အခတ်ရပ်စဲရတဲ့အကြောင်းကို MNDAA ကိုးကန့်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးထွန်းမြတ်လင်းက အခုလို ပြောပါတယ်။

" အဓိက ကတော့ ပြဿနာတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့သွားချင်တဲ့ သဘောပါ။ ကျနော်တို့ လေးလကျော်ဖြစ်ခဲ့ပြီ အခုတိုက်ပွဲဖြစ်တာက။ ဖြစ်နေတော့ အထူးသဖြင့် ဒေသ ထဲက ပြည်သူလူထုတွေလည်း တော်တော်လေးကို ဒုက္ခရောက်တယ်။ နောက်တခုက ဒီနှစ်မှာ ရွေးကောက်ပွဲလည်း ရှိတယ်လို့ ကြားရပါတယ်။ သိရပါတယ်။ အဲ့တာကြောင့် ကျနော်တို့ တိုက်ပွဲကြောင့် မို့လို့ ရွေးကောက်ပွဲ ပယ်ဖျက်မှာ ဖြစ်မှာစိုးရိမ်ပါတယ်။ အဲ့တာလည်း တချက်ပေါ့။"

MNDAAက ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ တရုတ်အစိုးရက တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် ပြင်းပြတဲ့ တောင်းဆိုမှုကြောင့် ရပ်စဲတာဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။ ဦးထွန်းမြတ်လင်းကတော့ တရုတ်အစိုးရ က မီဒီယာတွေကနေ တဆင့် သူတို့ သဘောထား ကို ဖော်ပြခဲ့ တာလို့ လည်း ပြောပါတယ်။

" အဲ့တာကတော့ အဓိက မီဒီယာတွေမှာပါ။ မီဒီယာတွေ တီဗီတို့ အင်တာနက်တို့ အဓိက မီဒီယာတွေမှာ သူတို့ ခဏ ခဏ ပြောပါတယ်။ ဒီနယ်စပ် တည်ငြိမ်ဖို့ အတွက်ပေါ့ဗျာ။ အဲ့တာကြောင့်မို့ပါ ကျနော်တို့ စစ်ရပ်ရခြင်းဖြစ်ပါတယ်။"

ကိုးကန့်တပ်ဖွဲ့က တဖက်သတ် စစ်ရပ်စဲလိုက်ပေမဲ့ မိမိကိုယ်ကို ကာကွယ်တဲ့ အခွင့်အရေး ကို ဆက်လက်ဆုပ်ကိုင် သွားမယ်လို့လည်း ကြေညာချက် မှာ ဖော်ပြပါတယ်။

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသက ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တဦး ကတော့ တိုက်ပွဲတွေ ငြိမ်သက်သွားရင် ကိုးကန့်ဒေသမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ ဖြစ်ကြောင်း အခုလို ပြောပါတယ်။

" တိုက်ပွဲ မဖြစ်တော့ဘူးဆိုရင် ရွေးကောက်ပွဲက သေချာပေါက် လုပ်နိုင်ပါတယ်။ သူတို့က မပစ်တော့ဘူးဆိုရင် အေးသွားပြီပေါ့။ သူတို့က ရပ်လိုက်ပြီဆိုရင် အေးပြီပဲ သူတို့ စကား မှန်ရင်ပေါ့ နော့။"

ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဟောရှောက်ချမ်းကတော့ တဖက်သတ် စစ်ရပ်စဲတဲ့အပေါ် အခုလို ပြောဆိုပါတယ်။

" ပြောတယ်လေ၊ ပြောတာပဲရှိတာပဲ။ မတိုက်တော့ဘူးဆိုတာ သူတို့က မနိုင်တော့လို့ မတိုက်တာ။ ...."

ကိုးကန့်တပ်ဖွဲ့နဲ့ နီးစပ်တဲ့ ဝပြည်သွေးစည်းညီညွတ်တပ်ဖွဲ့ UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်ကတော့ တဖက်သတ် အပစ်ရပ်ကြောင်း ကြေညာချက် အပေါ် အခုလို သုံးသပ်ပါတယ်။

" တဖက်က ကြေညာလိုက်ပြီဆိုရင် နောက်တဖက်က ကြည့်ရမှာပေါ့။ ဘယ်လို သဘောထားလဲ ဆိုတာ။ ဒီဟာက တရုတ်အဖွဲ့ရဲ့ တွန်းအားလည်း ရှိပါတယ်။ နောက် တိုင်းပြည်ရဲ့ကိစ္စလေးတွေ မှာ ဆွေးနွေးပြီးတော့ ဖြေရှင်း ဖို့ ရှေ့လက အစည်းအဝေးတွေ ဘာတို့ အားလုံးပေါ့နော့။"

ကိုးကန့်အဖွဲ့က အခုလို တဖက်သတ် အပစ်ရပ်ကြောင်း ကြေညာချက် ထုတ်ပြန်ချိန်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက လောခီးလာ ထိပ်သီးညီလာခံကနေ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို အဖွဲ့အားလုံး ပါဝင်မှ လက်မှတ်ရေးထိုးမယ်လို့ ဆုံးဖြတ်ထား ချိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို သွားရောက်ချိန်တို့နဲ့ တိုက်ဆိုင်နေပါတယ်။

၄လကြာဖြစ်ပွားခဲ့တဲ့ ကိုးကန့်စစ်ပွဲအတွင်းမှာ တိုက်ပွဲပေါင်း အနည်းဆုံး အကြိမ် ၂၅၀ကျော် ဖြစ်ပွားခဲ့သလို အစိုးရတပ်ဖက်က စစ်သည် ၁၂၀ ကျော် ကျဆုံးပြီး ၃၅၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်းနဲ့ ကိုးကန့်တပ်ဖွဲ့ဖက်က အလောင်း ၇၀ ကျော်နဲ့လူ ၂၀ကျော် သိမ်းဆည်းရမိကြောင်း မြဝတီ သတင်းဌာနက သတင်း ထုတ်ပြန် ထားပါတယ်။ ဒီတိုက်ပွဲတွေအတွင်းမှာ အရပ်သားပြည်သူ ၁၀၀နီးပါး ထိခိုက်သေ ဆုံးခဲ့ သလို ၇သောင်းလောက် ဟာ နေရပ်စွန့်ခွာပြီး တရုတ်နိုင်ငံဖက်ကို တိမ်းရှောင်နေကြရပါတယ်။

XS
SM
MD
LG