သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့် တိုက်ပွဲ ပြင်းထန်


ရှေ့တန်းစစ်မျက်နှာပြင်က ကိုးကန့်တပ်။
ရှေ့တန်းစစ်မျက်နှာပြင်က ကိုးကန့်တပ်။

ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မြန်မာ့ တပ်မတော်တို့ကြား လောက်ကိုင်ဒေသ မှာ မနေ့ကစပြီး တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာခဲ့ပြီး မနေ့ကနဲ့ ဒီကနေ့ ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေဟာ မြန်မာ့တပ်မတော်နဲ့ ကိုးကန့်တို့ကြား ဖေဖေါ်ဝါရီလ ၉ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲတွေထဲမှာ အပြင်းထန်ဆုံး လို့ ကိုးကန့်တပ်ဖွဲ့ကပြောပါတယ်။ တိုက်ပွဲအခြေနေနဲ့ ပါတ်သက်ပြီး ကိုးကန့်တပ်ဖွဲ့ပြောခွင့်ရ ဦးထွန်းမြတ်လင်းကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းရာမှာသူက အခုလို စတင်ပြောဆိုပါတယ်။

"မနေ့တုန်းက မနက်ငါးနာရီက စဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် အခုအချိန်အထိပါပဲ။ ဒီဖေဖော်ဝါရီ ကိုးရက်နေ့ကနေ စတဲ့ တိုက်ပွဲမှာ မနေ့တုန်းကနဲ့ ဒီနေ့ကတော့ အပြင်းထန်ဆုံးလို့ ပြောလို့ရပါတယ်။ ဒီမြေပြင်က ကြည်းတပ်လည်း လူတော်တော် တိုးပြီးတော့ သုံးထားတာ တွေ့ရပါတယ်။ ထိုးစစ်ဆင်တာ စစ်ကြောင်း ငါးကြောင်းနဲ့ပါ။ မနေ့တုန်းက တစ်ကြောင်းကို လူအင်အား သုံးရာကျော်လောက် နဲ့ ထိုးပါတယ်။ အဲ့ဒီ့တော့ ပေါင်းလိုက်ရင် တစ်ထောင့် ရှစ်ရာနဲ့ နှစ်ထောင် ကြားလောက်ပေါ့နော့်။ လူအင်အား ကို သုံးတာ။ လက်နက်ကြီး ပစ်ပြီးတော့ လူတပ်နဲ့ အဲ့ဒီ့မြေပြင်ကြည်းတပ်နဲ့ ပြန်ထိုးပေါ့။

ထူးခြားတာ တခုက တင့်ကားနဲ့ သံချပ်ကာ ကားနဲ့ ပစ်ကူပေးတယ်။ မနေ့တုန်းကနဲ့ ဒီနေ့နဲ့ ။ ကိုးနာရီအထိကတော့ အဲ့ဒီ့လို အရမ်းပြင်းထန်ပါတယ်။ ကိုးနာရီ နောက်ပိုင်း ကျတော့ နည်းနည်းလေး လျော့ သွားပါတယ်။ လျော့သွား တယ် ဆိုတာ လက်နက်ကြီး ကတော့ အဲ့ဒီ့အတိုင်းပါပဲ။ ဒီကြည်းတပ်ထိုးတာကတော့ နည်းနည်းလေး လျော့သွားတယ်ပေါ့။ ဒီမနက် ၁၁နာရီလောက်အထိ ၁၁နာရီလည်း ပြီးရော၊ ၁၁၊ ၁၂ လောက်ကျတော့ မနေ့တုန်းကလို အရှိန်ပြန်ဖြစ်သွားပါတယ်ခင်ဗျ။ အခုအချိန်အထိပါပဲခင်ဗျ။ "

ဒေါ်ခင်မျိုးသက်။ ။ ဟုတ်ကဲ့။ ဒီထဲမှာပေါ့နော်။ လောက်ကိုင်နဲ့ ချင်းရွှေဟော် ကားလမ်းထဲက တောင်ကုန်းပေါ့နော်။ ကိုးကန့်ဘက်က အခိုင်အမာ ခြေကုပ် ယူထားတဲ့ တောင်ကုန်းကို သိမ်းယူမိတယ်လို့။ အဲ့တာ ဟုတ်ပါသလားဆရာ။

"အော် ဟုတ်ပါတယ်။ အခုဒီနေရာဖြစ်တာက ရက် ၂၀ ကျော်နေပါပြီ။ ဒီနေရာမှာ တိုက်ပွဲဖြစ်နေတာ။ ကျနော် စခန်းဆုံးရှုံးသွားတာကတော့ မရှိခဲ့ပါဘူး။ ဟိုးအရင်တုန်း က ခုတ်ထန် ပတ်ဝန်းကျင်ပေါ့။ အခုဖြစ်တာလည်း အဲ့ဒီ့နေရာပါပဲ။ ဒါပေမဲ့ အဲ့ဒီ့နေရာမှာ ကျနော်တို့ စခန်းကုန်း သေးသေးလေး တခုရှိတယ်။ အဲ့ဒီ့မှာ ကျနော်တို့က Strategy အရ ဆုတ်ထားတာရှိတယ်။ အဲ့ဒီ့မှာ စစ်မဖြစ်ခင် ကတည်းက ကျနော်တို့ ဆုတ်ထားပါတယ်။ အဲ့ဒီ့တော့ စစ်တိုက်ပြီးတော့ စခန်းဆုံးရှုံးသွားတာတို့တော့ မရှိခဲ့ပါဘူးခင်ဗျ။"

ဒေါ်ခင်မျိုးသက်။ ။ အော် ဒါဆိုရင် ကိုးကန့်ဘက်က လူမရှိတဲ့စခန်း သူတို့သိမ်းလိုက်တာပေါ့။

" အော် ဟုတ်ကဲ့ပါ။"

ဒေါ်ခင်မျိုးသက်။ ။ တအာင်းနဲ့တိုက်တာလား။ ကိုးကန့်နဲ့တိုက်တာလား ။ ဘယ်သူနဲ့ အဓိက တိုက်တာပါလဲရှင့်။

" မနေ့တုန်းကနဲ့ ဒီနေ့ ကတော့ အဓိက ကတော့ ဒီကိုးကန့်နဲ့ပါပဲ။ "

ဒေါ်ခင်မျိုးသက်။ ။ ဟုတ်ကဲ့။ တပ်မတော်ဘက်က ဒီအရာရှိ စစ်သည်ပေါ့နော်။ အားလုံး ဆယ်ဦး လောက် ကျဆုံးတယ်လို့ ပြောပါတယ်။ ဒီကိုးကန့်ဘက်က ကျဆုံးတဲ့သူ နဲ့ ဒဏ်ရာရတဲ့သူ အခြေအနေ များ ပြောပြလို့ရမလား။

"မနေ့တုန်းက ကျနော်ရတဲ့သတင်းအရတော့ ကျနော်တို့ဘက်က ဒဏ်ရာရတာက ဆယ်ယောက်ကျော် အယောက်နှစ်ဆယ်နီးပါးလောက်ဖြစ်မယ်။ အနည်းအကျဉ်း ဒဏ်ရာရတာ။ ကျတာကတော့ နှစ်ယောက် သို့မဟုတ် သုံးယောက် ဖြစ်မယ်။ ကျနော် တိတိကျကျတော့ မရသေးပါဘူးဗျ။ သိပ်တော့ မလွဲပါဘူး ကျနောပြောတဲ့ နှုံးနဲ့က ။ တဖက်ကတော့ ကျနော်ထင်တယ်။ မနေ့တုန်းက သူတို့ပြောတဲ့ ပုံစံအရဆိုရင်တော့ အနည်းဆုံး သေတာနဲ့ ဒဏ်ရာရတာနဲ့ဆိုရင် သုံးရာအထက်မှာ ရှိပါတယ်။"

မြန်မာ့တပ်မတော်က ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှ လောက်ကိုင်နဲ့ ချင်းရွှေဟော် ကားလမ်းမှာ ကိုးကန့်တွေဘက်က အခိုင်အမာခြေကုပ် ယူထားတဲ့ တောင်ကုန်းနဲ့ ခြေကုပ်စခန်း ၂၀ ကျော်ကို သိမ်းယူနိုင်ခဲ့ကြောင်းနဲ့ မနေ့က စတင်တဲ့ တိုက်ပွဲအတွင်း တပ်မတော်မှ ကျဆုံးသူ အရာရှိ၊ စစ်သည် ၁၀ ဦးရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG