သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့် လောက်ကိုင်ဒေသ မတည်ငြိမ်သေး


လောက်ကိုင်တိုက်ပွဲပြမြေပုံ သတင်းဓာတ်ပုံ- MOI (Ministry of Information)
လောက်ကိုင်တိုက်ပွဲပြမြေပုံ သတင်းဓာတ်ပုံ- MOI (Ministry of Information)

မြန်မာ့တပ်မတော်က ထိုးစစ်တွေ တိုးမြှင့်လာနေတာကြောင့် ကိုးကန့်ဒေသတဝိုက်ရဲ့အခြေအနေ တည်ငြိမ်မှုမရှိတဲ့အကြောင်း ကိုးကန့် တပ်ဖွဲ့က ပြောပါတယ်။ လောက်ကိုင်မြို့ရဲ့ အခြေနေလည်း အရင်အတိုင်း ပုံမှန်ပြန်ဖြစ်ဖို့ မလွယ်သေးသလို လူအများစုဟာ တရုတ်ပြည်ဘက်ခြမ်း ဒုက္ခသည် စခန်းတွေမှာ ဆက်လက် ခိုလှုံနေရဆဲပဲလို့ ဆိုပါတယ်။ ဒီအခြေအနေတွေကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်း ထားပါတယ်။

ရှမ်းပြည်နယ် လောက်ကိုင်မြို့ရဲ့ အရှေ့တောင်ဖက်ခြမ်း ဖုန်းရှမ်းဒေသက ကိုးကန့်တပ်ဖွဲ့တွေကို မြန်မာ့တပ်မတော်က ဒီကနေ့မှာ လေကြောင်းစစ်ဆင်ရေးတွေ လုပ်ခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ MNDAA ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“ဒီနေ့လည်း သူတို့ ဗုံးပါ ကြဲပါတယ်။ ကုန်းကြမ်းဒေသမှာ။ လောက်ကိုင်ရဲ့ အရှေ့တောင်ဘက်ဖြစ်မှာပေါ့ဗျာ။ ကုန်းကြမ်းတောင်ဘက် မှာ လေယာဉ်သုံးမျိုးလုံးသုံးတယ်ဗျ။ ဗုံးကြဲလေယာဉ်လည်းသုံးတယ်။ ပြီးတော့ fighter လည်းသုံးတယ်။ ပြီးတော့ ဟယ်ရီကော့ပတာလည်း သုံးတယ်။ လောလောဆယ် အဲဒီမှာ ဗုံးကြဲနေတုန်းပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ကျနော်တို့ဘက်ကတော့ ဒဏ်ရာရတာတော့ ရှိပါတယ်။ ကျတာ မရှိဘူးဗျ၊ ကျနော်သိသလောက်ကတော့။ တဘက်ကတော့ ကျနော်ကြားတာကတော့ ကျတာလည်းရှိတယ်။ ဒဏ်ရာရတာလည်းရှိတယ်လို့ ပြောပါတယ်ခင်ဗျ။”

ဒီကနေ့ထုတ် မြန်မာအစိုးရသတင်းစာတွေမှာတော့ လောက်ကိုင်မြို့က နေအိမ်နှစ်လုံးကို ဝင်ရောက်ရှာဖွေရာမှာ လက်နက်နဲ့ မူးယစ်ဆေးဝါး တွေ ဖမ်းမိခဲ့ပြီး လောက်ကိုင်မြို့အနီးတဝိုက်မှာ ကိုးကန့်တပ်ဖွဲ့တွေ လာရောက်တိုက်ခိုက်တာကြောင့် အစိုးရတပ်ဖက်က ပြန်လည်တိုက်ခိုက် ခဲ့ရကြောင်းဖေါ်ပြထားပါတယ်။ လောက်ကိုင်မြို့ကအခြေအနေတွေဟာ အရင်လိုပုံမှန် ပြန်မဖြစ်သေးပဲ မြို့ခံတွေ စိုးရိမ်နေရဆဲပဲလို့ ကိုးကန့် တပ်ဖွဲ့ရဲ့ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“ကျနော်ကြားသိသလောက်တော့ နည်းပါတယ်၊ ပြန်တာ၊ ညကျတော့ သူတို့ အဲဒီမှာ လောက်ကိုင်မှာ မအိပ်ရဲပါဘူး။ ဘာလို့လဲဆိုတော့ ပြန်တဲ့လူတွေ၊ လူငယ်တွေပေါ့။ အထူးသဖြင့်၊ လူငယ်တွေကလည်း အသတ်ဖြတ်ခံရတာတွေလည်းရှိတယ်။ အရင်တုန်းကလောက် မများပေမယ့် ရှိတယ်။ ဒီလို နေ့ခင်းကြောင်တောင်ကြီးမှာလည်း သတ်ဖြတ်ခံရတာ ရှိသေးတယ်ဗျ။ အဲဒါကြောင့်မို့လို့ပါ၊ ညဆို ပိုစိုးရိမ်ရပါတယ်။ နေ့ပိုင်းလာပြီးတော့ ခနပြန်ပြီးတော့ အိမ်ကြည့်ပြီးတော့ ဒုက္ခသည်စခန်းကိုပဲ ပြန်သွားကြတယ်လို့ ပြောကြပါတယ်။ အဲဒီတော့ သွားလာတာတွေ တော်တော်လေးကို အဆင်မပြေဘူးဖြစ်ပါတယ်။”

ဒီလို အခြေအနေတွေကြောင့် ကိုးကန့်ဒေသခံ ဒုက္ခသည်တွေဟာ တရုတ်ပြည်ဖက်ခြမ်း နမ်ဆမ်းဒုက္ခသည်စခန်းမှာပဲ ခိုလှုံနေရဆဲဖြစ်ပါတယ်လို့ သူက ပြောပါတယ်။

“ကျနော်သိသလောက်ကတော့ တရုတ်ပြည်၊ နန်ဆမ်မြို့နယ်မှာ၊ မြို့နယ်မှာပေါ့နော- အဲဒီမှာပဲ ဒုက္ခသည်စခန်းတွေ ရှိတယ်ပြောတယ်။ အရင်တုန်းကတော့ တရုတ်ပြည်ဘက်က လုပ်ထားပေးတယ် ပြောတယ်။ အခုကျတော့ တရုတ်ရဲ့ကြက်ခြေနီအသင်းက လာပြီးတော့ အဓိကတာဝန်ယူပြီးတော့ လုပ်နေတယ်ပြောတယ်ဗျ။ အဲဒီမှာ နေနေကြတယ်။ ကျနော်ကြားတာတော့ နေရာထိုင်ခင်းလည်းပေးပါတယ်။ အစားအသောက်တွေလည်း ပေးပါတယ်။”

လက်ရှိအနေအထားတွေအပေါ် လေ့လာချက်အရ ရှေ့ဆက်တိုက်ပွဲအခြေနေတွေ တိုးမြင့်လာမယ်လို့ ခန့်မှန်းကြောင်း ဦးထွန်းမြတ်လင်းက သုံးသပ်ပါတယ်။

“အခု တပ်မ (၁၆) ကလည်းရောက်နေပြီ။ အဲဒီတော့ တော်တော်လေးကို များနေပါပြီ။ ကျနော်တို့ ကိုးကန့်ဒေသထဲမှာ တပ်မတွေကိုက အများကြီဖြစ်နေပြီ။ တကခ တွေကော။ တပ်မတော်ဘက် ကနေပြောတာတော့ အပြတ်ချေမှုန်းမယ်လို့တော့ ကြိမ်းမောင်းထားပါတယ်ခင်ဗျ။ ကျနော်တို့ကတော့ ဆက်လက်ပြီးတော့ ခုခံရုံပဲရှိပါတယ်။”

အစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ သတင်းထုတ်ပြန်ချက်မှာတော့ ကိုးကန့်တပ်ဖွဲ့ရဲ့ခြုံခို တိုက်ခိုက်မှုကြောင့် အစိုးရတပ် စစ်သည် ၃ဦး ကျဆုံးပြီး အရာရှိ ၅ဦး ဒဏ်ရာရခဲ့ကြောင်း ဖေါ်ပြထားပါတယ်။ မြန်မာအစိုးရနဲ့ စေ့စပ်ဆွေးနွေးဖို့ ကိုးကန့်တပ်ဖွဲ့က ကမ်းလှမ်းထားပေမယ့် ခုချိန်ထိ ဘာမှထူးခြားမှု မရှိသေးဘူးလို့ ကိုးကန့်တပ်ဖွဲ့က ပြောပါတယ်။

XS
SM
MD
LG