သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်စစ် အရှိန်မြင့်လာနိုင်


ကိုးကန့်စစ်ပြေးဒုက္ခသည်များ (ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅)
ကိုးကန့်စစ်ပြေးဒုက္ခသည်များ (ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅)

မြန်မာ့တပ်မတော်က ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့တွေကို လိုက်လံ ထိုးစစ် ဆင်နေရာမှာ ကိုးကန့်တပ်ဖွဲ့တွေ လှုပ်ရှားနေတဲ့ ကွမ်လုံမြို့ မြောက်ဖက်ဒေသ မှာ ဒီကနေ့ မနက်ပိုင်းနဲ့ ညနေပိုင်းတွေ က မြန်မာ့တပ်မတော်နဲ့ လက်နက်ကိုင် သူပုန်တပ်တွေကြား တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။ ဆက်သွယ်မေးမြန်း ထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ နှစ်ရက်လောက်က ကိုးကန့်ဒေသ လောက်ကိုင်မြို့ကို စစ်တပ်က အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အာဏာတွေ သိမ်းယူ ထိန်းချုပ်လိုက် ပြီးနောက် ဖေဖေါ်ဝါရီ (၁၉) မနက်ပိုင်းမှာတော့ လောက်ကိုင်မြို့မြောက်ဖက် တာရွှေထန်မြို့နားက ဖုန်းချွေရှမ်းနယ်မြေထဲမှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့သလို ဒီညနေမှာလဲ ကုန်းကြမ်း မြို့တဝိုက်မှာ နောက်ထပ် တိုက်ပွဲတွေ ထပ်ဖြစ်ခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ MNDAA ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

" ဟုတ်ပါတယ်။ မနက် ၇နာရီကနေ ၉နာရီလောက်ပေါ့၊ အဲ့လောက်အထိဖြစ်တယ်။ တစ်ပွဲ။ ဖုန်းခြွေရှမ်းမှာခင်ဗျ။ တာရွှေထန်နဲ့ နည်းနည်းလေး ပိုနီးတယ်။ မြန်မာ့တပ်မတော်ဘက်က သူတို့က အမြောက်နဲ့ လက်နက်ကြီးနဲ့ အရင်ထုတယ်။ ပြီးတော့ ကျည်တပ်ထိုးတယ်ပေါ့။ အခုလည်း တပွဲဖြစ်နေတယ်။ အဲ့တာ ကုန်းထန်း ပတ်ဝန်းကျင်ပေါ့။"
ကိုးကန့်တပ်ဖွဲ့ဖက်ကနေ အခြားတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း ကူပြီးတိုက်ပေးနေတယ်လို့ TNLA တအောင်းပလောင် လွတ်မြောက်ရေး တပ်ရဲ့ နိုင်ငံခြားရေးဌာနက ဗိုလ်ကြီးတာပန်လက ပြောပါတယ်။

" ကျနော်တို့ TNLA တအာင်းတပ်မတော်ပါတယ်။ ပြီးတော့ ရခိုင်တပ်မတော်၊ ကိုးကန့်တပ်မတော်ရယ် ကျနော်တို့ သုံးဖွဲ့ ပူးပေါင်းပြီးတော့
လှုပ်ရှားနေတာမျိုး ရှိပါတယ်။"

ရှေ့လာမယ့် သီတင်းပတ်တွေမှာ ကိုးကန့်ဒေသတွင်း စစ်ရေးအရှိန် ပိုမြင့်လာနိုင်တယ် လို့ ခန့်မှန်းကြောင်း ကိုးကန့်တပ်ဖွဲ့ ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက သုံးသပ်ပါတယ်။

" အင်း စစ်ရှိန်တော့ မြင့်မယ့်ပုံပေါ်တယ်။ လက်နက်ကြီးတွေ အများကြီးပို့ထားတယ်။ လူအင်အားရော တပ်အင်အားရော တင့်ကားပါ ပို့ထားတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဟက်စကီးနဲ့ပစ်တယ်ပေါ့။ အမ်အိုင် ၃၅ လို့ ပြောတယ်။ လေယာဉ်ပေါ်ပါတဲ့ စက်သေနတ်ကြီးတွေနဲ့ပစ်တယ်။ ပြီးတော့ ဗုန်းကြဲတယ်။ ပြီးတော့ အမ်အိုင်ဂျီ ၂၉ အဲ့တာနဲ့လည်း ပစ်တယ်။ အများဆုံးကတော့ ခုနက ကျနော်ပြောတဲ့ မနက်ပိုင်းတုန်းက တိုက်တဲ့နေရာကို အဓိက ထားပြီးတော့ တိုက်နေတယ်။"

ဒီအချက်ကို TNLA တပ်က ဗိုလ်ကြီးတာပန်လကလည်း သဘောတူပါတယ်။

" ကျနော်တို့ ခန့်မှန်းတာတော့ တိုက်ပွဲက စစ်ရေးအခြေအနေ ဆက်လက်ပြီးတော့ ပြင်းထန်နိုင် မယ့် အလားအလာမျိုးတွေ တွေ့နေရပါတယ်။ အခုကတော့ အထူးသဖြင့်ကတော့ လောက်ကိုင်ပတ်ဝန်းကျင် ၊ ကွမ်းလုံပတ်ဝန်းကျင်တွေမှာ အစိုးရတပ်ဘက်က တော်တော်လေး တင်းတင်းကျပ်ကျပ် ချထားတာမျိုးတွေရှိတယ်။ ပြီးတော့ ကျနော်တို့ရှိနိုင်မယ်လို့ ထင်တဲ့နေရာတွေကိုလည်း ပိုက်စိပ်တိုက်ရှာဖွေနေတာမျိုးတွေ ကျနော်တို့တွေ တွေ့ရတယ်တယ်ခင်ဗျ။ ပြိးတော့ အဲ့ဒီ့မှာ ဖွင့်ထားတဲ့ အိမ်ဆိုင်တွေ ရွာတွေမှာလည်း ဝင်ရောက်ပြီးတော့ ဖျက်ဆီးနေတာမျိုးတွေ ရှိတယ်လို့လည်း သိရှိရတယ်။ "

အခုလို စစ်ရေး အရှိန်မြင့်လာတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ကို ရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။

XS
SM
MD
LG