သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားနဲ့ဆွေးနွေးဖို့ တောင်ကိုရီးယားကမ်းလှမ်း


ကေဆောင်းစက်မှုဇုံ။
ကေဆောင်းစက်မှုဇုံ။
ကိုရီးယားနှစ်နိုင်ငံ ပူးတွဲလုပ်ဆောင်နေတဲ့ ကေဆောင်းစက်မှုဇုံ ပြန်လည် လည်ပတ်နိုင်ရေးနဲ့ ပတ်သက်ပြီး နောက်ဆုံး အကြိမ်အဖြစ် ဆွေးနွေး မှု ပြုလုပ်ဖို့ မြောက်ကိုရီးယားကို တောင်ကိုရီးယားဘက်က ကမ်းလှမ်းလိုက်ပါတယ်။

မြောက်ကိုရီးယားအာဏာပိုင်တွေထံ တရားဝင် ကမ်းလှမ်းချက်ကို တနင်္လာနေ့မှာ ပေးပို့မှာဖြစ်ကြောင်း နှစ်နိုင်ငံ နယ်စပ်အရေး တာဝန်ယူဆောင်ရွက်နေတဲ့ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန ဝန်ကြီး Ryoo Kihl-Jae (ရယို ခေလ် ဂျဲ) က သတင်းထောက်တွေကို တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ဆွေးနွေးပွဲ ဘယ်အချိန်မှာ ဖြစ်လိမ့်မယ် ဆိုတာကိုတော့ သူက မပြောပါဘူး။

မြောက်ကိုရီးယားအစိုးရအနေနဲ့ စက်မှုဇုံကို တဖက်သတ်ပိတ်ပစ်ခဲ့တဲ့အပေါ် တာဝန်ယူရလိမ့်မယ်လို့ ဝန်ကြီး ရယို က ပြောဆိုလိုက်ပြီး၊ နောင်မှာ ဒီလိုလုပ်ရပ်မျိုး မလုပ်ဖို့ အာမ ခံရလိမ့်မယ်လို့ ပြောပါတယ်။ ဒီလို မဟုတ်ခဲ့ရင် တောင်ကိုရီးယား နိုင်ငံအနေနဲ့ စက်မှုဇုံကိစ္စ ပူးပေါင်း လုပ်ဆောင်နေမှုကို ရပ်ဆိုင်းပစ်လိုက်ဖွယ်ရှိတယ်လို့ သူကဆက်ပြောပါတယ်။

မြောက်ကိုရီးယားအစိုးရကတော့ အခုလိုစက်မှုဇုံပိတ်ပစ်ခဲ့တာနဲ့ ပတ်သက်ပြီး တာဝန်ယူမှု မလုပ်နိုင်ဘူးလို့ ပြောဆိုထားပြီး အခုလိုလုပ်ရတာဟာ တောင် ကိုရီးယားနိုင်ငံက အမေရိကန်ပြည်ထောင်စုနဲ့ ပူးတွဲစစ်ရေးလေ့ကျင့် မှုတွေ ပြုလုပ်ပြီး ခြိမ်းခြောက်လာတဲ့အတွက် ဖြစ်ရတာလို့ ပြောဆိုပါတယ်။

ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ရေး ကြိုးပမ်းချက်တရပ်အနေနဲ့ တောင်ကိုရီးယားနိုင်ငံ က မြောက်ကိုရီးယားကို လူသားချင်း စာနာမှု အထောက်အကူ ၅ ကြိမ် ပို့ပေးမှာဖြစ်တယ်လို့ ဝန်ကြီး ရယိုး က ကြေညာလိုက်ပါတယ်။
XS
SM
MD
LG