သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ရန်စမှု ဒေသတွင်း အင်အားကြီး ၃နိုင်ငံသတိပေး


မြောက်ကိုရီးယားဘက်က ရန်လိုတဲ့အပြုအမူမျိုးကို နောင်မှာ သည်းခံမှာမဟုတ်ဘူးလို့ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတို့က ပြောလိုက်ပါတယ်။ မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်ဖောက်ခွဲမှု အသစ်လုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေတဲ့အချိန် ဒီသတိပေး ပြောဆိုချက် ထွက်လာတာပါ။

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် (Wen Jiabao)၊ ဂျပန်ဝန်ကြီးချုပ် ယိုရှိဟိကိုနိုဒ (Yoshihiko Noda) တို့နဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ တွေ့ဆုံအပြီး တောင်ကိုရီးယားသမ္မတ အီမြောင်ဘက် (Lee Myung-bak) က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားက မအောင်မြင်တဲ့ ဒုံးပျံ ပစ်လွှတ်မှု ပြီးခဲ့တဲ့လအတွင်း ပြုလုပ်ပြီးတဲ့နောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပိတ်ဆို့အရေးယူမှု အသစ်တွေ ထပ်မံ ချမှတ်ခဲ့တာပါ။ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အရ စမ်းသပ် ပစ်လွှတ်မှု မလုပ်ရဘူးလို့ ပိတ်ပင် တားမြစ်ထားတဲ့ တာဝေးပစ် ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခြင်း မပြုလုပ်ရဆိုတဲ့ ပိတ်ပင် တားမြစ်ချက်ကို ချိုးဖောက်ရာရောက်တယ်ဆိုပြီး အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ပြစ်တင် ဝေဖန် ခဲ့ကြတာပါ။

ဒီခေါင်းဆောင် ၃ ဦးဟာ အကောက်ခွန် ကင်းလွတ်တဲ့ ကုန်သွယ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲတွေ အခုနှစ်မကုန်ခင်မှာ စတင်ကြဖို့လည်း သဘောတူခဲ့ကြပါတယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်ကိုလည်း ခေါင်းဆောင် ၃ ဦးက လက်မှတ် ရေးထိုးခဲ့ကြတာပါ။

တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ အရှေ့အာရှတိုက်အတွင်း စီးပွား အကြီးဆုံး ၃ နိုင်ငံလည်း ဖြစ်ပါတယ်။

XS
SM
MD
LG