၁၉၅၀ ပြည့်လွန်နှစ် ကိုရီးယား စစ်ပွဲထဲက ကွဲကွာသွားခဲ့ကြတဲ့ တောင်ကိုရီးယား မိသားစုပေါင်း ၁၀၀ လောက်က ဆွေမျိုး ၄၃၅ ယောက်ကို တင်ဆောင်သွားတဲ့ ဘက်စ်ကားတွေဟာ မြောက်ကိုရီးယားဘက်ကို စနေနေ့က ဝင်ရောက်သွားခဲ့ကြပါတယ်။ မြောက်ကိုရီးယားနိုင်ငံက Mt. Kumgang အပန်းဖြေနေရာမှာ နှစ်နိုင်ငံကြားကွဲနေကြတဲ့ မိသားစုတွေ ၃ ရက်တာ ပြန်လည်တွေ့ဆုံကြမှာဖြစ်ပါတယ်။
ပြန်လည် ဆုံတွေ့ကြသူအများစုက အသက် ၈၀ ဝန်းကျင်တွေဖြစ်ကြပြီး သူတို့ မကွယ်လွန်ခင်မှာ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေကို ပြန်တွေ့ချင်ကြတယ်လို့ ပြောပါတယ်။ အဲဒီနေရာမှာပဲ ဒုတိယအသုတ် မိသားစုတွေ လာမယ့်ဗုဒ္ဓဟူးနေ့ကနေ သောကြာနေ့အထိ တွေ့ဆုံကြမှာဖြစ်တယ်လို့ တောင်ကိုရီးယား ပြန်လည် ပေါင်းစည်းရေးဝန်ကြီးက ပြောပါတယ်။
နှစ်နိုင်ငံကြား စစ်မဲ့ဇုံမှာ မြောက်ကိုရီးယားဘက်က သေနတ် ၂ ချက် ပစ်ဖောက်ခဲ့လို့ တောင်ကိုရီးယားဘက်ကလည်း ပြန်ပစ်ခတ်မှု သောကြာနေ့က ဖြစ်ခဲ့ပေမဲ့ ခုလို မိသားစုတွေ ပြန်လည် ဆုံတွေ့ပွဲကို မဖျက်ဘဲ လုပ်ခဲ့တာဖြစ်ပါတယ်။