သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အတွင်း လိင်ကျွန်ပြုခံရသူတွေအရေး ဂျပန်-ကိုရီးယား ပူးပေါင်းဖြေရှင်းမည်


သမ္မတ Park Geun-hye နဲ့ ဝန်ကြီးချုပ် Sinzo Abe တို့ တွေ့ဆုံဆွေးနွေး။
သမ္မတ Park Geun-hye နဲ့ ဝန်ကြီးချုပ် Sinzo Abe တို့ တွေ့ဆုံဆွေးနွေး။

တောင်ကိုရီးယားနဲ့ဂျပန် နှစ်နိုင်ငံအကြား ဆယ်စုနှစ်ပေါင်းများစွာ အငြင်းပွားနေရတဲ့ ကိစ္စရပ်တခုအပေါ် အမြန်ဆုံးဖြေရှင်းကြဖို့ သမ္မတ Park Geun-hye နဲ့ ဝန်ကြီးချုပ် Sinzo Abe တို့အကြား သဘောတူလိုက်ကြပါတယ်။

၂၀ ရာစုနှစ် ပထမထက်ဝက်ပိုင်းက ကိုရီးယားကျွန်းဆွယ်ကို ဂျပန်တို့ ရက်ရက်စက်စက် လုပ်ရပ်တွေနဲ့ သိမ်းပိုက်ထားခဲ့တဲ့ ကာလအတွင်း ကိုရီးယားအမျိုးသမီးတွေကို လိင်ကျွန်တွေ အဖြစ် အတင်းအဓမ္မစေခိုင်းခဲ့တဲ့အပေါ် အငြင်းပွားနေတာကို ဖြေရှင်းဖို့ သဘောတူလိုက်ကြတာပါ။

တနင်္လာနေ့က ဆိုးလ်မြို့တော်မှာကျင်းပတဲ့ နှစ်နိုင်ငံထိပ်သီးအစည်းအဝေး အတွင်း ခေါင်းဆောင်နှစ်ဦးအကြား အဲဒီလို သဘောတူလိုက်ကြတာပါ။ ၂၀၁၂ ခုနှစ်မှာ ဂျပန်ဝန်ကြီးချုပ် Abe အာဏာရလာပြီး ၂၀၁၃ ခုနှစ်မှာ မစ္စ Park အာဏာရလာပြီးကတည်းက ဆိုရင် ပထမဆုံး ထိပ်သီးဆွေးနွေးပွဲဖြစ်ပါတယ်။ ဂျပန်စစ်သားတွေအတွက် ပျော်တော်ဆက်တွေ အဖြစ် အတင်းအဓမ္မ ခိုင်းစေခံခဲ့ ရတဲ့ Comfort Women လို့ခေါ်တဲ့ အမျိုးသမီးတွေအရေးကို ဂျပန်နိုင်ငံက သင့်တင့်လျောက်ပတ်စွာ အသိအမှတ်ပြုဖို့ ဝန်ကြီးချုပ် Abe က တွန့်ဆုတ်နေခဲ့တာကြောင့် တိုက်ရိုက်တွေ့ဆုံဖို့ကို သမ္မတ Park က ငြင်းနေခဲ့တာပါ။

၁၉၁၀ ပြည့်နှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ကိုရီးယားကျွန်းဆွယ်ကို ဂျပန်တို့ သိမ်းပိုက်ထားခဲ့ချိန် အတွင်း စစ်အတွင်းကာလ လိင် ဖျော်ဖြေရေးစခန်းတွေမှာ အမျိုးသမီးတွေကို အတင်းအဓမ္မ ခိုင်းစေခဲ့တာပါ။ လိင်ဖျော်ဖြေရေးအတွက် ခိုင်းစေခံရတဲ့ အမျိုးသမီး တွေကိစ္စဟာ နှစ်နိုင်ငံကြား ဆက်ဆံရေးတိုးတက်ဖို့ရာမှာ အကြီးမားဆုံး အတားအဆီးဖြစ်တယ်လို့ သမ္မတ Park က ဝန်ကြီးချုပ် Abe ကိုပြောခဲ့တဲ့အကြောင်း သမ္မတ Park ရဲ့ အကြီးတန်း အကြံပေးတဦးကပြောပါတယ်။

XS
SM
MD
LG