ဒီကနေ့ သောကြာနေ့ မနက်အစောပိုင်းမှာ အိန္ဒိယသမုဒ္ဒရာ အာရေဗျပင်လယ်ထဲမှာ အပိုင်စီးခံထား ရတဲ့ နော်ဝေနိုင်ငံပိုင် ဓာတုဗေဒကုန်တင်သင်္ဘော Samho Jewelry ပေါ်က ဆိုးမားလီယာ ပင်လယ် ဓားပြရှစ်ဦးကို တောင်ကိုးရီးယားရေတပ်ရဲ့ အထူးကွန်မန်ဒိုတပ်ဖွဲ့က စီးနင်းတိုက်ခိုက် သုတ်သင်လိုက် ပါတယ်။ ဒီသင်္ဘောကို မော်လတာနိုင်ငံမှာ မှတ်ပုံတင်ထားပြီး တောင်ကိုးရီးယား Shamho သင်္ဘော ကုမ္ပဏီက စီမံခန့်ခွဲ ခုတ်မောင်းနေတဲ့ သင်္ဘောကြီးပါ။ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့ ရေယာဉ် ၀န်ထမ်း တောင်ကိုးရီးယား(၈) ဦး၊ မြန်မာ(၁၁) ဦး၊ အင်ဒိုနီးရှား(၂) ဦး၊ စုစုပေါင်း (၂၂) ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။
သင်္ဘောရဲ့ရေယာဉ်မှူးတဦးသာ ဒဏ်ရာအနည်းငယ် ရရှိခဲ့ပြီးတော့ ဆိုးမားလီယာ ပင်လယ်ဓားပြ ငါးဦးကို လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဆိုမားလီယာ အရှေ့ မြောက်ဘက်ကမ်းခြေကနေ ကီလိုမီတာ ၁,၃၀၀ အကွာ ပင်လယ်ပြင်မှာ ငါးနာရီကြာတဲ့ ဒီစစ်ဆင်ရေးကို အထူးကွန်မန်ဒိုအင်အား ၃၀၀ လိုက်ပါလာတဲ့ တောင်ကိုးရီးယားရေတပ်ရဲ့ ဖျက်သင်္ဘော Choi Young က ပြုလုပ်ခဲ့ပြီးတော့ နိုင်ငံတချို့က အားပေးကူညီခဲ့တာကို အသိအမှတ်ပြုပါတယ်လို့ တောင်ကိုးရီးယား သမ္မတအီမြောင်ဘတ်က ဒီကနေ့ ရုပ်မြင်သံကြားကနေ ကြေညာသွားခဲ့ပါတယ်။
သတင်းတွေမှာတော့ အိုမန် နိုင်ငံရေတပ်စစ်ရေယာဉ်တစီးက တောင် ကိုးရီးယားစစ်ရေယာဉ်ကို ကူညီ ဖို့ စစ်ဆင်ရေးနေရာကို ရောက်ရှိနေခဲ့တယ်လို့ ဖော်ပြကြပါတယ်။ အနာဂတ်မှာ တောင်ကိုးရီးယား နိုင်ငံသားတွေကို အခုလို အကြမ်းဘက်တိုက်ခိုက်မှုမျိုးကို ဘယ်တော့မှ သည်းညည်းမခံဘူးလို့ သမ္မတ အီမြောင်ဘတ်က ပြောဆိုခဲ့ပြီး ဒီစစ်ဆင်ရေးမှာ ပါဝင်ခဲ့သူအားလုံးကို ချီးကျူးစကားပြော ကြားခဲ့ပါ တယ်။
ပြီးခဲ့တဲ့စနေနေ့က အာရပ်စော်ဘွားများပြည်ထောင်စု UAE ကနေ သီရိလင်္ကာကို ခုတ်မောင်းနေတဲ့ ဒီ ဓာတုဗေဒကုန်တင် သင်္ဘော ကြီးကို Muscat ဆိပ်ကမ်းမြို့ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၆၅၀ အကွာ ပင်လယ်ပြင်မှာ ဆိုးမားလီးယားပင်လယ်ဓားပြတွေက အပိုင်စီးခဲ့တာဖြစ်ပါတယ်။