သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယားကူးတို့သင်္ဘောမှောက် ၄ ဦးသေဆုံး ၂၉၀ ပျောက်နေဆဲ


တောင်ကိုရီးယားနိုင်ငံတောင်ပိုင်း ကမ်းခြေတနေရာမှာ ဗုဒ္ဓဟူးနေ့က ခရီးသည်တင်သင်္ဘော မှောက်သွားတဲ့အတွက် အနည်းဆုံး လူ ၄ သေဆုံးပြီး၊ နောက်ထပ် ၃၀၀ နီးပါး ပျောက်ဆုံးနေတယ်လို့ အရာရှိတွေက ပြောပါတယ်။

ကျောင်းသားလူငယ် အများစုပါဝင်ပြီး ခရီးသည် စုစုပေါင်း ၄၅၉ ယောက် တင်လာတဲ့ အဲဒီသင်္ဘောဟာ Jeju အပန်းဖြေစခန်းကို ဦးတည်သွားနေစဉ် ရာသီဥတု သာယာနေတဲ့အချိန် တိမ်းမှောက်သွားတာ ဖြစ်ပါတယ်။ အခုချိန်ထိတော့ လူပေါင်း ၁၆၀ လောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ သက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

အများစုဟာ တပိုင်းတစ မြုပ်နေတဲ့ သင်္ဘောအောက်က ၁၂ Degree Celsius အောက် အေးတဲ့ ရေထဲမှာ ပိတ်မိနေကြတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ကြီးမားတဲ့ ကယ်ဆယ်ရေးလုပ်ငန်းကို လုပ်ဆောင်နေပြီလို့ တောင်ကိုရီးယား လုံခြုံရေးနဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး Lee Gyeong-og က ပြောပါတယ်။

“ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ရဟတ်ယာဉ် ၁၈ စင်းနဲ့အတူ မီးသတ်အဖွဲ့၊ ကမ်းခြေစောင့်တပ်၊ ရေတပ်၊ ရဲတပ်ဖွဲ့တွေကို ပို့ထားတဲ့အကြောင်း၊ ကမ်းခြေစောင့်တပ်ဖွဲ့က ရေယာဉ် ၃၄ စင်းနဲ့ ရေတပ်က သင်္ဘော ၂၅ စင်းကိုလည်း စေလွှတ်ထားကြောင်း ပြောသွားတာ ဖြစ်ပါတယ်။”

တောင်ကိုရီးယားက Navy Seal အထူးတပ်ဖွဲ့တွေ ရှာဖွေနေကြပြီဖြစ်ပေမဲ့ ပိတ်မိနေသူတွေ အသက်ရှင်ဖို့ သိပ်မလွယ်ဘူးလို့ အရာရှိတွေက ပြောပါတယ်။ အမေရိကန် ရေတပ်သင်္ဘောနဲ့ ကုန်းနဲ့ရေ ၂ ခုစလုံး အသုံးပြုလို့ရတဲ့ ယာဉ်တွေကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကူညီ ပါဝင်နေတယ်လို့ ဆိုပါတယ်။ အသက်မသေဘဲ ကယ်တင်နိုင်တဲ့သူတွေကို အနီးနားမှာရှိတဲ့ Jindo ကျွန်းပေါ်ကို ခေါ်ဆောင်သွားပါတယ်။ သင်္ဘော ဘာကြောင့်မှောက်တယ်ဆိုတာတော့ အခုချိန်ထိ အတိအကျ မသိရသေးပါဘူး။
XS
SM
MD
LG