သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား စေ့စပ်ကမ်းလှမ်းမှု အမေရိကန်နဲ့ တောင်ကိုရီးယား လက်မခံ


မြောက်ကိုရီးယား စေ့စပ်ကမ်းလှမ်းမှု အမေရိကန်နဲ့ တောင်ကိုရီးယား လက်မခံ
မြောက်ကိုရီးယား စေ့စပ်ကမ်းလှမ်းမှု အမေရိကန်နဲ့ တောင်ကိုရီးယား လက်မခံ

တင်းမာမှုတွေ လျော့ကျအောင် စေ့စပ်ဆွေးနွေးမှုတွေ လုပ်ဖို့ မြောက်ကိုရီးယား အစိုးရဘက်က နောက်ဆုံး ကြိုးပမ်းချက်ကို တောင်ကိုရီးယားနဲ့ အမေရိကန် အစိုးရတွေက လက်မခံဘဲ ပယ်ချလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗွီအိုအေ သတင်းထောက် စတိဗ် ဟာမန်း (Steve Herman) ဆိုးလ်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ကြိုတင်သတ်မှတ်ချက်တွေ မထားရှိဘဲ စေ့စပ်ဆွေးနွေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်သွားဖို့ မြောက်ကိုရီးယား အစိုးရဘက်က ကမ်းလှမ်းပြီး တရက်အကြာမှာ တောင်ကိုရီးယား အာဏာပိုင်တွေက ဒီကမ်းလှမ်းမှုကို လက်မခံဘဲ ပယ်ချလိုက်ပါတယ်။

မြောက်ကိုရီးယား အစိုးရ အနေနဲ့ သူတို့ရဲ့ ရိုးသားမှုကို ပါးစပ်က ပြောနေတာထက် ပိုပြီးတော့ လုပ်ပြဖို့ လိုတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကင်မ်ရောင်ဆမ်း (Kim Young-sun) က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

“မြောက်ကိုရီးယားဟာ အရင်တုန်းက ယူရေနီယံ သန့်စင်တဲ့စက်ရုံ သူတို့မှာ မရှိဘူးလို့ ငြင်းဆန်ထားပြီးတော့ အခုတော့ ရှိတယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ ဒီလို လုပ်နေတာတွေဟာ နိုင်ငံတကာ အသိုင်းအဝိုင်းက မျှော်လင့်ထားတာတွေနဲ့ ဆန့်ကျင်နေပါတယ်။ စကားတွေကနေ မဟုတ်ဘဲ တိကျတဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ အခြေခံပြီးတော့ ရိုးသားမှုကို တိုင်းတာသွားမှာ ဖြစ်တယ်။” လို့ သူက ပြောသွားတာပါ။

တောင်ကိုရီးယား အစိုးရ အာဏာပိုင်တွေ အနေနဲ့ စေ့စပ်ဆွေးနွေးမှု အသစ်လုပ်ဖို့ ဆန္ဒရှိပုံ မရပေမဲ့လည်း မြောက်ကိုရီးယားဘက်က နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီးတော့ အစိုးရအဖွဲ့ အတွင်းမှာ ဆွေးနွေးပြောဆိုမှုတွေတော့ ရှိတယ်လို့ မစ္စတာ ကင်မ်က ပြောပါတယ်။

ဆွေးနွေးမှုတွေ လုပ်ဖို့အတွက်ဆိုရင် သင့်တော်တဲ့ အကြောင်းအရာတွေ ရှိဖို့ လိုအပ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောလိုက်ပါတယ်။ အဲဒီထဲမှာ မြောက်ကိုရီးယား အစိုးရဘက်က သူတို့ရဲ့ နျူကလီးယား လက်နက်တွေကို ဖျက်သိမ်းမယ်ဆိုပြီး အရင်တုန်းက ကတိပြု ပြောဆိုထားတာတွေကို တိုးတက်အောင် လုပ်ပြဖို့ လိုတယ်ဆိုပြီး တောင်ကိုရီးယား အစိုးရ ပြောဆိုချက်ကို ထောက်ခံပြီးတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

ဆွေးနွေးမှုတွေလုပ်ဖို့ နောက်ဆုံး ထုတ်ဖော် ပြောလိုက်တဲ့ တွန်းအားပေးမှုတွေထဲမှာ တောင်ကိုရီးယား အစိုးရ တာဝန်ရှိသူတွေ အပါအဝင် နိုင်ငံရေး ပါတီတွေနဲ့ စေ့စပ်ဆွေးနွေးမှုတွေ လုပ်ဖို့ မြောက်ကိုရီးယား အစိုးရဘက်က ကမ်းလှမ်းခဲ့ပါတယ်။ မြောက်ကိုရီးယား သတင်းအေဂျင်စီတွေကနေ ဖော်ပြခဲ့တဲ့ အဲဒီ ကြေညာချက်ထဲမှာ ကိုရီးယား ၂ နိုင်ငံကြား ပြဿနာတွေကို ကြိုတင်ကန့်သတ်ချက်တွေ မထားဘဲ ပြောဆိုဆွေးနွေးကြဖို့ တောင်းဆိုထားပါတယ်။

မြောက်ကိုရီးယား အစိုးရဘက်က ရန်လို တိုက်ခိုက်မှုတွေ ဖြစ်ပြီးတဲ့နောက်မှာ အခုလိုမျိုး စေ့စပ်ဆွေးနွေးမှုတွေ လုပ်ဖို့ ပြောဆိုလာတာ ဖြစ်ပါတယ်။ မြောက်ကိုရီးယား စစ်တပ်က တောင်ကိုရီးယားကျွန်းကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၄ ယောက် သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လတုန်းကလည်း တောင်ကိုရီးယား ရေတပ်သင်္ဘော ချိုနန် ပေါက်ကွဲ နစ်မြုပ်မှုကြောင့် သင်္ဘောသား ၄၆ ယောက် သေဆုံးခဲ့ပါတယ်။ နိုင်ငံတကာ စုံစမ်းစစ်ဆေးသူတွေကတော့ ဒီပေါက်ကွဲမှုဟာ မြောက်ကိုရီးယားရဲ့ တော်ပီဒို ထိမှန်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယား အစိုးရဘက်ကတော့ ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက် မဟုတ်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။

အဲဒီအဖြစ်အပျက် ၂ ခုကြောင့် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေဟာ အမြင့်ဆုံးအဆင့်ကို ရောက်ရှိလာပြီး တဘက်နဲ့ တဘက် အင်အား အပြည့်အဝသုံးပြီး စစ်ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

အမေရိကန် အထူးကိုယ်စားလှယ် စတီဗင် ဘော့စ်ဝါ့သ် (Steven Bosworth) ဟာ မြောက်ကိုရီးယားကို ဘယ်လိုချဉ်းကပ်ကြမယ် ဆိုတာကို ဆွေးနွေးဖို့အတွက် အာရှနိုင်ငံ အတော်များများကို သွားရောက်နေပါတယ်။ မစ္စတာ ဘော့စ်ဝါ့သ်ဟာ ဆိုးလ်မြို့မှာ မနေ့က ကိုရီးယား အာဏာပိုင်တွေနဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး ဒီကနေ့မှာတော့ ဘေဂျင်းမြို့မှာ ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ဂျပန်နိုင်ငံ တိုကျိုမြို့ကို သွားရောက်ပြီးတော့ ဂျပန်အာဏာပိုင်တွေနဲ့လည်း ဆွေးနွေးမှုတွေ လုပ်သွားမှာ ဖြစ်ပါတယ်။

စေ့စပ်ဆွေးနွေးမှုတွေကို မကြာခင် ပြန်လုပ်နိုင်ဖို့ မျှော်လင့်တဲ့အကြောင်း မစ္စတာ ဘော့စ်ဝါ့သ်က ဆိုးလ်မြို့မှာ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန် အနေနဲ့ တောင်ကိုရီးယားနိုင်ငံကို စေ့စပ်ဆွေးနွေးမှုတွေ လုပ်ဖို့အတွက် ဘယ်တော့မှ ဖိအားပေးသွားမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

တရုတ်နိုင်ငံကတော့ ကိုရီးယား ၂ နိုင်ငံအပြင် ရုရှား၊ ဂျပန်နဲ့ အမေရိကန်နိုင်ငံတွေ ပါဝင်တဲ့ ၆ နိုင်ငံ ဆွေးနွေးပွဲ ပြန်စဖို့ တောင်းဆိုနေပါတယ်။ ၆ နိုင်ငံ ဆွေးနွေးပွဲကို မြောက်ကိုရီးယားက နျူကလီးယား အင်အားကြီးနိုင်ငံ ဖြစ်ဖို့ကိစ္စ စွန့်လွှတ်မယ်လို့ ပြောပြီး ၂ နှစ်အကြာ ၂၀၀၃ ခုနှစ်က စတင်ခဲ့တာပါ။ ဒါပေမဲ့ ၆ နိုင်ငံ ဆွေးနွေးပြောဆိုတာတွေဟာ ၂၀၀၈ ခုနှစ်မှာ ရပ်ဆိုင်းခဲ့ပြီး မြောက်ကိုရီးယားကလည်း ၂၀၀၉ ခုနှစ်မှာ ဒီဆွေးနွေးပွဲကနေ ထွက်ပြီး နျူကလီးယားလက်နက် စမ်းသပ်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။

XS
SM
MD
LG