ကိုရီးယားကျွန်းဆွယ်ပေါ်မှာ စစ်ဖြစ်လုလု အလွန့်အကျွံတင်းမာနေတာကို လျော့ပါးအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းကြဖို့ တောင်နဲ့မြောက်ကိုရီးယား နှစ်နိုင်ငံလုံးကို တရုတ်က ဖိအားတိုးမြှင့်ပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့လက မြောက်ကိုရီးယားက ပစ်ခတ်ခဲ့တဲ့ တောင်ကိုရီးယားဘက်က ကျွန်းပေါ်မှာ တောင်ကိုရီးယား တပ်ဖွဲ့တွေက တကယ့် လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ကျင့်ဖို့ စီစဉ်ထားတာကို စိုးရိမ်မကင်းဖြစ်မိကြောင်း တရုတ်နိုင်ငံက နှစ်နိုင်ငံလုံးက သံအမတ်ကြီးတွေကို ဆင့်ခေါ် ပြောဆိုခဲ့ပါတယ်။
အဲဒီလို စစ်ရေးလေ့ကျင့်ရင် ပြီးခဲ့တဲ့လက ပစ်ခတ်ခဲ့တာထက် ပိုပြီး ဆိုးဆိုးဝါးဝါး တိုက်ခိုက်ဖို့ မြောက်ကိုရီးယားက ပိုင်းဖြတ်ထားပါတယ်။ ရာသီဥတု ဆိုးဝါးလှတဲ့အတွက် ယောင်ဖြွန်းကျွန်းပေါ်မှာ စနေနေ့က စစ်ရေး လေ့ကျင့်မယ့် အစီအစဉ်ကို တောင်ကိုရီးယားက ရွှေ့ဆိုင်းခဲ့ပါတယ်။ ဒါပေမဲ့ တနင်္လာ ဒါမှမဟုတ် အင်္ဂါနေ့တွေမှာ လေ့ကျင့်မယ်လို့ မျှော်လင့်ထားကြောင်း စစ်တပ် အရာရှိတစ်ဦးက ဆိုပါတယ်။ တောင်ကိုရီးယားမှာ အဲဒီလို စစ်ရေးလေ့ကျင့်ခွင့် ရှိပါတယ်လို့ သူက ပြောပါတယ်။
အခြေအနေကို ဆွေးနွေးဖို့ ရုရှားက တောင်းဆိုခဲ့တဲ့အတွက် အဖွဲ့ဝင် ၁၅ ဦးပါ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးကို ကျင်းပဖို့ တနင်္ဂနွေနေ့မှာ ခေါ်ထားပါတယ်။ တကယ့်လက်နက်တွေနဲ့ ပစ်ခတ်လေ့ကျင့်မယ့် အစီအစဉ်ကို အလွန်အမင်း စိုးရိမ်မိကြောင်း ရုရှားက ပြောပါတယ်။