အသေအပျောက်များခဲ့တဲ့ ရေတပ်သင်္ဘော တိုက်ခိုက်မှုအတွက် မြောက်ကိုရီးယားက တာဝန်ရှိတာကြောင့် ဒီကိစ္စအပေါ် တုံ့ပြန်မယ့် စီမံကိန်းအကြောင်းကို တောင်ကိုရီးယားသမ္မတ က အပြင်းထန်ဆုံး စကား အသုံးအနှုံးတွေနဲ့ ဆိုးလ်မြို့ မှာ ပြောကြားသွားခဲ့ပါတယ်။ မြောက်ကိုရီးယားကို အပြစ်ပေးမယ့် နည်းလမ်းစုံကို တောင်ကိုရီးယားက ချပြလိုက်ပါတယ်။ ဒီ အထဲမှာ မြောက်ကိုရီးယားက သေနတ်နဲ့ တုံ့ပြန်လာမယ့်ကိစ္စလည်း ပါဝင်ပါတယ်။ ဆိုးလ်မြို့ ကနေပို့ထားတဲ့ Kurt Achin ရဲ့ သတင်းဆောင်းပါးကို ဦးတင်မောင်သန်းက တင်ပြထားပါတယ်။
ကိုရီးယား နှစ်နိုင်ငံကြား နယ်စပ်မှာ လော်စပီကာ အသံချဲ့စက်တွေ တပ်ဆင်မယ်ဆိုရင် အဲဒီ ပစ္စည်းတွေကို သေနတ်နဲ့ပစ်မယ်လို့ မြောက်ကိုရီးယားက တနင်္လာနေ့မှာ သတိပေးလိုက်ပါတယ်။
နယ်စပ်တဘက်ကနေ လော်စပီကာတွေနဲ့ အသံလွှင့်တာကို ပြန်စမယ့်အစီအစဉ်ဟာ တောင်ကိုရီးယားအစိုးရက လုပ်ဆောင်မယ်ဆိုတဲ့ အစီအစဉ်တွေထဲက အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ၁၉၅၀ ခုနှစ်များအတွင်းကဖြစ်ခဲ့တဲ့ ကိုရီးယားစစ်ပွဲကတည်း တောင်ကိုရီးယားက နယ်စပ်တစ်ဘက်ကနေ အသံလွှင့်ခဲ့တာပါ။ ဒါပေမဲ့ မြောက်ကိုရီးယားနဲ့ ထိတွေ့ဆက်ဆံမယ့် မူဝါဒကြောင့် အဲဒီလို အသံလွှင့်တာ လွန်ခဲ့တဲ့ ၆ နှစ်က ရပ်သွားခဲ့ပါတယ်။
မြောက်ကိုရီးယားက ရက်စက်ကြမ်းကြုတ်တာတွေကို တောင်ကိုရီးယားက အမြဲ သည်းခံခဲ့ ပါတယ်လို့ မစ္စတာအီလ်က ဆိုပါတယ်။ ဒါပေမဲ့ ခုအခါမှာတော့ ဖြစ်နေတဲ့ကိစ္စက အရင်နဲ့ မတူတော့ဘူးလို့ သူက ပြောပါတယ်။ ရန်စတဲ့လုပ်ရပ်နဲ့ လျော်ညီမယ့်အပြစ်ကို မြောက်ကိုရီးယား ခံရမယ်လို့ သူကဆိုပါတယ်။
မတ်လအတွင်းက တောင်ကိုရီးယား ရေတပ်သင်္ဘောဟာ ပေါက်ကွဲပြီး နှစ်ပိုင်းပြတ်သွားခဲ့တဲ့ အတွက် သင်္ဘောသား ၄၆ ယောက် သေဆုံးခဲ့ကြပါတယ်။ အဲဒီလို ပေါက်ကွဲခဲ့တာက မြောက်ကိုရီးယားနဲ့ အငြင်းပွားနေတဲ့ ရေပြင် နယ်နိမိတ်နားမှာ ဖြစ်ခဲ့တာပါ။ မြောက်ကိုရီးယား ရေငုပ်သင်္ဘောကနေ တောင်ကိုရီးယားသင်္ဘောကို တော်ပီဒိုနဲ့ပစ်ခဲ့တာဖြစ်တယ်လို့ နိုင်ငံစုံ ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အထောက်အထားတွေနဲ့ တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတွေ့ရှိချက်ဆိုတာတွေက လုပ်ကြံထားတာတွေဖြစ်တယ်လို့ မြောက်ကိုရီးယားကဆိုပါတယ်။
ပူးပေါင်းဆောင်ရွက်နေတဲ့ နယ်ပယ်တွေ ထိခိုက်လိမ့်မယ်လို့ တစ်နိုင်ငံလုံးကို ရုပ်မြင် သံကြားကနေ မိန့်ခွန်းပြောရာမှာ သမ္မတ အီလ်မြောင်ဘတ်က ပြောပါတယ်။
ကိုရီးယားနှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ ဖလှယ်ရေးအစီအစဉ်တွေအားလုံး ရပ်ထားလိုက်ပြီလို့ မစ္စတာအီလ်က ပြောပါတယ်။ တောင်ကိုရီးယား ရေပြင်ပိုင်နက်ကို အခွင့်ထူးပေး ဖြတ်သန်းခွင့် ပြုထားတာကိုလည်း မြောက်ကိုရီးယားသဘောင်္တွေ ရရှိတော့မှာ မဟုတ်တော့ပါဘူး။
ဒါပေမဲ့ ချွတ်ခြုံကျနေတာကြောင့် မြောက်ကိုရီးယားကိုပေးနေတဲ့ လူသားချင်း စာနာ ထောက်ထားရေး အကူအညီတွေကိုတော့ ဆက်ပေးမယ်လို့ သမ္မတအီလ်က ပြောပါတယ်။
လုံခြုံရေးနဲ့ဆက်စပ်နေတဲ့ဌာနတွေက ၀န်ကြီးတွေဟာ ရှေ့လှမ်းရမယ့်ခြေလှမ်းတွေကို သတ်မှတ်ဖို့အတွက် လုပ်တောင့်လုပ်ခဲ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပခဲ့ပါ တယ်။ မြောက်ကိုရီးယားအပေါ် စိတ်ဓာတ်စစ်ဆင်ရေးစစ်ပွဲကို ပြန်လည် ဆင်နွှဲမယ်လို့ ကာကွယ်ရေးဝန်ကြီး Kim Tae-young က ပိုင်းဖြတ်ထားပါတယ်။ အမေရိကန်နဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု အသစ်တွေလည်းလုပ်မယ်လို့ ကတိပေးလိုက်ပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ဟာ ရေငုပ်သဘောင်္ာရန် ကာကွယ်ရေး စစ်လေ့ကျင့်မှုကို ပူးတွဲလုပ်ကြမယ်လို့ ကင်မ်က ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ ရေတပ်စွမ်းပကားကို ကာကွယ်ရာမှာ တိုးတက်လာအောင် အမေရိကန်နဲ့ တောင်ကိုရီးယားတပ်တွေက ပူးပေါင်းဆောင်ရွက်ကြမှာပါ။
မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ အရေးယူမှုအသစ်တွေ ချမှတ်ဖို့ကိစ္စကို တောင်ကိုရီးယားက လုံခြုံရေးကောင်စီ တင်ဖို့ရှိပါတယ်။
သဘောင်္နစ်သွားတဲ့ကိစ္စကို တုံ့ပြန်ရာမှာ တောင်ကိုရီးယားကို အမေရိကန်က အပြည်အ၀ ထောက်ခံကြောင်း သမ္မတ အိုဘားမားက ပြောပါတယ်။ အနာဂတ်မှာ တိုက်ခိုက်လာမှာကို တားဆီးပြီး အဆင်သင့်ဖြစ်နေတာ သေချာအောင် တောင်ကိုရီးယားနဲ့ နီးနီးစပ်စပ် အလုပ်လုပ်ဖို့ အမေရိကန်တပ်တွေကို သူ က အမိန့်ပေးပြီးပါပြီ။
အမေရိကန် တရုတ် ဆက်ဆံရေးကို ဘေကျင်းမှာ ကျယ်ကျယ်ပြန်ပြန့် ဆွေးနွေးနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ဒီကိစ္စနဲ့ပတ်သက်ပြီး အလေးအနက် ဆွေးနွေးနေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ် ဆွေးနွေးမှာတော့မဟုတ်ဘူးလို့ ဆိုပါတယ်။ အခြေအနေရဲ့ လေးနက်မှုကို တရုတ်အစိုးရက အသိအမှတ်ပြုပြီး တောင်ကိုရီးယားတုံ့ပြန်ချက်ကို နားလည်တယ်လို့ မစ္စကလင်တန်က ပြောပါတယ်။