နျူကလီးယား လက်နက်ဖျက်သိမ်းရေး ဆွေးနွေးပွဲစကားဝိုင်းကို မြောက်ကိုရီးယားနိုင်ငံ ပြန်ပါလာအောင် ကြိုးစားရေး ကိုရီးယားအရာရှိတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဟာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို ဒီကနေ့ ရောက်သွားပါပြီ။
နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ဟာ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ကင်မ်ဆွန်ဝမ်န် (Kim Sung-hwan) နဲ့ ဆိုးလ်မြို့မှာ တွေ့ဆုံခဲ့ပြီး မနက်ဖြန် တနင်္ဂနွေနေ့မှာ ဂျပန်နိုင်ငံကို ခရီးမဆက်မှီ သမ္မတ အီမြောင်ဘတ် (Lee Myung-bak) နဲ့ မနက်စာ စားရင်း ဆက်ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။
တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ၊ အမေရိကန်၊ တရုတ်၊ ဂျပန်နဲ့ ရုရှားတို့ပါဝင်တဲ့ မြောက်ရီးယား နျူကလီးယား အရေး စေ့စပ်ဆွေးနွေးနေကြတဲ့ ခြောက်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲတွေ ရပ်တန့်နေခဲ့တာ ၂နှစ် ကျော် ကြာခဲ့ပါပြီ။
မြောက်ကိုရီးယားအနေနဲ့ သူ့ရဲ့ နျူကလီးယား အစီအစဉ်တွေကို ဖျက်သိမ်းဖို့ အရင်ပေးထားခဲ့တဲ့ ကတိ တွေ ကို အမှန်တကယ် လိုက်နာ ဆောင်ရွက်ခြင်း မရှိသ၍ တွေ့ဆုံဆွေးနွေးပွဲတွေ ပြန်မစနိုင်ဘူးလို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပြောထားတာပါ။
မြောက်ကိုရီးယားအရေးအပြင် တောင်ကိုရီယားနဲ့ အမေရိကန်အကြား အစောပိုင်းက ရရှိထားတဲ့ ကုန်သွယ်ရေး သဘောတူညီမှု ကိစ္စကိုလည်း ဆွေးနွေးကြမယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ နှစ်နိုင်ငံ အကောက်ခွန်မဲ့ ကုန်သွယ်ရေးကိစ္စကို ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်ကတည်းက သဘောတူခဲ့ကြတာ ဖြစ်ပေမဲ့ နှစ်ဘက် လွှတ်တော်တွေက အတည်ပြုချက် မရနိုင်သေးဘဲ ကြန့်ကြာနေတာပါ။
အဲဒီ သဘောတူညီချက် အတည်ပြုနိုင်ရေးအတွက် နောက်ဆုံးအဆင့်ကို ရောက်နေပြီလို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က စနေနေ့မှာ ရည်ညွန်း ပြောကြားခဲ့ပါတယ်။