သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်နဲ့ဆွေးနွေးဖို့ တောင်ကိုရီးယား တံခါးဖွင့်ထားဆဲ


မြောက်နဲ့ဆွေးနွေးဖို့ တောင်ကိုရီးယား တံခါးဖွင့်ထားဆဲ

တောင်ကိုရီးယား သမ္မတက မြောက်ကိုရီးယားနိုင်ငံနဲ့ ဆွေးနွေး ပြောဆိုဖို့ တံခါးဖွင့်ထားဆဲပါပဲလို့ ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ စစ်ရေး စွန့်စားမှုတွေနဲ့ အောင်မြင်လိမ့်မယ်လို့ မျှော်လင့်လို့ မရနိုင်ဘူး ဆိုတာကို တောင်ကိုရီးယားရဲ့ ကာကွယ်ရေး မဟာဗျူဟာ အသစ်တွေနဲ့ ပြသဖို့ သမ္မတ အီမြောင်ဘတ်ခ် (Lee Myung-bak) က ကတိပြုထားပေမဲ့ မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖို့လည်း တံခါးဖွင့်ထားဆဲပါပဲလို့ ပြောဆိုလိုက်တာပါ။

မြောက်ကိုရီးယား နိုင်ငံဘက်က ရိုးသားမှုကို ပြသခဲ့မယ်ဆိုရင် တောင်ကိုရီးယားနိုင်ငံ အနေနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို တမုဟုတ်ချင်း တိုးပြီး လုပ်ဆောင်ဖို့ ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ သမ္မတ အီမြောင်ဘတ်ခ်က ဒီနေ့ နှစ်သစ်ကူး နှုတ်ခွန်းဆက် မိန့်ခွန်းမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၃ ရက်နေ့က ယောင်ဗြောင်းကျွန်းကို မြောက်ကိုရီးယားက တိုက်ခိုက်ခဲ့တဲ့ အဖြစ်မျိုး နောက်ထပ် ထပ်မကြုံရအောင် တောင်ကိုရီးယားနိုင်ငံ အနေနဲ့ ကာကွယ်ရေးစနစ် ပိုပြီးခိုင်မာအောင် ထူထောင်မှ ဖြစ်မယ်လို့ သမ္မတ အီမြောင်ဘတ်ခ်က ပြောဆိုလိုက်ပါတယ်။

ကိုရီးယားကျွန်းဆွယ် တည်ငြိမ်ရေး အမြန်ဆုံးနဲ့ အဖြစ်နိုင်ဆုံး ဖြေရှင်းသင့်ကြောင်းနဲ့ ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေး စည်းရုံးလှုံ့ဆော်ဖို့ ပိုပြီး စိတ်ပိုင်းဖြတ်ကြဖို့ လိုတဲ့အကြောင်း စသဖြင့် မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းတွေမှာ ဖော်ပြအပြီး ၂ ရက်အကြာမှာ သမ္မတ အီမြောင်ဘတ်ခ်က အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် အထူးကိုယ်စားလှယ် စတီဖင် ဘော့စ်ဝါ့သ် (Stephen Bosworth) ဟာ မနက်ဖြန် ဆိုးလ်မြို့ကို ရောက်ရှိမှာဖြစ်ပြီး ကိုရီးယားအရေး ဘယ်လိုခြေလှမ်းတွေ ဆက်သွားကြမလဲ ဆိုတာကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG