မြောက်ကိုရီးယားနဲ့ ၂ ရက်ကြာ စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုတွေဟာ သဘောတူညီချက် ဘာမှမရဘဲ ပျက်ပြားခဲ့ရတယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းမှာပဲ နယ်စပ်ဒေသက ပန်မွန်ဂျုံကျေးရွာမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲကနေ မြောက်ကိုရီးယား ကိုယ်စားလှယ်တွေ ထွက်သွားခဲ့ကြတာလို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာတုန်းက မြောက်ကိုရီးယားက တောင်ကိုရီးယားကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်တာတွေ ရှိခဲ့ရာက တင်းမာမှုတွေ ကြီးထွားလာနေတာနဲ့ ပတ်သက်လို့ ၂ ဘက် စစ်တပ်က အဆင့်မြင့် အရာရှိတွေကြား ဆွေးနွေးပွဲတွေ စီစဉ်နိုင်အောင် ရည်ရွယ်ပြီး တွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဆွေးနွေးမှုတွေ ပျက်ခဲ့တဲ့ အကြောင်းကိုတော့ အစိုးရ တာဝန်ရှိသူတွေက အသေးစိတ် မပြောပါဘူး။
ဒါပေမဲ့လည်း မနေ့တုန်းကနဲ့ ဒီကနေ့ ၂ ရက် အစည်းအဝေးပွဲအတွင်း အဆင့်မြင့် အရာရှိတွေရဲ့ ဆွေးနွေးပွဲတွေအတွက် တောင်ကိုရီးယားဘက်က သတ်မှတ်ချက် ၂ ခု ထားတဲ့အပေါ် မြောက်ကိုရီးယားဘက်က လက်မခံနိုင်ကြောင်း ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားကတော့ နိုဝင်ဘာလ ၂၃ ရက်နေ့တုန်းက ယောင်ဗြောင်းကျွန်းပေါ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အပေါ် မြောက်ကိုရီးယားက တောင်းပန်ဖို့နဲ့ မတ်လထဲမှာတုန်းက ချိုနန် စစ်သင်္ဘောကို ပစ်ခတ်နှစ်မြုပ်မှုအတွက် တာဝန်ရှိကြောင်း ဝန်ခံဖို့ တောင်းဆိုနေတာပါ။
မြောက်ကိုရီးယားကတော့ ချိုနန်သင်္ဘော နစ်မြုပ်မှုမှာ ပတ်သက်မှု မရှိဘူးလို့ ငြင်းဆန်နေတာဖြစ်ပြီး ယောင်ဗြောင်းကျွန်း ပြဿနာမှာလည်း တောင်ကိုရီးယားက ရန်စခဲ့တာလို့ ပြောဆိုထားတာ ဖြစ်ပါတယ်။