ကိုရီးယားကျွန်းဆွယ်မှာ စစ်ဖြစ်မယ့်အရေးကို ရှောင်ရှားဖို့ အရေးပေါ် ကြိုးစားတဲ့အနေနဲ့ တောင်နဲ့မြောက် ကိုရီးယားတာဝန်ရှိသူတွေ တနင်္ဂနွေနေ့ အစောပိုင်းက တွေ့ဆုံကြပြီးတဲ့နောက် ဆွေးနွေးပွဲတွေကို ဒီကနေ့ နေ့လယ်ပိုင်းအထိ ရွှေ့ဆိုင်းထားလိုက်ပါတယ်။
မြောက်ကိုရီးယားဘက်က နောက်ဆုံးသတ်မှတ်ရက် ပေးထားတဲ့ကြားမှာပဲ Panmunjom အပစ်ရပ်ကျေးရွာမှာ အဆင့်မြင့် ဆွေးနွေးပွဲတွေကို စနေနေ့က စတင်ခဲ့တာပါ။ တောင်ကိုရီးယားအနေနဲ့ ကွန်မြူနစ် မြောက်ကိုရီးယားဘက်ကို ဝါဒဖြန့် ထုတ်လွှင့်ချက်တွေကို အဆုံးသတ်ဖို့၊ နယ်စပ်တလျှောက်မှာ တပ်ဆင်ထားတဲ့ အသံချဲ့စက်တွေကို ဖြုတ်ပေးဖို့ မလုပ်ဘူးဆိုရင် စစ်ရေးအရ လုပ်ဆောင်မယ်လို့ မြောက်ကိုရီးယားဘက်က ခြိမ်းခြောက်ထားတာပါ။
နောက်ဆုံးသတ်မှတ်ရက်ဟာ ဖြစ်ရပ်တစုံတရာမရှိ၊ အသံချဲ့စက်တွေကို ဖြုတ်မပေးဘဲ ကျော်လွန်သွားပြီး မိနစ် ၉၀ ကြာပြီးတဲ့နောက် ဒေသစံတော်ချိန် စနေနေ့ညနေ ၆ နာရီမှာ စပြီး ဆွေးနွေးကြတာပါ။ ဆွေးနွေးပွဲတွေ တိုးတက်မှု ရှိမရှိ ဒါမှမဟုတ် ဘယ်လောက်ကြာကြာ ဆက်ဆွေးနွေးကြမယ် စတာတွေနဲ့ ပတ်သက်ပြီး သန်းခေါင်ကျော်ပြီး အတော်ကြာတဲ့ထိ မြောက်ကိုရီးယားဘက်ကရော တောင်ကိုရီးယားဘက်ကပါ ဘာသံမှ မကြားရပါဘူး။
ဝါရှင်တန်မြို့တော်မှာတော့ ကိုရီးယားကျွန်းဆွယ်က အခြေအနေနဲ့ပတ်သက်ပြီး သမ္မတ ဘရာ့ခ် အိုဘားမားကို မပြတ် အစီရင်ခံနေတယ်လို့ သမ္မတအိမ်ဖြူတော် တာဝန်ရှိသူတွေက ပြောပါတယ်။ ခိုင်မာတဲ့ရလဒ်တွေ မရဘူးဆိုရင်တောင်မှပဲ မာရသွန်ဆွေးနွေးပွဲတွေကြောင့် နောက်ထပ် ဘယ်လို စစ်ရေးလုပ်ဆောင်မှုကိုမဆို တုန့်ဆိုင်းသွားစေပြီး လက်ရှိအကျပ်အတည်းကို ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်ဖို့ရာ ကိုရီးယားနှစ်နိုင်ငံအတွက် အချိန်ထပ်ရစေတယ်လို့ လေ့လာသူတွေကပြောပါတယ်။