တောင်ကိုရီးယား စစ်တပ်ရဲ့ အဆင့်မြင့် နည်းပညာ လက်နက်တွေကို ရင်ဆိုင်ဖို့အတွက် မြောက်ကိုရီးယားဟာ အထူးတပ်ဖွဲ့တွေ၊ နျူကလီးယား လက်နက်တွေနဲ့ တာဝေးပစ် အမြောက်တွေကို ပိုအားထားလာနေပြီး သူ့ရဲ့ စစ်ရေးစွမ်းရည်တွေကို မြှင့်တင်လာနေတယ်လို့ တောင်ကိုရီးယားဘက်က ပြောလိုက်ပါတယ်။
ကြာသပတေးနေ့က ထုတ်ပြန်လိုက်တဲ့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ သုံးသပ်ချက်မှာ မြောက်ကိုရီးယားဟာ ကျားမုန်တိုင်းလို့ ခေါ်တဲ့ သံချပ်ကာ ကားအသစ်တွေကို တပ်ဖြန့်ထားတယ်လို့ ဆိုပါတယ်။ အဲဒီ သံချပ်ကာကားဟာ ယခင် ဆိုဗီယက် ပြည်ထောင်စုက T-72 အမျိုးအစား သံချပ်ကာ ကားအပေါ်မှာ အခြေခံ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်မြို့ကို ရုတ်တရက် အကြီးအကျယ် ဗုံးကြဲ တိုက်ခိုက်နိုင်တဲ့ အမြောက်တွေနဲ့ ဒုံးကျည်တွေကို ၂ နိုင်ငံ နယ်စပ်မျဉ်းနားမှာ ချထားတယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ကာကွယ်ရေးဆိုင်ရာ အကြံပေး စာတမ်းမှာတော့ မြောက်ကိုရီးယားကို ရန်သူလို့ ခေါ်ဆိုထားပြီး တောင်ကိုရီးယားကို တိုက်ခိုက်ထိုးဖောက် ဝင်ရောက်ပြီး အဓိကကျတဲ့၊ မဟာဗျူဟာ ပစ်မှတ်တွေကို တိုက်ခိုက်နိုင်ဖို့အတွက် မြောက်ကိုရီးယားမှာ လေ့ကျင့်ပေးထားတဲ့ အထူးတပ်ဖွဲ့ဝင် အင်အား ၂၀၀,၀၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။