ပြီးခဲ့တဲ့ အပတ်က မြောက်ကိုရီးယားက တိုက်ခိုက်ခဲ့တဲ့ ကျွန်းပေါ်မှာ ပစ်ခတ်လေ့ကျင့်မှုတရပ် အင်္ဂါနေ့မှာ လုပ်ဖို့ စီစဉ်ထားတာကို တောင်ကိုရီးယား စစ်တပ်က ရွှေ့ဆိုင်းလိုက်ပါတယ်။
နောက်နေ့မှာ ကျင်းပမယ့် တကယ် ပစ်ခတ်လေ့ကျင့်မှုအတွင်း ကျွန်းသူ ကျွန်းသားများ အနေနဲ့ ဗုံးခိုကျင်းတွေထဲမှာ ပုန်းအောင်းနေဖို့ တောင်ကိုရီးယား စစ်တပ်က အသံချဲ့စက်ကနေပြီး တနင်္လာနေ့က သတိပေး ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ နာရီ အတော်ကြာတဲ့ အခါမှာတော့ လေ့ကျင့်မှုကို ဆိုင်းထားလိုက်ကြောင်း ထပ်မံ ကြေညာပါတယ်။ မူလကြေညာချက်ဟာ ယောင်ဗြောင်းမှာရှိတဲ့ တပ်တွေက မှားယွင်း ကြေညာခဲ့တာ ဖြစ်တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။
ယောင်ဗြောင်းကျွန်းဟာ ကိုရီးယား နှစ်နိုင်ငံရဲ့ အငြင်းပွားနေတဲ့ ရေပိုင်နက် နယ်ခြားအနီးမှာ ရှိတာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားက သူပိုင်လို့ ပြောထားတဲ့ ရေပြင်က ကျွန်းကို ဝန်းရံနေပါတယ်။ ကျွန်းကနေ အငြင်းပွားနေတဲ့ ရေပြင်ထဲ အမြောက်တွေနဲ့ ပစ်ခတ်ခဲ့တာ အပါအဝင် တောင်ကိုရီးယား စစ်တပ်က စစ်ရေးလေ့ကျင့်ခဲ့တာကို တုံ့ပြန်သောအားဖြင့် မြောက်ကိုရီးယားက ယောင်ဗြောင်းကျွန်းကို ပြီးခဲ့တဲ့ အင်္ဂါနေ့က အမြောက်နဲ့ ပစ်ခတ်ခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ ပစ်ခတ်မှုကြောင့် တောင်ကိုရီးယား ကမ်းတက်တပ်သား ၂ ယောက်နဲ့ အရပ်သား ၂ ယောက်တို့ သေဆုံးခဲ့ကြရပြီး တောင်ကိုရီးယား တပ်တွေက ပြန်ပြီး အမြောက်နဲ့ ပစ်ခတ်ခဲ့ပါတယ်။
ထပ်မံတိုက်ခိုက်ရင် မြောက်ကိုရီးယား အနေနဲ့ ကောင်းကောင်း ပေးဆပ်ရလိမ့်မယ်လို့ တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ် (Lee Myung-bak) က တနင်္လာနေ့က ပြုံယမ်းကို သတိပေးခဲ့ပါတယ်။
တောင်ကိုရီးယား အစိုးရက ယောင်ဗြောင်းကျွန်းမှာ အမြောက်တွေ၊ ရော့ကက်လောင်ချာတွေ ထပ်ဖြည့် ချထားလိုက်ပါတယ်။
မြောက်ကိုရီးယား တပ်တွေကို တားဆီးမယ့် စစ်ရေးလေ့ကျင့်မှု တရပ်ကို အနီးက ပင်လယ်ဝါ ရေပြင်မှာ အမေရိကန်နဲ့ တောင်ကိုရီးယား ရေတပ်တွေက ဒုတိယနေ့အဖြစ် တနင်္လာနေ့တုန်းက စစ်ရေး လေ့ကျင့်ခဲ့ကြပါတယ်။
မကြာမီက တိုက်ခိုက်မှုနဲ့ မြောက်ကိုရီးယားမှာ နျူကလီးယား စက်ရုံအသစ် ရှိကြောင်း မြောက်ကိုရီးယားက ကြေညာခဲ့တဲ့အတွက် ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ အရေးယူထားတာကို ပို တင်းတင်းကျပ်ကျပ် လုပ်သင့်တယ်လို့ အိုဘားမား အစိုးရက ပြောပါတယ်။