သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ထပ်တိုက်မယ့် အလားအလာ တောင်ကိုရီးယား သတိပေး


မြောက်ကိုရီးယား ထပ်တိုက်မယ့် အလားအလာ တောင်ကိုရီးယား သတိပေး

မြောက်ကိုရီးယား အနေနဲ့ တောင်ကိုရီးယားကို နောက်ထပ် ထပ်ပြီး တိုက်ခိုက်မယ့်ပုံ ပေါ်နေပြီလို့ တောင်ကိုရီးယား ထောက်လှမ်းရေး အကြီးအကဲက ဒီနေ့ ပြောဆိုလိုက်ပါတယ်။

တောင်ကိုရီးယား အမျိုးသား ထောက်လှမ်းရေးဌာန အကြီးအကဲ ဝေါင်ဆေဟွန်း (Won Sei-hoon) က အင်္ဂါနေ့မှာ ပြုလုပ်တဲ့ လွှတ်တော် အစည်းအဝေးမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက သူတို့ရဲ့ ပြည်တွင်းရေး ပြဿနာတွေကို အာရုံလွှဲဖို့အတွက် နိုဝင်ဘာလ ၂၃ ရက်နေ့က တောင်ကိုရီးယားပိုင် ကျွန်းကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ကိုရီးယားကျွန်းဆွယ်အနီး ပင်လယ်ဝါအတွင်း အမေရိကန်နဲ့ တောင်ကိုရီးယား ရေတပ်တို့ ၄ ရက်ကြာ ပူးတွဲ စစ်ရေးလေ့ကျင့်မှု အဆုံးသတ်ခဲ့ပေမဲ့ နောက်ထပ် စစ်ရေး လေ့ကျင့်တာတွေ ဆက်လုပ်ဦးမယ်လို့ တောင်ကိုရီးယားနိုင်ငံက ပြောဆိုလိုက်ပါတယ်။

တချိန်တည်းမှာပဲ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံစလုံး အနေနဲ့ တင်းမာမှုတွေ မတိုးအောင် ရှောင်ကြပါလို့ တရုတ်နိုင်ငံက မေတ္တာရပ်ခံလိုက်ပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနကတော့ ဖြစ်နိုင်ရင် အစောဆုံး ဒီလထဲမှာပဲ အမေရိကန်နဲ့ နောက်တကြိမ် စစ်ရေးလေ့ကျင့်မှု အကြီးအကျယ် ထပ်လုပ်ဖို့ ဆွေးနွေးနေပြီလို့ ဒီနေ့ ပြောဆိုလိုက်ပါတယ်။

ရှေ့သီတင်းပတ်ကျရင်လည်း တောင်ကိုရီးယား စစ်တပ်တွေက တကယ့်ကျည်ပါ အမြောက်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ရေး လေ့ကျင့်တာတွေလုပ်ဖို့ စီစဉ်နေပါပြီ။

ပင်လယ်ဝါအတွင်း နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားနေတဲ့နေရာ တောင်ဘက်မှာရှိတဲ့ ဒေချွန်းကျွန်းအနီးမှာ စစ်ရေး လေ့ကျင့်ခန်းတွေ လုပ်မယ်လို့ တောင်ကိုရီးယား တပ်မှူးကြီးရဲ့ အပြောကို ကိုးကားပြီး ယွန်ဟပ်သတင်းမှာ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီး ယန်ဂျီးချီ (Yang Jiechi) က သက်ဆိုင်သူတွေ အားလုံး အေးအေးဆေးဆေးနဲ့ စစ်ရေး လေ့ကျင့်မှုတွေကိုလည်း ထိန်းထိန်းသိမ်းသိမ်း လုပ်သင့်တယ်လို့ တိုက်တွန်းလိုက်တဲ့အကြောင်း ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG