သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးလေ့ကျင့်မှုတွေကြောင့် နျူကလီးယားစစ်ပွဲ ဖြစ်နိုင်


စစ်ရေးလေ့ကျင့်မှုတွေကြောင့် နျူကလီးယားစစ်ပွဲ ဖြစ်နိုင်
စစ်ရေးလေ့ကျင့်မှုတွေကြောင့် နျူကလီးယားစစ်ပွဲ ဖြစ်နိုင်

တောင်ကိုရီးယားနဲ့ အမေရိကန် စစ်ရေး လေ့ကျင့်မှုတွေဟာ နျူကလီးယား စစ်ပွဲတခု ပေါ်ပေါက်လာစေနိုင်တယ်လို့ မြောက်ကိုရီးယား နိုင်ငံဘက်က သတိပေးချက်တွေ ထွက်လာအပြီး ချက်ချင်းဆိုသလိုပဲ တောင်ကိုရီးယား နိုင်ငံဘက်က ကမ်းခြေတလျှောက် လက်နက်ကြီးတွေနဲ့ စစ်ရေးပြမှုတွေရဲ့ ဒုတိယ သီတင်းပတ် အစီအစဉ်ကို စတင်လိုက်ပြီ ဖြစ်ပါတယ်။

တိုက်ခိုက်ရေး ဂျက်လေယာဉ်တွေနဲ့ မြောက်ကိုရီးယား နိုင်ငံဘက်က လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နိုင်တာကြောင့် တောင်ကိုရီးယား ပြည်သူတွေကို ထောင်ပေါင်းများစွာရှိတဲ့ မြေအောက် ဗုံးခိုကျင်းတွေထဲကို သွားရောက် ခိုအောင်းနိုင်ဖို့ အစီအစဉ် အပါအဝင် အရပ်သားတွေ ပါဝင်တဲ့ စစ်ရေးကာကွယ်မှု အစီအစဉ်တွေကိုလည်း တောင်ကိုရီးယား တပ်ဖွဲ့တွေက စီစဉ်နေတယ်လို့ သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံက အခုလို လက်နက်ကြီး လေ့ကျင့်မှုတွေ ဆက်လုပ်တာဟာ သူတို့အခေါ် ကိုးရီးယားကျွန်းဆွယ်အတွက် နျူကလီးယား စစ်ပွဲတခု ပေါ်ပေါက်လာအောင် အခြေအနေ ဖန်တီးမှုတွေ လုပ်တာ ဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံဘက်က ရှုတ်ချ ပြောဆိုလိုက်ပါတယ်။

ဒါပေမဲ့ ဒီစစ်ရေးလေ့ကျင့်မှု တခုကိုမှ ကိုရီးယားနှစ်နိုင်ငံ ရေနယ်နိမိတ်နားကို ကပ်ပြီးလုပ်မှာ မဟုတ်ဘူးလို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။

လောလောဆယ်မှာတော့ ကိုရီးယားကျွန်းဆွယ်မှာ ဖြစ်ပေါ်နေတဲ့ တင်းမာမှုဟာ ပိုပြီး အန္တရာယ် ကြီးထွားလာနေတယ်လို့ တနင်္လာနေ့က အီရတ်နဲ့ တွေ့ဆုံရာမှာ ထိပ်တန်း အမေရိကန် စစ်ဘက်အရာရှိကြီး တဦးက ပြောလိုက်ပါတယ်။

ပူးတွဲလေ့ကျင့်ရေး ဥက္ကဋ္ဌ အမေရိကန် ရေတပ် ဗိုလ်ချုပ်ကြီး မိုက်ခ် မူလန် (Mike Mullen) က မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်မ်ဂျုံအီလ် (Kim Jong-il) ရဲ့ သားကို အာဏာလွှဲပြောင်းဖို့ ပြင်ဆင်နေတဲ့ အချက်ကို ထောက်ပြပြီး အခုလို မှတ်ချက်ချခဲ့တယ်လို့ AP သတင်းဌာနက ကိုးကား ဖော်ပြထားပါတယ်။

XS
SM
MD
LG