သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆ ပွင့်ဆိုင် ဆွေးနွေးပွဲနဲ့ အဖြေရှာဖို့ တောင်ကိုရီးယား သမ္မတ တိုက်တွန်း


၆ ပွင့်ဆိုင် ဆွေးနွေးပွဲနဲ့ အဖြေရှာဖို့ တောင်ကိုရီးယား သမ္မတ တိုက်တွန်း
၆ ပွင့်ဆိုင် ဆွေးနွေးပွဲနဲ့ အဖြေရှာဖို့ တောင်ကိုရီးယား သမ္မတ တိုက်တွန်း

မြောက်ကိုရီးယားနိုင်ငံက သူ့ရဲ့ နျူကလီးယား လုပ်ငန်းစဉ်တွေကို လာမယ့်နှစ်ထဲမှာ ဖျက်သိမ်းဖို့ လုပ်ရမယ်လို့ တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ် (Lee Myung-bak) က ပြောကြားလိုက်ပါတယ်။ ဒီလို ဖျက်သိမ်းနိုင်ဖို့အတွက် မြောက်ကိုရီးယားနဲ့ ဒေသတွင်း အင်အားကြီး နိုင်ငံတွေရဲ့ ၆ နိုင်ငံ ဆွေးနွေးပွဲတွေနဲ့သာ လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ မစ္စတာအီက ပြောပါတယ်။

တောင်ကိုရီးယား သမ္မတက နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ ရှင်းလင်းပွဲမှာ အခုလို ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အရင်တုန်းက မြောက်ကိုရီးယား အနေနဲ့ ၆ နိုင်ငံ ဆွေးနွေးပွဲ စကားဝိုင်းတွေ မစခင် သူတို့ရဲ့ နျူကလီးယား လုပ်ငန်းစဉ်တွေကို ဖျက်သိမ်းဖို့ဆန္ဒ တကယ်ရှိကြောင်း အရင်ပြသဖို့ လိုအပ်တယ်လို့ သူပြောကြားခဲ့တဲ့အတိုင်း ဆက်ပြီး သဘောထား မထားတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။

နိုင်ငံခြားရေး ဝန်ကြီးဌာနက လာမယ့် ၂၀၁၁ ခုနှစ်အတွင်း ကိုရီးယားကျွန်းဆွယ်မှာ ၂ နိုင်ငံ ပြန်လည် သွေးစည်းလာရေးအတွက် ပြင်ဆင်နေမှုတွေနဲ့ မြောက်ကိုရီးယားဘက်က အပြုသဘော ပြောင်းလဲ လုပ်ဆောင်လာအောင် တိုက်တွန်းဖို့ တောင်းဆိုထားမှုတွေ အပါအဝင် အရေးပါတဲ့ မူဝါဒ ရည်မှန်းချက် ပန်းတိုင်တွေကို သမ္မတ အီမြောင်ဘတ်ကို ရှင်းလင်း ပြောပြခဲ့ကြတယ်လို့ နိုင်ငံခြားရေးဌာန အရာရှိတွေက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ သူတို့နိုင်ငံရဲ့ ဖခင်ကြီး ကင်အီလ်စွန်းရဲ့ မွေးနေ့ နှစ်ပတ်လည်အဖြစ် ၂၀၁၂ ခုနှစ်ထဲမှာ အင်အားကြီးမားပြီး ကြွယ်ဝချမ်းသာတဲ့နိုင်ငံ ဖြစ်လာစေဖို့ ရည်မှန်းချက်နဲ့ လုပ်ဆောင်နေတာမို့ လာမယ့်နှစ်ထဲမှာ သူ့နိုင်ငံရဲ့ နျူကလီးယား လုပ်ငန်းစဉ်တွေ ဖျက်သိမ်းတဲ့ကိစ္စကို အောင်မြင်အောင် ဆောင်ရွက်ဖို့ တောင်ကိုရီးယားဘက်က လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်းလည်း သမ္မတ အီမြောင်ဘတ်က ပြောပါတယ်။

XS
SM
MD
LG